<div style='background-color: none transparent;'></div>

Home » » အာဇာနည်နေ့အကြို သတင်းများ

အာဇာနည်နေ့အကြို သတင်းများ


ဒီနေ့ထုတ် အစိုးရသတင်းစာများထဲက အာဇာနည်နေ့အကြို သတင်း ၃ ပုဒ်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

မိတ္ထီလာမြို့လယ်က အာဇာနည်ကျောက်တိုင် ပြန်ဖွင့်ပြီ
မိတိတ္ထီလာ ဇူလိုင် ၁၇

မိတ္ထီလာမြို့လယ်မှ အာဇာနည်ကျောက်တိုင်ပြုပြင်မွမ်းမံခြင်းမပြုရသေးမီ အခြေအနေကို တွေ့ရစဉ်။


မိတ္ထီလာမြို့ မြို့မလေးရပ်ကွက် ပန်းတိမ်တန်းရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင် အာဇာနည် ကျောက်တိုင်ရှိသည်။

အာဇာနည်ကျောက်တိုင်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့ပြီး ၁၉၄၈ ခုနှစ်က မိတ္ထီလာမြို့၏ မြို့လယ်ကောင် ပန်းတိမ်တန်းရပ်ကွက်တွင် ဂုဏ်ပြု တည်ဆောက်ထားခဲ့သည်။



အာဇာနည်ကျောက်တိုင် ဆောက်လုပ်ပြီး နှစ်စဉ် ဇူလိုင် ၁၉ ရက်တွင် အာဇာနည် ကျောက်တိုင်သို့ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြသည်။ ဆွမ်းသွတ်အမျှအတန်းပေးဝေခဲ့ကြသည်။

ထို့နောက် နှစ်ပေါင်းများစွာ မကျင်းပဖြစ်ခဲ့ဘဲ ကျောက်တိုင်အနီးတွင် ကွမ်းယာဆိုင်နှင့် ထရန်စဖော်မာတို့ကိုသာ တွေ့ရသည်။

ခေတ်အဆက်ဆက် တိမ်မြုပ်ခဲ့ရသည့် မိတ္ထီလာမြို့လယ်မှ အာဇာနည်ကျောက်တိုင်ကို အစိုးရသစ်လက်ထက်တွင် ပြန်လည် မွမ်းမံလျက်ရှိရာ ကွမ်းယာဆိုင်ကို အာဇာနည်ကျောက်တိုင် အရှေ့ဘက်သို့ ရွှေ့ပြောင်းပေးခဲ့ပြီး အာဇာနည် ကျောက်တိုင်ဝင်း အတွင်း တပ်ဆင်ထားသည့် ထရန်စဖော်မာကိုလည်း လမ်းအရှေ့ဘက်သို့ ဇူလိုင် ၁၉ ရက်အမီ ရွှေ့ပြောင်းရန် စီစဉ်လျက်ရှိသည်။

ယခုအခါ မိတ္ထီလာမြို့ ပန်းတိမ်တန်းရပ်ကွက်ရှိ အာဇာနည်ကျောက်တိုင်ကို ထုံးဖြူသုတ်ခြင်း၊ အာဇာနည် ကျောက်တိုင်အတွင်းလမ်းများ အုတ်လမ်းခင်းခြင်း၊ ကျောက်တိုင်ဘေးပတ်လည်ရှိ အုတ်တံတိုင်းအား ဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရသည်။

မှေးမှိန်တိမ်မြုပ်နေခဲ့သည့် သမိုင်းဝင် အာဇာနည်ကျောက်တိုင်ကြီးသည် မားမားစွင့်စွင့်၊ ကြွားကြွားဝင့်ဝင့် ပြန်လည်ပေါ်ပေါက်လာသည့်အတွက် မြို့လူထုက ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုနေကြသည်။ (၁၁၁)

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) ဖွင့်လှစ်ထား
ရန်ကုန် ဇူလိုင် ၁၇

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချိုလမ်း(ယခင်တာဝါလိန်းလမ်း) ရှိ နေအိမ်၌ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၅ ခုနှစ် မေလမှစ၍ ကျဆုံးသည့် ၁၉-၇-၁၉၄၇ ရက်နေ့အထိ နေထိုင်ခဲ့သည်။

ဗိုလ်ချုပ်သုံးစွဲခဲ့သော အသုံးအဆောင်၊ ပရိဘောဂများ၊ ဓာတ်ပုံများ၊ ဗိုလ်ချုပ်ဖတ်ရှုခဲ့သောစာအုပ်များ၊ ဗိုလ်ချုပ် ဝတ်ဆင်ခဲ့သော အဝတ်အထည်များ၊ ဗိုလ်ချုပ်စီးခဲ့သော မော်တော်ကားတို့ကို ယဉ်ကျေးမှုဝန်ကြီးဌာနက စနစ်တကျ ထိန်းသိမ်း၍ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြည်သူလူထုနှင့် ပြည်ပလေ့လာသူများ ကြည့်ရှုလေ့လာနိုင်အောင် ဖွင့်လှစ်ပြသလျက်ရှိသည်။

ယခင်က အာဇာနည်နေ့တစ်ရက်တည်းသာ ဖွင့်လှစ်ပြသခဲ့ရာမှ ၂ဝ၁၂ ခုနှစ် မတ် ၅ ရက်မှစ၍ တနင်္လာ၊ အင်္ဂါနှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်လျက်ရှိသည်။

ဝင်ကြေးမှာ မြန်မာနိုင်ငံသား/နိုင်ငံခြားသား မခွဲခြားဘဲ လူကြီးငွေကျပ် ၃ဝဝ၊ သံဃာတော်/သီလရှင်၊ ကလေးငွေကျပ် ၁ဝဝ သတ်မှတ်ထားကြောင်း၊ အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်တွင်မူ အထူး အစီအစဉ်အဖြစ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့ ဖွင့်လှစ်ပြသမည်ဖြစ်သည်။ (သတင်းစဉ်)

၂ဝ၁၂ ခုနှစ် (၆၅)နှစ်မြောက် အာဇာနည်နေ့
အခမ်းအနားကျင်းပပုံ တိုက်ရိုက်ထုတ်လွှင့်မည်
နေပြည်တော် ဇူလိုင် ၁၇

ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် စတင်ကျင်းပမည့် ၂ဝ၁၂ ခုနှစ် (၆၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပပုံကို MRTV၊ MRTV-4 (၄) နှင့် Skynet ရုပ်သံလိုင်း အစီအစဉ်တို့မှ အခမ်းအနားကျင်းပရာ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်မှ တိုက်ရိုက် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
http://blog.irrawaddy.org/2012/07/blog-post_2798.html
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map