<div style='background-color: none transparent;'></div>

Home » » ကင်မ် ကာဒေရှီယန်နှင့် သမီးငယ်အတွက် ဒေါ်လာ ၁.၂ သန်း စီတန် ကျည်ကာကား နှစ်စီး ၀ယ်ယူပေးခဲ့တဲ့ရက်ပါ အဆိုတော် Kanye West

ကင်မ် ကာဒေရှီယန်နှင့် သမီးငယ်အတွက် ဒေါ်လာ ၁.၂ သန်း စီတန် ကျည်ကာကား နှစ်စီး ၀ယ်ယူပေးခဲ့တဲ့ရက်ပါ အဆိုတော် Kanye West


Thursday, August 15, 2013

အသက် ၃၆ နှစ်အရွယ်ရှိ ရက်ပါအဆိုတော် Kanye West သည် ဇနီးဖြစ်သူ ကင်မ် ကာဒေရှီယန်နှင့် နှစ်လအရွယ် သမီးငယ်လေး North တို့ သွားလာရာတွင် လုံခြုံမှု ရှိစေရန်အတွက် လတ်ဗီးယားကုမ္ပဏီတစ် ခုဖြစ်သော Dartz Motorz ကုမ္ပဏီမှ ဖန်တီးပြုလုပ်ပေးသည့် စွမ်းဆောင်ရည်မြင့် Promborn Iron Diamond ကျည်ကာယာဉ်နှစ်စီးကို ၀ယ်ယူခဲ့ကြောင်း ‘Daily Mail သတင်းဝက်ဘ်ဆိုက်’၏ ဖော်ပြချက်အရ သိရှိရသည်။

Kanye West နှင့် ကင်မ် ကာဒေရှီယန်တို့၏ နှစ်ဦးပေါင်း အသားတင် ကြွယ်ဝချမ်းသာမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ရှိပြီး ယခုကဲ့သို့ အမေရိကန်ဒေါ်လာ ၁. ၂ သန်းစီ တန်ကြေးရှိသည့် ကျည် ကာကားနှစ်စီးကို Kanye West ၀ယ်ယူခဲ့ခြင်းမှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမား စီးနင်းအသုံးပြုသည့် The Beast Limousine ကားကို အားကျ၍ ၀ယ်ယူခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

Dartz ကုမ္ပဏီ၏ ၀က်ဘ်ဆိုက်တွင် ယင်း Iron Diamond ကားများသည် မုဒိမ်းမှု၊ ပြန်ပေးဆွဲမှု အစရှိသည်တို့ကို ကာကွယ်ရန်ဖြစ်ကြောင်း ဖော်ပြ ထားသည်။ Super-SUV ကားအမျိုးအစား ဖြစ်သော Iron Diamond ကားများသည် မြေမြှုပ်မိုင်း၊ ပဲ့ထိန်းဒုံး လက်နက်ကဲ့သို့သော အဖျက်စွမ်း အားကြီး လက်နက်များကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း သိရသည်။

Kanye West သည် သူနှင့် ကာဒေရှီယန်တို့၏ နာမည်ကျော်ကြား မှုကြောင့် မိသားစုအပေါ် ဘေးအန္တရာယ် မကျရောက်စေရန်အတွက် လုံခြုံစိတ်ချမှုကို အပြည့်အ၀ပေးနိုင်မည့် အဆိုပါ ကျည်ကာကားများကို ယခုနှစ် အောက်တိုဘာလအတွင်း သွားရောက်မည့် ၎င်း၏ အမေရိကန်ပြည်တွင်း ဖျော်ဖြေရေးခရီးစဉ်မတိုင်မီ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး အမေရိကန်ရက်ပါ Jay Z ၏ အကြံဥာဏ်ပေးချက်အရ မိသားစု လုံခြုံရေးကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Kanye West တို့ မိသားစုအနေဖြင့် ကိုယ်ရံတော် နှစ်ယောက် ခန့်အပ်ထားသည်ဟုလည်း သိရှိရပြီး ပါပါရာဇီများကို အာရုံလွှဲနိုင်ရန် သူတို့လင်မယားနှစ်ယောက်အစား အယောင်ဆောင် ပေးမည့်သူ များကိုလည်း အသုံးပြုလေ့ရှိကြောင်း သိရသည်။
Kanye West သည် ဂရမ်မီဆု ၂၁ ကြိမ်တိတိ ရရှိခဲ့သူဖြစ်ပြီး သူ၏နောက်ဆုံးထွက်တေးအယ်ဘမ် Yeezus မှာ ထွက်ထွက် ချင်း နိုင်ငံပေါင်း ၃၁ နိုင်ငံ၌ နံပါတ်တစ် ချိတ်ခဲ့ကြောင်း သိရသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map