<div style='background-color: none transparent;'></div>

Home » » ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံအနီး နေထိုင်သူများကို အမှိုက်ကန် စီမံကိန်းကြောင့်ဟုဆိုကာ ပြောင်းရွှေ့ခိုင်းထား

ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံအနီး နေထိုင်သူများကို အမှိုက်ကန် စီမံကိန်းကြောင့်ဟုဆိုကာ ပြောင်းရွှေ့ခိုင်းထား


Thursday, August 22, 2013

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် အမှိုက်ကန် စီမံကိန်းအရ ဆက်လက်တူးဖော်ရန်အတွက် ဆယ်စုနှစ် တစ်ခုအကြာ နေထိုင်လာသူများကို သြဂုတ်လကုန်တွင် ပြောင်းရွှေ့ရန် စေခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူများ၊ ဒလမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများသည် ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီး နေထိုင်သူများကို သြဂုတ် ၁၆ ရက်တွင် ယင်းသို့ပြောင်းရွှေ့ ဖျက်သိမ်းပေးရန်အတွက် နောက်ဆုံးအကြိမ် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

"သူတို့တွေ ကျွန်တော်တို့ကို ဒီကပြောင်းရွှေ့ဖို့အတွက် အကြောင်းကြားစာ ပို့ထားတယ်။ သူတို့ပြောင်းခိုင်းတိုင်း ပြောင်းဖို့က ကျွန်တော်တို့မှာ တခြားနေစရာ မရှိဘူး။ ဒီနေရာမှာ ၁၉၉၉ ကတည်းက နေလာတာ။ တိုင်းမှူးဦးခင်မောင်သန်း လက်ထက်မှာ ဒလမြို့နယ် စိမ်းလန်းစိုပြည်ရေး အတွက်ဆိုပြီး ခြံကွက်တွေဖော် စိုက်ပျိုးရေး လုပ်ခဲ့တယ်။ နာဂစ်ဖြစ်တော့ ရေငန်တွေဝင်လို့ စိုက်ပျိုးရေး လုပ်ငန်းတွေ ပျက်စီးသွားတယ်။ စိုက်ပျိုးရေး မလုပ်ရပေမယ့် ဒီတိုင်းနေလာခဲ့ကြတာ ဒီနှစ်ပိုင်း ဖေဖော်ဝါရီလမှာစပြီး အမှိုက်ကန် စီမံကိန်းကြောင့်ဆိုပြီး ပြောင်းရွှေ့ဖျက်သိမ်းပေးဖို့ အကြောင်းကြားစာတွေ ခဏခဏ ပို့လာတယ်" ဟု အကြောင်းကြားစာ လက်ခံရရှိသူ ဦးဟန့်ညွန့်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ဖေဖော်ဝါရီလတွင် တစ်ကြိမ်၊ မတ်လတွင်နှစ်ကြိမ်နှင့် ယခု သြဂုတ်လတွင် စတုတ္ထအကြိမ်နှင့် နောက်ဆုံးအကြိမ်ဖြင့် အကြောင်းကြားခြင်းဖြစ်ပြီး သြဂုတ် ၃၀ ရက်ထိ ပြောင်းရွှေ့ဖျက်သိမ်းခြင်း မပြုပါက မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ နည်းဥပဒေများ အခန်း (၁၁) နည်းဥပဒေ (၄၇)(၄၈) တို့အရ ခွင့်ပြုမဲ့ ကျူးကျော်မှုများဖြင့် နည်းဥပဒေများအတိုင်း ဖျက်သိမ်းဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက "ဒီကိစ္စကို အဓိက လုပ်တာက စည်ပင်က လုပ်တာပါ။ စည်ပင်ရဲ့ အပြောအရ ကျူးကျော်နေထိုင်တဲ့ သူတွေကို ဖယ်ပေးဖို့ အကြောင်းကြားစာ ထုတ်ထားပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယင်းအမှိုက်ပုံအနီး နေထိုင်သော တဲအိမ် ၁၁ လုံးသည် ဒလမြို့နယ်၊ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ ဧရိယာအတွင်းတွင် ကျူးကျော်ဝင်ရောက်နေမှုကို စိစစ်တွေ့ရှိရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒေသခံများကို ပေးပို့သော အကြောင်းကြားစာတွင် ဖော်ပြထားသည်။

သြဂုတ် ၃၀ ရက် နောက်ဆုံးထား ကျူးကျော်တဲများ ဖျက်သိမ်းပြောင်းရွှေ့ရန် ရန်ကုန်မြို့တော် စည်ပင်မှ အကြောင်းကြားစာ ကပ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အေးချမ်းမွန်..............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map