ယောသူလေး
ကြည့်လေရာရာ တောင်စဉ် တောင်တန်းတွေ
ဝန်းရံထားသော မြို့၊ အထင်ကရ ရှိတဲ့မြို့၊ သမိုင်း ရာဇဝင်ရှိတဲ့ မြို့၊
လူသားအစ မျိုးနွယ်ကို ရှာဖွေ တွေ့ရှိနိုင်တဲ့ သမိုင်း အထောက်အထားတွေ
တွေ့ရှိရာ
ပုံတောင်၊ ပုံညာ တောင်တန်းတွေကို
ဖြတ်ကျော် သွားရတဲ့ မြို့လို့ ဆိုလိုက်ရင်ပဲ ယောတို့ရဲ့ မြို့တော်
ဂန့်ဂေါမြို့ ဆိုတာကို မကြေညာလည်း လူသိပြီးသားပါ။
ကျွန်မ အဲဒီမြို့လေးကို ဒုတိယအကြိမ်
ပြန်လည် ရောက်ရှိခဲ့ခြင်း ပေါ့။ ၁၉၉၄ ခုနှစ် ဝန်းကျင်က သစ်တော
ဝန်ထမ်းဖြစ်တဲ့ ကျွန်မရဲ့ ဖခင် တာဝန်ကျလို့ ပထမအကြိမ် ယောမြို့လေးကို
ရောက်ခဲ့ပါတယ်။ ရိုးသား ပွင့်လင်းမှုတွေနဲ့ ချစ်စရာ စကားပြောဟန် ဓလေ့လေးက
ယောသူ၊ ယောသားတွေရဲ့ ဖြူစင်မှုကို မြင်စေခဲ့ ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ
ဒီမြို့လေးကို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိခဲ့ ပြန်ပါတယ်။ ၁၉၉၄ခု
နှစ်ဝန်းကျင် ကဂန့်ဂေါမြို့ လေးက ရထားလမ်း ဖွင့်လှစ်နိုင်ဖို့ တာစူ
နေချိန်ပေါ့။ အခုလို ကိုယ်ထူကိုယ်ထ မီးလဲ သိပ်မ လင်းသေးဘူး။ ကလေး- ဂန့်ဂေါ
ရထားလည်း မပြေးဆွဲသေး ဘူးလေ။ ၂ဝ၁၃ ခုနှစ် ရောက်တော့ ပြောင်းလဲ မှုတွေ
တွေ့ရပြီ မဟုတ်လား ''မီးသားလေး'' (သမီးလေး)လို့ ခင်မင်ရတဲ့ ယောသူ အမေကြီး
(ဒေသ အခေါ် အပေါင်) က ဆိုပါတယ်။
ဟုတ်ပါတယ်။ ပြောင်းလဲမှု တချို့
တွေ့ရပြီပေါ့။ မီးရောင်စုံ လင်းနေတဲ့ မြေပြန့်ကနေ ကျွန်မတို့ မိသားစု
ဂန့်ဂေါကို ပထမအကြိမ် စရောက်တော့ ဂန့်ဂေါမြို့လေးက ညနေ နေဝင်ပြီ ဆိုတာနဲ့
စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ကွမ်းယာဆိုင်ပါ မကျန် မီးများပိတ်လို့
တိတ်ဆိတ် ငြိမ်သက်လျက်။ အဲဒီကာလတွေမှာ ဂန့်ဂေါမြို့ရဲ့ ညပိုင်း
သက်ဝင်လှုပ်ရှားမှုတွေကို သဘာဝ အလင်းတွေနဲ့ တောက်ပနေတဲ့ လမင်းကြီး ပြည့်ဝ
နေချိန် မြန်မာတို့ရဲ့ အထင်ကရ နေ့ရက် ပွဲကာလများမှသာ တွေ့နိုင်ပါတယ်။
ကျန်ကာလများ မှာတော့ လျှပ်စစ်မီး ဆိုတာ ရဲရဲနီနေတဲ့ ခရမ်းချဉ်သီး
မျှသာဆိုတော့ မြို့လေး ငြိမ်သက်နေတာ မဆန်း။ ''မီးသားလေး'' (သမီးလေး) အခု
