<div style='background-color: none transparent;'></div>
Home » » ငါ့ကိုခေါ်သွားပေးကြပါ... အပိုင်း (၁) သရဲကြောက်တက်သူများ မဖတ်ရ...

ငါ့ကိုခေါ်သွားပေးကြပါ... အပိုင်း (၁) သရဲကြောက်တက်သူများ မဖတ်ရ...


Photo: Good Morning :D kikiki
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့။

ညရဲ့ မီးရောင်စုံတွေကြားထဲမှာ ပျားပန်းခတ်နေသော လူတွေရဲ့ကြားမှာ မြန်မာလူမျိုးများ ကိုလည်း တွေ့ ရလေသည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်နေသူများဘ၀က အလွန် သနားစရာ ကောင်းလှပေသည်။ မိခင်နိုင်ငံမဟုတ်သည့် တခြားနိုင်ငံများတွင် အလုပ်လုပ်နေရသော အခြေအနေက အလွန်အောက်ကျနောက်ကျနိုင်လှပေသည်။ အနှိမ်ခံ၊ ဘ၀ပျက်ခံ၊ အဖိအနှိပ် ခံပြီး မြန်မာနိုင်ငံတွင် ရှိနေကြသော မိသားစုများ၏ဘ၀ များကို ထောက်ပံ့နေကြရ သည်။ နေ့စဉ်နှင့်အမျှ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်ကြားထဲတွင် စက်ရုပ်ဆန်ဆန် နေထိုင်အသက်ရှင်နေကြ ရလေသည်။ ဒီကြားထဲ အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရူံးရသူများမှာ များသောအားဖြင့် အဖြစ်မှန်မသိသည့် အလျောက် နေထိုင်ရာအရပ်ဒေသတွင် ဆွမ်းသွပ်ခြင်းမရှိသည့် အတွက် သေသည့် တိုင်အောင် သေ လို့သေမှန်း မသိဘဲ ဆက်လက်အလုပ်လုပ်နေကြရလေသည်။

ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အလျောက် ဘုန်းတော်ကြီးများ၏ ပရိတ်ရေများ ချည်မန်း များကိုလည်း ယုံကြည်ပြီး နေအိမ်များ အလုပ်တိုက်ခန်းများတွင် ထားရှိလေ့ရှိသည်။ ထို့ကြောင့် အထဲတွင်ရောက်နေသော ပရလောကသားများမှာ အပြင်လည်းထွက်ခွင့်မရဘဲ ပိတ်မိနေတတ်ကြလေ သည်။ ယခုဇာတ်လမ်းအစကား….

ထိုက်အောင်က ဒီအိမ်မှာ သားအကြီးဆုံး။ ဖခင်မရှိတော့သည့်အချိန်မှစ၍ ကျောင်းထွက်ပြီး အိမ်၏ စီးပွားရေး ကို တပိုင်တနိုင်ရှာကျွေးခဲ့ရသည်။ မိခင်ကြီးကလည်း ညီ၊ ညီမတွေ အတွက် ဈေးတောင်းခေါင်းပေါ် တင်ပြီး တစ်လမ်းဝင် တစ်လမ်းထွက်နှင့် တစ်ဖက်တစ်လမ်းမှ အိမ်ရဲ့ဝင်ငွေ အတွက် ရှာဖွေခဲ့သည်။ သို့သော် မြင့်မားလာသော ကုန်ဈေးနှုန်း၊ အငယ်တွေရဲ့ပညာရေး နှင့် အသက်ကြီးလာသော အမေအိုအတွက် ထိုက်အောင် တခြားနည်းလမ်းစဉ်းစားရတော့သည်။ နောက်ဆုံး သူငယ်ချင်းအဆက် အသွယ်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တရားမ၀င်လမ်းကြောင်းမှ လာခဲ့ရတော့သည်။ လာတုန်းကတော့ ရှင်ရွှေထီး သေမြေကြီး သဘောမျိုးနဲ့ဖြစ်သည်။ သို့သော် ထိုက်အောင် မသေချင်သေး။ မိခင်ကြီးနှင့် ညီ၊ ညီမတွေ သံယောဇဉ်က ရှိသေးသည်။ ဘန်ကောက်ရောက်ပြန်တော့လည်း အလုပ်ကလွယ်လွယ်နှင့် ရှာလို့မရ။ နေထိုင်ခွင့် ပတ်စပို့စ် မရှိသော ထိုက်အောင်တို့လို လူမျိုးတွေအတွက် အကြွေးများနှင့်သာ ချာချာလည်ပြီး တစ်လခွဲလောက်နေမှ ပန်းရံအလုပ်ကြမ်းအလုပ်ကို ရခဲ့လေသည်။ အလုပ်လုပ်စတွင် ဘာသာစကားအခက်အခဲကြောင့် အနည်းငယ်အခက်အခဲတွေ့ခဲ့သော်လည်း နောက်ပိုင်းတွင် အဆင်ပြေလာခဲ့သည်။ ထိုက်အောင်တို့ အလုပ်ကြမ်းသမားဘ၀က ထိုင်းပုလိပ်ခေါ် ထိုင်းရဲများကိုလည်း ကြောက်ရသေးသည်။ ထိုထိုင်းရဲများက လစာထုတ်ပြီးချိန်များတွင် လစ်ရင်လစ်သလို ဖမ်းဆီးခေါင်းပုံဖြတ်တတ်ကြလေသည်။ ထို့ကြောင့် ဟိုပုန်းဒီပုန်းနှင့် ကျီးလန့်စာစားပြီး အလုပ်လုပ်ကြ ရသည်။

