<div style='background-color: none transparent;'></div>

Home » » ရဟန်းတပါး မုံရွာမှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ အဆုံးစီရင်

ရဟန်းတပါး မုံရွာမှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ အဆုံးစီရင်


ရှစ်လေးလုံး ၂၅ နှစ်ပြည့် အစီအစဉ် ပြုလုပ်မည့် မုံရွာမြို့ ဇောတိကတိုက်ကျောင်းတွင် ရဟန်းတပါး ကိုယ့်ကိုယ်ကိုယ် မီးရှို့ အဆုံးစီရင်သွားခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့ရုံးက ပြောသည်။

သက်တော် ၂၄နှစ်၊ ၀ါတော် ၄ ၀ါရှိ ထိုရဟန်းသည် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မကျည်းကုန်းကျေးရွာဇာတိဖြစ်ကြောင်း၊ မူလကျောင်းမှာ သန္တသုခကျောင်းဖြစ်ကြောင်း၊ ထိုရဟန်း ရေးသားခဲ့သည်ဟူသော စာတစ်စောင်ကိုလည်း တွေ့ရှိရကြောင်း အမှုကို တာဝန်ယူစစ်ဆေးနေသည့် မုံရွာမြို့ အမှတ်(၁)ရဲစခန်းမှူးက ပြောသည်။

“သူ့မိဘတွေကိုရည်ရွယ်ပြီးရေးသွားတဲ့ပုံစံပါ။ စာမျက်နှာ တစ်မျက်နှာကျော်ရှိတယ်။ ဆိုလိုရင်းကတော့ သဗ္ဗညုတဉာဏ်တော်ရချင်လို့ ရတနာသုံးပါးကို မီးပူဇော်တာပါ ဆိုတဲ့အချက်ပါ” ဟု ရဲအုပ် ညီညီအောင်က ဧရာဝတီသို့ ပြောသည်။

ကျောင်းရှိ သက်သေများကိုလည်း မေးမြန်းပြီး အတည်ပြုချက်များယူရဦးမည်ဖြစ်ကြောင်း စခန်းမှူးကပြောသည်။

“သူနဲ့အတူနေတဲ့ ကိုရင်လေးကိုတော့မေးပြီးပြီ။ ပျံသွားတဲ့ ကိုယ်တော်က ကိုယ့်ကိုယ်ကို မီးရှို့ပြီးပူဇော်ချင်တယ်လို့ မကြာခဏပြောဖူးတယ်လို့ ထွက်ဆိုပါတယ်။ ဒီနေ့က ရှစ်လေးလုံး အခမ်းအနားပွဲလည်း ရှိနေတော့ စုံအောင် သေသေချာချာမစစ်ရသေးပါဘူး” ဟု ရဲအုပ်ညီညီအောင်က ဆက်ပြောသည်။

ယနေ့နံနက် ၃နာရီဝန်းကျင်တွင် သတင်းရရှိသဖြင့်သွားရောက် စစ်ဆေးခဲ့ရာ ပြင်မီးလောင်ဒါဏ်ရာများဖြင့် ပျံလွန်တော်မူကြောင်းတွေ့ရှိရသည်ဟု မုံရွာ ခရိုင် ရဲတပ်ဖွဲ့ရှိ အရာရှိကြီးတဦးက ပြောသည်။

“ဆေးရုံကို မနက် ၄နာရီလောက်မှာရောက်ပါတယ်။ ရင်ခွဲရုံမှာ သေသေချာချာ စစ်ဆေးကြည့်ပြီးပါပြီ။ အခြားဒဏ်ရာ မရှိဘူး” ဟု သူက ဧရာဝတီသို့ ယနေ့ပြောသည်။



အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map