<div style='background-color: none transparent;'></div>

Home » » ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်

ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်

ပါကစ္စတန်နိုင်ငံရှိ တာလီဘန် အစွန်းရောက်အဖွဲ့တစ်ဖွဲ့မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါကြေညာချက်ထဲတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
ယင်းကြေညာချက်ကို ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သော Tehreek-e-Taliban Pakistan (TTP) အဖွဲ့မှ ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန် ယင်းကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟု ကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားမှုကို အေအက်ဖ်ပီ သတင်းဌာနတွင် ဖော်ပြထားပါသည်။ အဆိုပါအဖွဲ့မှာ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က မအောင်မြင်ဘဲဖြစ်ခဲ့သည့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Times Square ကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ကြိုးကိုင်ခဲ့သော အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းလည်း သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးမစ္စတာ အန်တိုနီယိုဂူတာရက်စ်နှင့် တွေ့ဆုံစဉ်တွင် တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းသည့်နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း စသည်တို့ကို ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်
eleven media group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map