ဒီလိုနှင့် အသစ်ဆောက်မည့် မှ တိုက်သို့ ထိုက်အောင်တို့ပန်းရံအဖွဲ့ ရောက်လာကြလေသည်။ တိုက်ပုံစံက ငါးထပ် ဖြစ်ပြီး အခန်းပေါင်းများစွာဖြင့်ဖွဲ့စည်းထားသည်။ ကြည့်ရတာ တိုက်ပိုင်ရှင်က အခန်းငှားစားရန် ရည်ရွယ်ပုံရသည်။

တိုက်တစ်တိုက်လုံး ဆေးသုတ်ပြီးအချောသတ်ပြီးစီးသွားသည့်နေ့တွင် တိုက်ခန်းပိုင်ရှင် လာရောက် စစ်ဆေးပြီး အလုပ်သမားခေါင်းဆောင်(၀ဏ္ဏ)မှ ထိုက်အောင်ကိုခေါ်လိုက်သည်။

“ ထိုက်အောင်ရေ… လေးလွှာက ၀ရံတာမှာ အင်္ဂတေတစ်ခု အက်ကွဲပြီး နဲနဲကွာထွက်နေတယ်.. အဲဒါ မနက်ဖြန် အပြီးသတ် မင်းလုပ်လိုက်ကွာ… ဒါလေးပဲလုပ်ရမှာ မင်းအတွက် နေ့စားခ ပေးပါ့မယ်.. မင်းအကူခေါ်အုန်းမလား..”

“ မလိုတော့ပါဘူး ဆရာရယ်.. နဲနဲလေးပဲ..ကျွန်တော်တစ်ယောက်တည်းနိုင်ပါတယ်.. တခြားရော ဘာပြင်စရာလိုသေးလဲ..”

“ မရှိတော့ပါဘူးကွာ.. အဲဒါလေးပါပဲ.. ဒါလေးပြီးရင် ငါ့ရုံးခန်းကိုလာခဲ့..မင်းအတွက် နေ့စားခထုတ်ပြီး မင်းနားရုံပဲ ကျန်တော့တယ်..”

“ ဟုတ်ကဲ့ ဆရာ..မနက်ဖြန်လုပ်လိုက်ပါ့မယ်..

နောက်တစ်နေ့ ပန်းရံကိရိယာများကိုယူ၍ ထိုက်အောင်တစ်ယောက်တည်းထွက်ခဲ့သည်။ ဘယ်သူမှမရှိ၍ တိုက်တစ်တိုက်လုံး တိတ်ဆိတ်နေသည်က ခြောက်ခြားစရာ။ ထိုက်အောင်ကတော့ အမြဲသွား လာနေသော နေရာမို့ ဘာကိုမှသိပ်မကြောက်။ လေးလွှာမှ အခန်းတစ်ခု၏ ၀ရံတာကိုကြည့်လိုက်သည်။ ဟုတ်တာပဲ.. ဒီနေရာက အင်္ဂတေက ရေများသွားလို့ထင်သည်။ အကြောင်းလိုက် အက်ကွဲကာ တစ်နေရာက ပဲ့ကျနေသည်။ ပန်းရံလုပ်ရာတွင် အသုံးပြုသော သန်လျက်ကိုထုတ်ဆေးပြီး အင်္ဂတေဖျော် ကာ လှေကားဖြင့် အသာတက်ပြီး အက်ကွဲကြောင်းဖာနေလိုက်သည်။ ထိုအခိုက် ခေါင်းက မိုက်ကနဲဖြစ်သွားသည်။ မနက်က အဆာပြေစားလာခဲ့သော ဒညင်းသီးနှင့် ကြက်ဟင်းခါးသီးကြော် တန်ခိုးပြပြီထင်သည်။ မူးရိပ်မူးရိပ်နှင့် အလုပ်ဆက်အလုပ် လူကယိုင်ရာတွင် လှေခါးပါလဲတော့သည်။ အပြင်ဘက်သို့မရောက်အောင် သတိထားနေသော်လည်း လှေကားလဲအကျတွင် ရင်ဘတ်တစ်နေရာမှ စူးခနဲဖြစ်သွားကာ နာကျင်သောဝေဒနာနှင့် အသိစိတ်တစ်ခုလုံး လွင့်ကနဲဖြစ်သွားသည်။ ထိုက်အောင်၏ အသိစိတ်တို့က အမေ့ဆီသို့ပြေးသွားသည်။ ထိုက်အောင်၏မျက်စိရှေ့တွင် အမေ့အိမ်၏အပေါက်ဝ သို့ရောက်ရှိနေ သည်။ ပက်လက်ကုလားထိုင်ပေါ်တွင် အမေမျက်စိမှိတ်ပြီး ပုတီးစိတ်နေသည်။ အိမ်ပေါက်ဝမှ အမေ့ကို လှမ်းခေါ်လိုက်သည်။

“ အမေ.. “

အမေမျက်စိဖွင့်ကြည့်ပြီး ညီလေးနှင့် ညီမလေးကိုလှမ်းခေါ်လိုက်သည်။

“ ဟဲ့ .. ထိုက်မောင် နဲ့ နှင်းဖြူ လာစမ်း.. နင်တို့အကိုကြီးများ လာသလားမသိဘူး.. ငါ့နားထဲမှာ နင့်အကိုကြီးရဲ့ ခေါ်သံလိုလို ကြားလိုက်တယ်..”

