<div style='background-color: none transparent;'></div>

Home » » မုဒုံက သံဃာ ၇ ပါး လူဝတ်လဲခံရဖွယ်ရှိ

မုဒုံက သံဃာ ၇ ပါး လူဝတ်လဲခံရဖွယ်ရှိ


မွန်ပြည်နယ် မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ မိုးကုတ် ၀ိပဿနာ ကျောင်းတိုက်နေ သံဃာတော် ၇ ပါး လူဝတ်လဲခံရဖွယ် ရှိကြောင်း သိရသည်။

ကျူးကျော် သံဃာများအဖြစ် တရားစွဲခံထားရသူများမှာ

၁။ ဦးစန္ဒာကုမာရ
၂။ ဦးခေမာစာရ

၃။ ဦးပညာသာရ
၎။ ဦးကုကုလ

၅။ ဦးဥာတိသာာ
၆။ ဦးဝံသနှင့်
၇။ ဦးစန္ဒဇောတိ တို့ဖြစ်သည်။

ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌက ၎င်းတို့ကို ဆိုဆုံးမမှု မနာခံဟု ဆိုကာ အရေးယူရန် ဆောင်ရွက်နေကြောင်း၊ ဂေါပကများဖြစ်သည့် ဦးရှမ်း၊ ဦးအေးချမ်း၊ ဦးကျော်ရှိန်၊ ဦးစံမြင့်၊ ဦးခင်မောင်၊ ဦးအောင်ညွန့်တို့က တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။



သံဃာများထံမှ သိရသည့် ဂေါပကအဖွဲ့၏ အပြုအမူများ

ဂေါပကအဖွဲ့ဦးရှမ်းတို့ လူစုကကျောင်းထိုင် ဆရာတော် ဦးပညာသာရကို အသက်အန္တရာယ် ခြိမ်းခြောက်ပြီး ကျောင်းကို ဂေါပကအဖွဲ့သို့ပေးကြောင်း ကတိခံဝန်စာ ရေးခိုင်းသည်။
ကျောင်းနေသံဃာတော်များကို အော်ဟစ်ဆဲဆိုသည်။ နှင်ထုတ်သည်။
ကျောင်းတိုက် ဆိုင်းဘုတ်ကို ဖျက်ဆီးသည်။
ကျောင်းပိုင်သော့များကို ကိုယ်ပိုင်သော့များဖြင့် ပြောင်းလဲခတ်သည်။

'' ဘုန်းကြီးတို့ ညှိနှိုင်းတယ်။ သူတို့ကလည်းသြ၀ါဒခံတယ်။ ဘာမှတော့ ဆိုဆုံးမတာကို မနာခံတာ မရှိဘူး။ မနာခံဘူးလို့လည်း ပြည်နယ်ကို စာမတင်ခဲ့ဘူး။ ဒါပေမဲ့ ဘာလို့ အခုလို သံဃာတွေ တရားစွဲခံရလည်း မပြောတတ်ဘူး'' ဟု မြို့နယ် သံဃနာယက ဆရာတော်က မိန့်သည်။

အထက်ပါဆရာတော်ကပင် သံဃာတော်များ လူဝတ်လဲ တရားစီရင်ခံရမည့် အရေးသည် မြို့နယ်အဆင့်ဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ပြည်နယ်အဆင့်နှင့် ဗဟိုအဆင့်က ဆောင်ရွက်ပေးမှသာ ရနိုင်မည်ဟု ဆိုသည်။

သံဃာတော်များ မတရား ခံရခြင်း ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်၊ မွန်ပြည်နယ် ၀န်ကြီးချုပ်တို့ထံသို့ သက်သေခံ စာရွက်စာတမ်းများ၊ ကျောင်းပိုင်မြေ ဖြစ်ကြောင်း အထောက်အထားများနှင့် တင်ပြ တိုင်ကြားထားသော်လည်း ဆောင်ရွက်ပေးခြင်း လုံးဝ မရှိသေးကြောင်း သိရသည်။

''ဘုန်းကြီးတွေ သင်္ကန်းဝတ်နဲ့ တရားရုံးမှာ တရား ရင်ဆိုင်နေရတယ်။ တရားစွဲခံရတဲ့ သံဃာတွေအတွက် စီရင်ချက်ရလာဒ်က လက်ထိပ်သံဖြစ်နေတယ်။ အမှန်တရားဘက် ရပ်တည်ပေးနိုင်မယ့် အင်အားမျိုး လုံးဝ မရှိဘဲ ဖိအားတွေပဲ ရှိနေတယ်'' ဟု ကူညီ ဆောင်ရွက်ပေးသည့်ဆရာတော်ဦးသုနန္ဒက ပြောသည်။

အဆိုပါကျောင်းတိုက်တွင် နေထိုင်လျက်ရှိသည့် သံဃာတော်များမှာ မြို့နယ် သံဃနာယကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၀ါဆိုသံဃာအဖြစ် တရားဝင်နေခွင့်ရထားသည်။ သို့သော်လည်း ကျောင်းတိုက်မှပင် ဖယ်ရှားရမည့် အခြေအနေသို့ ရောက်ရှိနေကြာင်း သိရသည်။

'' ကျောင်းတိုက်နေရာက လယ်မြေနေရာဟောင်းတွေ ဆိုတော့ အလှူရှင်လည်း ဆုံးပါးသွားတော့ ဂေါပကအဖွဲ့ထဲက လူတစ်ချို့က ဘုန်းကြီးတွေကို မောင်းထုတ်ပြီး ရိပ်သာလုပ်မယ် အကြောင်းပြတယ်။ တကယ်တော့ သူတို့က ဒီနေရာကို သိမ်းလို့ရရင် ပြန်ရောင်းစားပြီး ခွဲယူဖို့ လုပ်နေကြတာ'' ဟု ဘဲရမ်းဒေသခံ မိချမ်းထောမွန်က ပြောပြသည်။

ကျောင်းတိုက်မြေနေရာသည် မူလအမည်ပေါက် ဦးတင်ရွှေနှင့် ဦးအေးမြင့်သောင်းတို့ ပိုင်ဆိုင်ပြီး ယင်းနေရာတွင် သာသနာ ကျောင်းတိုက်တစ်ခု ဆောက်လုပ်ခဲ့ပြီး မုဒုံမြို့နယ်ရှိ ဂျုံးဂျုံးကျ သာသနာကျောင်းတိုက်မှ ဆရာတော်ဦင်္းပညာသာရကို အဆိုပါနေရာတွင် တိုက်အုပ်အဖြစ် နေထိုင် သီတင်းသုံးရန် ၂၀၀၄ ခုနှစ် မေ ၂၉ ရက်တွင် ပင့်ဖိတ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ဆရာတော်က ရန်ကုန်မြို့ မိုးကုတ် ၀ိပသနာကျောင်းတိုက် တိုက်ခွဲံ ဖွင့်လှစ်ခွင့် တင်ပြခဲ့ရာ စာအမှတ် ၁၈၇၊ ၉.၉.၂၀၀၅ ရက်စွဲ၊ အဖွဲ့ခွဲအမှတ်(၄၃၁) ဖြင့် အသိအမှတ်ပြု ဖွင့်လှစ်ခွင့် ပြုခဲ့ကြောင်း သိရသည်။

ကျောင်းတိုက် မြေနေရာမှာ အဆောက်အအုံ စုစုပေါင်း၂၀ရှိပြီး မြေဧက အကျယ်အ၀န်း ၉ ဒသမ ၀၄ ရှိကြောင်း သိရသည်။

http://blog.irrawaddy.org/2012/07/blog-post_4081.html
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map