<div style='background-color: none transparent;'></div>

Home » » ရန်ကုန်တိုင်းဒေသကြီးအတွင်း DAY CLUB နှင့် DAY PARTY များ ပြုလုပ်နေမှုကို ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း DAY CLUB နှင့် DAY PARTY များ ပြုလုပ်နေမှုကို ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ်


 ရန်ကုန်တိုင်းဒေသကြီးအတွင်း Day Club များ ဖွင့်လှစ်ခြင်းနှင့် Day Party များ ပြုလုပ်နေမှုကြောင့် မြို့နယ်အသီးသီးတွင် ဒေသန္တသရအမိန့်များ ထုတ်ပြန်ပြီး တားမြစ်ထားကြောင်း သြဂုတ် ၂၄ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ မြို့နယ်အများစုတွင် ၂၀၁၃ ခုနှစ် သြဂုတ်လ တတိယအပတ်အတွင်းမှ စတင်၍ မြို့နယ်အုပ်ချုပ် ရေးမှူးများမှ ဒေသန္တရအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တားမြစ်ထားသည့်ကြားမှ လိုက်နာမှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ပိုင်ရှင်နှင့် ဦးဆောင်သူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှိုင်စိုးသန့်က သြဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမြင့်က "မြို့နယ်တွေအားလုံးမှာ ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ Day Club တွေ၊ Day Party တွေမှာ လူငယ်အရွယ်တွေ၊ ကျောင်းသူ/ကျောင်းသားတွေ ပါဝင်မှုတွေ ရှိတဲ့အတွက် ပညာရေး အပိုင်းကို ထိခိုက်တယ်။ အကျင့်စာရိတ္တ အပိုင်းတွေကို အများကြီး ထိခိုက်တယ်။ အမြင်မတော်မှုတွေ ရှိလာတဲ့အတွက် Day Club တွေ၊ Day Party တွေမဖွင့်ဖို့ မလုပ်ဖို့ တားမြစ်ရခြင်း ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Day Club များနှင့် Day Party များ ဖွင့်လှစ်နေခြင်း ရှိမရှိကို ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး ဌာနများမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးသွားမည့်အပြင် လူမှုကွန်ရက် အင်တာနက် စာမျက်နှာများ ကိုလည်း အမြဲတမ်းစောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရသည်။

"တားမြစ်ထားတဲ့ အမိန့်ကို လိုက်နာမှု ရှိမရှိဆိုတာ အမြဲတမ်း စစ်ဆေးသွားမယ်။ လိုက်နာမှု မရှိခဲ့ရင်တော့ ဒေသန္တရအမိန့် ချိုးဖောက်မှုနှင့် အရေးယူသွားမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိကြီး တစ်ဦးက သြဂုတ်၂၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ ကလပ်များတွင် ဆယ်ကျော်သက်အရွယ် အများစု ပါဝင်နေသည့် Day Party များ ပြုလုပ်မှု ပိုမိုများပြားလာပြီး အများစုမှာ တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ နားလည်မှုဖြင့် ပြုလုပ်ခြင်း ဖြစ်ကာ Facebook စာမျက်နှာများမှတစ်ဆင့် ကြော်ငြာခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းများဖြင့် ဆယ်ကျော်သက်များအကြား ပျံ့နှံ့စေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ Day Party များ ပြုလုပ်မှုမှာ ယခုနှစ်အတွင်း ပိုမိုများပြားလာကြောင်း သိရသည်။

Day Party များ ပြုလုပ်လျက်ရှိသည့် နေရာများမှာ အလုံမြို့နယ်ရှိ Sky Way၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ Cloud 9၊ တာမွေမြို့နယ်ရှိ IT ကလပ် စသည့်နေရာများတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Eleven


Today Myanmar................မှ


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map