ထိုက်မောင်တို့ မောင်နှမ ပြေးထွက်လာကာ အပေါက်ဝသို့ကြည့်လိုက်ပြီး

“ အာ..အမေကလည်း အမေ့သားကြီးကို စိတ်စွဲလို့ဖြစ်မှာပါ.. ဒီမှာ ဘယ်သူမှမရှိပါဘူး..”

“ ဟဲ့ တကယ်လားဟဲ့.. ငါ့နားထဲသေချာကြားလိုက်တာပါ.. ညကလည်း အိမ်မက်တွေမကောင်းဘူး.. သားကြီးများတစ်ခုခုဖြစ်နေလို့လားမသိဘူး…ငါ့စိတ်တွေလေးနေတယ်..”

“ ဘာမှမဖြစ်လောက်ပါဘူး အမေရယ်.. စိတ်စွဲလမ်းလို့မက်တာဖြစ်မှာပါ.. ဟိုနေ့ကတောင် အကိုကြီး ဖုန်းဆက်သေးတယ် မဟုတ်လား.. ကဲကဲ.. သားတို့စာကျက်လိုက်အုန်းမယ်နော်.. သိပ်လည်း စိတ်ပူမနေ ပါနဲ့ အမေရယ်.. အကိုကြီး ဘာမှမဖြစ်နိုင်ပါဘူး.. အမေလည်း အခန်းထဲမှာ နားနေလိုက်နော်..”

အမေ ဘာမှဆက်မပြောတော့ဘဲ အခန်းထဲသို့ဝင်သွားသည်။ ညီလေးနဲ့ညီမလေးက ငါ့ကိုတွေ့တာတောင် မခေါ်ကြပါလား.. အိမ်ထဲဝင်မည်အပြု တစ်စုံတစ်ရာက တားဆီးထားသလိုခံစားရမိပြီး အထဲသို့ ၀င်မရဖြစ်နေသည်။ ကဲ ဒါဆိုလည်း အိမ်ကိုနောက်မှဝင်တော့မယ်.. အသိတွေဆီသွားအုန်းမှ.. ငါ ပြန်ရောက်တာ ဘယ်သူမှ သိမှာမဟုတ်ဘူး.. အံ့သြသွားကြမှာပဲ..ထိုက်အောင်တစ်ယောက်တည်းတွေး ရင်း အသိမိတ်ဆွေ သူငယ်ချင်းတွေအိမ်သွားပြီး နှုတ်ဆက်သော်လည်း ဘယ်သူမှ မကြား သလို မြင်ပုံလည်းမရချေ။ ဒီကောင်တွေ ငါ့ကိုမခေါ်ချင်သလိုလို ဘာလိုလိုနဲ့ မကြားချင် မမြင်ချင်ယောင်ဆောင် သွား ကြပါလား.. ဘာတွေဖြစ်နေကြတာလဲ… ထိုက်အောင်တစ်ယောက် လမ်းတွေပေါ်မှာလျှောက်သွားရင်း တွေးတောနေချိန်တွင် လမ်းပေါ်မှ အဖိုးကြီးတစ်ယောက်က ထိုက်အောင်ကိုသေချာကြည့်၍

“ လူလေး ဒါမင်းနေရာမဟုတ်သေးဘူး.. မင်းပြန်လိုက်အုံး..”

ထိုက်အောင် ဘာမှပြောလို့မရသေးခင် လွင့်ခနဲ ဖြစ်သွားပြီး ဘန်ကောက်မှ အလုပ်သမား တန်းလျား ကိုပြန် ရောက်သွားသည်။

“ ထိုက်အောင် ညက ပြန်မလာပါလား.. ဒီကောင် ဘယ်မှလည်း သွားတတ်တဲ့ကောင် မဟုတ်ပါဘူး.. ဟေ့ကောင် ညိုကြီး .. မနေ့က ထိုက်အောင်ပြန်လာတာ မင်းမြင်မိလား..”

“ မတွေ့မိဘူးကွ.. မနေ့က မနက်ကတော့ ဆောက်ပြီးတဲ့ တိုက် လေးလွှာမှာ အင်္ဂတေပဲ့နေလို့တဲ့ ၀ဏ္ဏ ( အလုပ်သမားခေါင်းဆောင်) ခိုင်းနေသံတော့ ငါကြားမိတယ်.. “

“ အေး အဲဒါ အခုပြန်မလာလို့ မင်းနဲ့ငါ အဲဒီတိုက်ကို သွားကြည့်ရအောင်.. ဒီကောင် ရှိလိုရှိငြားပေါ့..”

“ အေး သွားလေ.. ငါလိုက်ခဲ့မယ်..”

