အင်္ဂါနေ့ နံနက်ပိုင်းက နာမည်ကျော် Rapဂီတ အဆိုတော် 50 Centသည် ယာဉ်တိုက်မှု တစ်ခုတွင် ပါဝင်ကြုံတွေ့ခဲ့ကြောင်း သိရသည်။ အမည်ရင် ကာတစ်ဂျက်ဆင်ဖြစ်သော အဆိုတော်၏ အေးဂျင့်က 50သည် ယာဉ်တိုက်မှုအတွင်း ဒဏ်ရာ အနည်းငယ် ရခဲ့ကြောင်း အတည်ပြု ပြောဆိုသွားသည်။ 50၏ ကိုယ်စားလှယ်က “သူ့ကို နယူးယော့ခ်က ကွင်းဆေးရုံကို ခေါ်သွားရတယ်။
သူက လည်ပင်းနဲ့ ကျောကုန်းမှာ အသေးစား ဒဏ်ရာ နည်းနည်းလောက် ရသွားလို့ အဲဒီအတွက် ကုသပေးခဲ့ရတာပါ။ ပြီးတော့ ဆေးရုံက ဆင်းလာခဲ့ပါတယ်။ ကိစ္စတွေတော့ ဘာတစ်ခုမှ စိုးရိမ်လောက်စရာ အခြေအနေ မရှိပါဘူး”ဟု ပြောဆိုသွားသည်။50သည် ၎င်း၏ SUVကားနှင့် အခြားသော ထရပ်ကားငယ် တစ်စင်းကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် 50သည် အတော်လေး တုန်လှုပ် ခြောက်ခြားသွားကြောင်းလည်း သိရှိရသည်။ လောင်းအိုင်းလန်းအနီးတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုအတွင်း SUVကားသည် ပက်လက်လန် လဲကျလုနီးပါး ဖြစ်သွားကြောင်းလည်း သတင်းများက ဆိုသည်။ 50သည် ဆေးရုံသို့ အလျင်အမြန် သွားရောက်ကာ စစ်ဆေးကုသမှု ခံယူခဲ့သော်လည်း ဆရာဝန်များက ဒဏ်ရာအခြေအနေ မပြင်းထန်ကြောင်း အတည်ပြုပေးကာ အိမ်ပြန်ခွင့် ပေးခဲ့ခြင်းဟု သိရှိရသည်။
1 comments:
ဖတ်ရှုသွားတယ် အကိုရေ...:-)
Post a Comment