ဘေးမှာနားထောင်နေရင်း ထိုက်အောင် ဇဝေဇ၀ါဖြစ်သွားသည်။ ဒီကောင်တွေ ငါပြန်ရောက်နေသားနဲ့ ဘာကြောင်နေတာလဲ.. ဒီကောင်တွေ တစ်နေရာရာ သွားချင်လို့ ငါ့ကိုအကြောင်းပြတာထင်တယ်..ဟုတွေးရင်း နေခဲ့လိုက်သည်။ လေးလွှာမှ အခန်းထဲသို့အရောက်..

“ ဟာ…ဖြစ်ရလေကွာ..”

ထိုက်အောင် အလောင်းတောင့်နေချေပြီ။ လှေကားပေါ်မှ လဲအကျ ကိုင်ထားသောသံလျက် ရင်ဘတ် တည့်တည့် ထိုးမိ၍ ချက်ချင်းသေဆုံးသွားခြင်းဖြစ်သည်။ အလောင်းဘေးပတ်လည်တွင်လည်း သွေးများက အိုင်ထွန်းခြောက်ကပ်လျက်ရှိနေပေပြီ။

“ ကဲ ဒီအတိုင်းထားလို့တော့မဖြစ်ဘူး.. ၀ဏ္ဏ ကိုအကြောင်းကြားမှ ဖြစ်မယ်.. “

ပြောပြောဆိုဆို ၀ဏ္ဏဖုန်းကို လှမ်းဆက်အကြောင်းကြားလိုက်ရာ ခဏအကြာတွင် ရဲများနှင့်တကွ ၀ဏ္ဏလည်းရောက်လာကာ အခြေအနေမေးမြန်းပြီး အလောင်းကိုဆေးရုံသို့ယူသွားလေသည်။ ညိုကြီးနှင့် ဖိုးမောင် တို့လည်းစိတ်မကောင်းစွာ ပြန်လာခဲ့သည်။

“ ငါတော့လုံးဝမကျေနပ်ဘူးကွာ.. လူတစ်ယောက်လုံးသေဆုံးသွားတာတောင် ဒီ (၀ဏ္ဏ) ဆိုတဲ့လူက ဖုံးချင်သေးတယ်..”

မကျေမနပ်ဖြင့် ညိုကြီးက ပေါက်ကွဲတော့သည်။ အပြန်လမ်းတွင် (၀ဏ္ဏ)မှ ယခုသေဆုံးသွားသော ထိုက်အောင်အိမ်သို့ သူနစ်နာကြေးလွှဲပေးမည်ဖြစ်ကြောင်း၊ နောက်ပြီး ညိုကြီးနှင့်ဖိုးထောင်ကိုလည်း တာဝန်သိသဖြင့် နောက်အလုပ်များတွင် ဦးစားပေးပြီး ခေါ်ယူမည်ဖြစ်ကြောင်း နှင့် ယခုဆောက်ပြီး သည့်တိုက်သည် အခန်းငှားမည့်တိုက်ဖြစ်သောကြောင့် ယခုလူသေဆုံးမှုကို မည်သူ့ကိုမှမပြောရန် နှုတ် ပိတ်ထားလိုက်ပြီး တကယ်လို့ လျှောက်ပြောခဲ့လျှင် ဖိုးထောင်နှင့် ညိုကြီးကို ရဲမှမသင်္ကာမှုဖြင့် ခဏခဏ ခေါ်ယူမေးမြန်းလိမ့်မည် ဖြစ်ကြောင်း အသိပေးလိုက် သဖြင့် နှစ်ယောက် သား ခေါင်း ငုံပြီး ပြန် လာရသော်လည်း မကျေနပ်ကြခြင်းဖြစ်သည်။ အမှန်မှာ တိုက်တစ်လုံးကောင်းကောင်းမွန်မွန် ဆောက်လုပ်ပြီးမှ ထိုက်အောင်သေဆုံးသွားသည့်အတွက် ထိုက်အောင်ကိုအလုပ်မထုတ်တော့ဘဲ အစောင့်သဘောမျိုးထားခဲ့ခြင်းသာ ဖြစ်သည်။ ဒီအကြောင်းတွေကို တမင်ဖုံးကွယ်လျက် ညိုကြီးနှင့် ဖိုးထောင်တို့ကို သက်သက်ခြောက်လန့်လိုက်ခြင်းသာဖြစ်သည်။

“ ဘယ်တတ်နိုင်မလဲကွာ.. ငါလည်း ထိုက်အောင်အတွက် စိတ်မကောင်းဖြစ်မိပါတယ်.. ဒါပေမယ့် သူတို့တိုင်းပြည်မှာနေတော့လည်း သူတို့ဥပဒေအတိုင်းပဲပေါ့ကွာ.. မကျေနပ်ပေမယ့်လည်း ငါတို့နောက်မှာ ငါတို့မိသားစုကရှိသေးတယ်လေ.. ငါတို့ဘာလုပ်နိုင်မှာလဲ.. “

အဖြစ်အပျက်တွေကို ထိုက်အောင်ကတော့မသိ။ အင်း.. ဒီနေ့ ငါအလုပ်လုပ်ရင်း နေမကောင်း လို့ ပြန် သာပြန်လာရတာ အလုပ်ကပြီးသေးတာမဟုတ်ဘူး..မနက်ဖြန် ပြီးအောင် ငါသွားလုပ်ရ အုန်းမယ်… စောစောအိပ်မှ.. ပြောရင်းဆိုရင်း ထိုက်အောင်ခြင်ထောင်ထထောင်လိုက်သည်။ ထိုအချိန် ထိုက်အောင်နှင့် အခန်းကပ်လျက်တွင် ဖိုးထောင်နှင့် ညိုကြီး စိတ်ညစ်ညစ်နှင့် အရက်သောက်နေ ချိန်ဖြစ်သည်။

“ ဟင်.. ဟိုဘက်ခန်းက ခြင်ထောင်ထောင်နေသံပါလား.. ဒါဆို .. ဒါဆို.. ညိုကြီး မင်းကြားလား..”

“ အေး ငါလည်းကြားလို့ နားစွင့်နေတာ..ခြေသံတွေလည်းကြားတယ်.. ဒီအတိုင်းဆို ထိုက်အောင် တစ်ယောက် သူသေတာမသိသေးဘူးထင်တယ်.. ငါတော့ ဒီအခန်းမှာ မနေရဲတော့ဘူး.. ဒီညတွင်းချင်းပဲ.. ငါအသိတစ်ယောက်အခန်းကိုသွားအိပ်တော့မယ်.. မင်းလိုက်မလား…”

“ အေး ငါလည်း လိုက်မယ်.. ငါလည်း မနေရဲဘူးဟ..သူက အစိမ်းသေဆိုတော့ ငါလည်းကြောက်တယ်..”

ပြောပြောဆိုဆို ညိုကြီးနှင့်ဖိုးထောင် အရက်တောင်ဆက်မသောက်တော့ဘဲ အ၀တ်တစ်ထည် ကိုယ်တစ်ခုနှင့် အခန်းထဲမှ ထွက်ပြေးတော့သည်။

နောက်နေ့ အိပ်ယာနိုးသည်နှင့် အလုပ်လုပ်ရမည့်တိုက်သို့ ထိုက်အောင် ထွက်ခဲ့ သည်။ လေးလွှာရောက်သည်နှင့် အလုပ်စလုပ်တော့သည်။ သီချင်းတအေးအေးနှင့် အလုပ်လုပ်နေခိုက် သူဌေးနှင့် ၀ဏ္ဏရောက်လာသည်ကို တိုက်ပေါ်မှ လှမ်းမြင်လိုက်လေသည်။

“ ဟာ သူဌေးတောင်လာပြီ.. ငါလည်း ပြီးတော့မှာဆိုတော့ ကွက်တိပဲ.. ၀ဏ္ဏ ဆီတကူးတက သွားစရာ မလိုတော့ဘူး.. ပိုက်ဆံတစ်ခါတည်း တန်းထုတ်လိုက်ရုံပဲ.. အင်း .. ပိုက်ဆံထုတ်ပြီးရင်တော့ အမေတို့ဆီ ပို့ပေးရမယ်..”

ထိုက်အောင်တစ်ယောက်တည်းပြောရင်း သူဌေးအလာကိုစောင့်နေလိုက်သည်။ သို့သော် သူဌေးနှင့် ၀ဏ္ဏ စကားပြောအပြီး ကြိုးခွေ ဖြူဖြူတစ်ခုထုတ်ကာ တိုက်ကိုလိုက်ပတ်နေသည်ကိုတွေ့လိုက်ရသည်။ ဒီသူဌေး ဘာတွေလုပ်နေပါလိမ့်.. တစ်ယောက်တည်းတွေးရင်း အောက်ဆင်းလာလိုက်သည်။ ထိုက်အောင် အောက်ရောက်သည်နှင့် သူဌေးကားမောင်းထွက်သွားတော့မည်ကိုတွေ့သဖြင့် တံခါးဝသို့ အပြေးလေးလာခဲ့သည်။

“ သူဌေး .. သူဌေး.. “

တံခါးသော့ခတ်သွားချေပြီ။ တံခါးကိုဆွဲဖွင့်သော်လည်း ဘယ်လိုမှမပွင့်တော့။ ဟာ .. ငါတော့ ဒုက္ခပဲ.. ငါရှိမှန်းမသိကြဘူးထင်တယ်… တခြား ပြတင်းပေါက်တွေလည်း ဆွဲဖွင့်မရ.. ဒုတိယထပ် ၀ရံတာမှ ခုန်ဆင်းရန် ကြံရွယ်လိုက်သည်။ သို့သော် အခန်းတံခါးများလည်း ဖွင့်မရတော့။ ဟင် ဘယ်လိုဖြစ်တာလဲ.. ဒီတံခါးတွေက မနေ့တနေ့ကမှတပ်တာပါ… အထဲက လော့ချမထားဘဲ ဖွင့်လို့လည်းမရပါလား… ငါတော့ ဒီမှာပဲအိပ်ရတော့မယ်ထင်တယ်...သူများတိုက်ဖြစ်နေသဖြင့် သော့ဖျက်ရင်လည်း မကောင်း.. စိတ်ပျက် ပျက်နှင့် လေးလွှာမှအခန်းသို့ပြန်တက်လာခဲ့လေသည်။ တစ်ယောက်ယောက်ကို ၀ရံတာမှမြင် ရင်တော့ လှမ်းအကူအညီတောင်းလို့ရနိုင်ကောင်းပါရဲ့ ဟုတွေးပြီး ၀ရံတာမှာသာ ရပ်နေလေ သည်။ ဖြတ်သွားဖြတ်လာများတွေ့၍ အကူအညီတောင်းသော်လည်း မည်သူမှသူ့ကို မော့တောင် မကြည့် ကြ။ အချိန်တွေများစွာကုန်သွားသည့်တိုင် ရေဆာခြင်းမရှိသလို ထမင်းစားချင်စိတ် လည်းမရှိသဖြင့် သူ့ကိုယ်သူအံ့သြနေလေသည်။ ဒီလိုနဲ့ နေ့ရက်ပေါင်းများစွာ ကုန်လွန်လာသည့်တိုင်အောင် ထိုတိုက်သို့မည်သူတစ်ဦးတစ်ယောက်မှရောက်မလာကြတော့ချေ။ ရာသီတွေကူးပြောင်းပြီး ထိုတိုက် မှာလည်း ဆေးတွေ ပျက် ရေညှိတွေတက်နှင့် သင်္ခါရသဘောကို မလွန်ဆန်နိုင်ဘဲ တိုက်အိုကြီး ဘ၀သို့ရောက်ရှိသွားလေသည်။ အဖြစ်မှန်ကား တိုက်ပိုင်ရှင်သူဌေးသည် လူသေဖူးသောတိုက်တွင် စီးပွားရေးမလုပ်ချင်သဖြင့် တခြားလူတစ်ယောက်သို့ရောင်းချသွားကာ ဒီတိုက်ကို နောက်ဝယ်သော သူဌေးကလည်း အလုပ်များနေသဖြင့် တိုက်ကိုဝယ်ပြီး ဒီအတိုင်းပစ်ထားလေသည်။ ဖြတ်သွားဖြတ်လာ များက တစ်ခါတစ်ရံအပေါ်ဘက်မော့ကြည့်ချိန်များတွင် လေးလွှာ အခန်းတစ်ခန်းမှ လူတစ်ယောက် လက်ပြနေသည်ကိုတွေ့ရပြီး တိုက်အောက်ဘက်ရောက်သောအခါ ထိုသူအားလုံးဝ မတွေ့ရတော့ခြင်း၊ တစ်ခါတစ်ရံ တံခါးဝနားတွင် ရှိုက်ကြီးတငင် ငိုကြွေးနေသံများ၊ ဒေါသ တကြီး တောက်ခေါက်သံ များကိုလည်း ကြားရခြင်း၊ တစ်ခါတစ်ရံ တိုက်အောက်သို့ဖြတ်သွားမိချိန်များတွင် ဘယ်သူ့မှမရှိပါဘဲ တိုက်ပေါ်မှ အင်္ဂတေအစိုများဖြင့် ပစ်ပေါက်ခြင်းတို့ကြောင့် သို့လော သို့လောအတွေးများဖြင့်သာ ထိုတိုက်အား ဝေးဝေးမှ ရှောင်သွားကြလေတော့သည်။

နောက် သုံးလေးနှစ်ကြာသောအခါ ပြောင်းလဲခြင်းများရဲ့သဘာဝ ထိုတိုက်နှင့်မလှမ်းမကမ်းတွင် စက်ရုံကြီးငယ်များအလျိုအလျိုပေါ်လာသောအခါ စီးပွားရေးကို အကွက်မြင်သော တိုက်ပိုင်ရှင်သူဌေးသည် တိုက်ကိုဆေးပြန်သုတ်ပြီး အခန်းငှားစားရန် စီစဉ်လေတော့သည်။ ထိုသို့ပြုလုပ်သည်နှင့် တိုက်တွင် ပိတ်မိနေသော မိမိကိုယ်တိုင်သေလို့သေမှန်းမသိလေသော ထိုက်အောင်၏ဇာတ်လမ်းက ပြန်လည် အသက်ဝင်လာတော့သည်။

တိုက်ဆေးသုတ်သော အလုပ်သမားများအဖွဲ့တွင် မောင်မောင်၊ အောင်ကြီးနှင့် မိုးကျော်တို့ သုံးယောက်မှာ မြန်မာလူမျိုးများဖြစ်ကြပြီး ကျန်လူများမှာ ထိုင်းလူမျိုးများဖြစ်ကြသည်။ ဒီလိုနှင့် တိုက်စတင်ဆေးသုတ် သောနေ့သို့ရောက်လာသည်။

မနက်စောစော ဆေးပုံးများနှင့် ဆေးသုတ်မည့်အလုပ်သမားများကို တိုက်ရှေ့သို့ ကားဖြင့်လာရောက် ပို့ဆောင်သွားသည်ကို အဝေးမှလှမ်းကြည့်ရင်း ထိုက်အောင်ပျော်နေသည်။ သူလည်းဒီတိုက်တွင် ပိတ်မိနေသည်မှာ ကြာပြီ မဟုတ်ပါလား.. ဒီတိုက်ကလွတ်ချင်သည်.. အမေတို့ဆီလည်း ပိုက်ဆံမပို့ရတာ ကြာပြီ.. အမေတို့ဘယ်လိုလုပ်ကိုင်စားသောက်နေလဲလို့ ထိုက်အောင် အမြဲစိတ်ပူနေသည်။ သူကိုယ်တိုင်လည်း ဗိုက်ဆာလာလျှင် စားစရာမရှိ၍ ဒီတိုက်တွင် လာရောက်အသိုက်ဖွဲ့နေသော ကြွက်များကို စားသောက်နေရသည်။ ချက်စရာ ဘာမှမရှိသဖြင့် အရမ်းဆာသောအချိန်များတွင် ထိုကြွက်ကြီးများကို အရိုးပါမချန်အစိမ်းစားသောက်နေရသဖြင့် သူ့ကိုယ်ခန္ဓာမှာလည်း အမွှေးအမျှင်များ ရှည်လျားကာ စိတ်ကြမ်းကိုယ်ကြမ်းဖြစ်နေလေသည်။ တိုက်ရှေ့ကားရပ်သည်နှင့် တိုက်အောက် တံခါးဝသို့ ထိုက်အောင် ရောက်နေပေပြီ။

ဒီနေ့တိုက်ကိုစတင်ဆေးသုတ်ရမည်ဖြစ်သဖြင့် မောင်မောင်၊ အောင်ကြီးနှင့် မိုးကျော်တို့မှာ အားလုံးထက်စောစီးစွာ အလုပ်သို့ရောက်ပြီး ပထမဦးဆုံးအလုပ်သမားများပို့သောကားတွင် ပါလာကြ သည်။

“ ကဲ ..မိုးကျော်ရေ.. မင်းတံခါးအရင်ဖွင့်နှင့်.. ငါတို့ဆေးပုံးတွေချပြီး အထဲထည့်ထားမယ်.. ပြီးမှ တခြားလူတွေမလာခင် တိုက်ကိုလိုက်ကြည့်ကြတာပေါ့.. ရော့ တံခါးသော့.. “

တံခါးသော့ကိုပစ်ပေးလိုက်ရင်း မောင်မောင်နှင့် အောင်ကြီးမှာ ဆေးပုံးတွေချနေလေသည်။ မိုးကျော်မှ..

“ ဟေ့ကောင်တွေ.. မင်းတို့တော့ ဘယ်လိုဖြစ်မယ်မသိဘူး.. ငါတော့ ဒီတိုက်ကိုစတွေ့ကတည်းက စိတ်ထဲမှာ လန့်နေသလိုပဲ..နောက်ပြီး ဒီတံခါးကိုလည်း မဖွင့်ချင်ဘူး ဖြစ်နေတယ်..”

“ မင်းရဲ့ ပထမဆုံးအလုပ်ဖြစ်နေလို့ စိတ်ထဲမှာ လန့်နေတာဖြစ်မှာပါကွာ.. ဘာမှစိတ်ထဲထည့်ထားမနေနဲ့.. တံခါးကိုသာ မြန်မြန်ဖွင့်ပေတော့..”

မှန်ပေသည်။ မိုးကျော်က မြန်မာပြည်မှတက်လာသည်မှာ မကြာသေး.. ဒီအလုပ်က ဘန်ကောက်ရောက်ပြီး သူ့ရဲ့ပထမဆုံးအလုပ်ပင်ဖြစ်လေသည်။ ထိုအခိုက် တံခါးကို တ၀ုန်းဝုန်းထုသံကြီး ကြားလိုက်ရလေသည်။

ဝုန်း.. ၀ုန်း.. ၀ုန်း

“ဟာ…ဘာ..ဘာသံလဲ မသိဘူး..”

“ ဘာမှမဟုတ်ပါဘူးကွာ… လူတွေမနေတာကြာလို့ ကြွက်တွေတိုးတာဖြစ်မှာပါ.. မကြောက်ပါနဲ့..”

မိုးကျော်ကို ပြောသောပြောနေရသည်။ သူတို့ကိုယ်တိုင်လည်း စိတ်ထဲတွင် တုန်လှုတ်ခြောက်ခြားနေပေပြီ။ တံခါးဝနားတွင် လူသံများကြားရပြီး မဖွင့်သေးသဖြင့် ထိုက်အောင် ဒေါသထွက်ထွက်နှင့် တံခါးကိုထုနေခြင်းပင် ဖြစ်သည်။ နောက်ဆုံးတွင် အားတင်းလိုက်ရင်း တုန်ရင်နေသောလက်များဖြင့် တံခါးသော့ကို အသာလေး မိုးကျော်ဖွင့်လိုက်သည်။ အတွင်းမှလေများ ၀ူးခနဲ ထွက်လာပြီး အောက် သိုးသိုးပုတ်အဲ့အဲ့အနံ့တစ်ခုပါ နှာခေါင်းထဲသို့ တန်းဝင်လာသည်။

“ ဟေ့ကောင်တွေ.. ဘာအနံ့ကြီးလဲမသိဘူး.. အပုတ်နံ့လိုလိုရတယ်.. ငါတောင်ကြက်သီးဖြန်းကနဲထသွား တယ်..အထဲကနေ ငါတို့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေသလိုပဲ..”

မိုးကျော်တင်မဟုတ်.. အောင်ကြီးရော မောင်မောင်ပါ ကြက်သီးများထပြီး ခေါင်းတွေကြီးကုန်သည်။ ဘာစကားမှမဆိုဖြစ်ကြတော့သလို ဆေးပုံးများကိုလည်း အထဲထည့်ရန် မည်သူမှမပြောကြတော့ဘဲ သုံးယောက်သား တံခါးဖွင့်ပြီးအပြင်ဘက်မှာတင် တံခါးပေါက်ကို မကြည့်ရဲတော့ဘဲ ဆေးပုံးများဖြင့် တခြားအလုပ်သမားများအလာကို ထိုင်စောင့်နေကြတော့သည်။ တံခါးစဖွင့်သည်ဆိုသည်နှင့် အပေါက်ဝသို့ ထိုက်အောင်ပြေးလာပြီး အပြင်ထွက်လိုက်သည်။ သို့သော် တံခါးဝမှာပင် မမြင်ရသော မှန်တစ်ချပ် ရှိနေသည့်အလား အပြင်ကိုမြင်နေပါလျက် ထွက်မရဖြစ်နေသည်။ အကြိမ်ကြိမ်ကြိုး စားပြီး ပြေး ထွက်သောလည်း မရသည့်အတွက် ထိုက်အောင်ဒေါသထွက်လာသည်။

“ တောက်… “

“ ဟာ.. အထဲက တောက်ခေါက်သံကြားလိုက်တယ်.. မင်းတို့ရော ကြားလိုက်လား.. နောက်ပြီး မဲမဲအရိပ်တစ်ခုကိုပါ ငါတွေ့လိုက်တယ်..ငါတော့ ဒီတိုက်မှာ မလုပ်ရဲတော့ဘူး.. တခြားအလုပ်မှာပဲ လုပ်တော့မယ်.. ဒီတိုက်ကိုကြည့်ရင်း ငါတော်တော်လန့်လာတယ်..”

မိုးကျော်ပြောသည်နှင့် အောင်ကြီးနှင့် မောင်မောင်မှာတိုင်ပင်ထားသည့်အလား ခေါင်းညိတ်ရင်း

“ ငါတို့လည်း မင်းကြောက်မှာစိုးလို့မပြောဘဲနေမလို့ပဲ.. ငါတို့ကိုယ်တိုင်လည်း ဒီတိုက်ကိုကြည့်ရင်း စိတ်ကတော်တော်မသန့်ဘူးဖြစ်လာတယ်.. သရဲတွေဘာတွေရှိမယ့်ပုံပဲ.. ကဲပါ.. သူဌေးလာတာနဲ့ ငါတို့မလုပ်တော့ဘူး ဆိုတဲ့အကြောင်း ပြောကြတာပေါ့.. ခုတော့ဆေးပုံးတွေစောင့်ရင်း ဒီတိုင်းထိုင်စောင့် နေရုံပဲ ရှိတော့တာပေါ့..”

ဟု မောင်မောင်ကပြောလိုက်လေသည်။

တိုက်ထဲမှာတော့ ထိုက်အောင်တစ်ယောက် တော်တော်ဒေါသထွက်နေသည်။ တံခါးမြင်ရပါလျက် အပြင်ကိုမြင်နေရပါလျက် ထွက်မရဖြစ်နေသော မိမိအဖြစ်ကို အံ့သြဒေါသထွက်၍မဆုံးဖြစ်နေလေသည်။ သူ ဒီလောက်အခက်အခဲဖြစ်နေပါလျက် မြန်မာလူမျိုးအချင်းချင်း မကူညီဘဲထိုင်နေကြသော အပြင်က သုံးယောက်ကိုလည်း ဒေါသထွက်လာသည်။ ထို့နောက်အကြံရသည်နှင့် သူနေထိုင်သော လေးလွှာမှ အခန်းကိုပြေးလာပြီး နယ်ထားသော မဆလာ(အင်္ဂတေအစို) တစ်စကို ကောက်ကိုင် လိုက်ကာ ထိုသုံးယောက်ရှေ့သို့ ၀ရံတာမှ ပစ်ချလိုက်သည်။

ဘုတ်…

“ ဟာ.. ဘယ်ကောင် လက်သရမ်းတာလဲမသိဘူး.. ဟင်.. ဟေ့.. ဟေ့ကောင်တွေ.. ဟို.. ဟိုမှာ… ကြည့် လိုက်စမ်း…”

“ ဟာ..”

သုံးယောက်သား ပြိုင်တူထရပ်ပြီး လမ်းထိပ်သို့တချိုးတည်းပြေးတော့သည်။ ဆေးပုံးတွေကိုလည်း သတိမရတော့.. သူတို့မြင်လိုက်ရသည်က လေးထပ်မြောက် ၀ရံတာတစ်ခုတွင် မျက်လုံး မီးဝင်းဝင်း တောက်အောင်ကြည့်နေသော အမွှေးအမျှင်များဖြင့် မဲမဲသဏ္ဍာန်တစ်ခုကို မြင်လိုက် ရသောကြောင့် ဖြစ်သည်။

ဆက်ရန်….

အချိန်ပေး၊ အညောင်းခံ စာရိုက်ပေးပါသော ဤဇာတ်ကြောင်းရေးသားသူ ကိုမင်းမနိုင် အား

ကျေးဇူးတင်ပါတယ်ဆိုသော စကားထက် ပိုမိုနက်ရှိုင်း လေးနက်သော ကျေးဇူးတင်ခြင်းများစွာဖြင့်


ပန်းရံမလုပ်လိုသူ
(အက်ဒမင်-ရွာတော်ရှင်)

သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ)
 myanmartharkaung
 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map