မြင်နေရတဲ့ လျှပ်စစ်မီးက ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထ စီးပွားရှာသူတွေ
လစာနဲ့ ပေးထားတဲ့ ရပ်ကွက် မီးလေ။ မီတာရှိတဲ့အိမ် တချို့တော့ ရက်ခြား
အလှည့်ကျ လျှပ်စစ်ရုံးက မီးစက်ကြီး နှိုးပြီး ပေးတဲ့မီးကို ရကြတယ်'' လို့
သစ်တောဝန်ထမ်း ဦးလေး တစ်ယောက်က ရှင်းပြသည်။
အခုတော့ ဂန့်ဂေါမြို့က ကိုယ်ထူကိုယ်ထ
မီးတွေနဲ့ ည ၁ဝ နာရီ ဝန်းကျင်ထိ သက်ဝင်လှုပ်ရှားမှု အချို့ ရှိနေပါပြီ။
ယောတို့ရဲ့ မြို့တော်ဖြစ်တဲ့ ဂန့်ဂေါမြို့လေးမှာ လျှပ်စစ်မီးသာမက
ရေရရှိမှုကလည်း ပြည်သူတွေ အတွက် မကြာခဏ ပျော်စရာတွေ ဖြစ်နေ ပြန်ပါတယ်။
မီးရတဲ့မြို့တွေမှာ မီးပျက်ပြီး မီးပြန်လာရင် ''ဟေး ..''ဆိုတဲ့
အော်ဟစ်သံနဲ့ အတူ ပြည်သူအများ ပျော်ခဲ့ရသလို ဂန့်ဂေါမြို့မှာလည်း (ရေ
ခက်ခဲသော ရပ်ကွက် အချို့) ရက်ခြားပေးတဲ့ စည်ပင်ရေ အချိန်မှန်လာရင် ''ဟေး
ရေလာပြီ ဟေ့'' ဆိုတဲ့ ဝမ်းမြောက်ဝမ်းသာ အော်ဟစ် သံတွေက ကြားရသူကိုပါ
အပျော်ပီတိ ကူးဆက် စေပြန်ပါတယ်။
ဂန့်ဂေါမြို့လေးက ထီးလင်းမြို့၊
ဆောမြို့စတဲ့ ယောတို့ရဲ့ မြို့တော်ပါ။ ယောမြို့တော်ကို သွားမယ်ဆိုရင်
မန္တလေးကနေ မိုင် ၂ဝဝ ဝန်းကျင်၊ မုံရွာမြို့ကနေ ၁၁၂ မိုင်၊ ကလေးမြို့ကနေ ၈၇
မိုင်၊ ဟားခါးမြို့ကနေ ၈၉ မိုင်နဲ့ ပခုက္ကူမြို့ကနေ ၁၄၅ မိုင် အကွာအဝေးကို
ဖြတ်ကျော် သွားရမှာပါ။ ဂန့်ဂေါမြို့ကို မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့
ပြောင်းပြန် စီးဆင်းတဲ့ မြစ်တွေထဲက တစ်မြစ်ဖြစ်တဲ့ မြစ်သာမြစ်က
နှစ်ပိုင်းခွဲလို့ ထားပြန် ပါတယ်။ ဒါ့ကြောင့် အရှေ့ဂန့်ဂေါနဲ့
အနောက်ဂန့်ဂေါ ရယ်လို့ ဖြစ်တည် နေပါတယ်။ အရှေ့ဂန့်ဂေါက ဌာနဆိုင်ရာ ရုံးများ
စိုက်ရာ ဖြစ်လို့ ဒေသအစုံက ဝန်ထမ်းတွေကို တွေ့နိုင်ပါတယ်။
အနောက် ဂန့်ဂေါကတော့ ယောစစ်စစ်တွေနဲ့
ချင်းတိုင်းရင်းသားများ နေထိုင်မှုများပြီး စိုက်ပျိုးရေးနဲ့ အသက် မွေးသူ
များပါတယ်။ ယောမြေရဲ့ အထင်ကရ ထွက်ကုန်ကတော့ ယောထဘီနဲ့ ပဲမျိုးစုံပေါ့။
''ယောသူ၊ ယောသားတွေက ဘာသာတရား ကိုင်းရှိုင်းကြတယ်။ အရှေ့ဂန့်ဂေါမှာဆို
အလောင်းစည်သူမင်း တည်ထား ခဲ့တဲ့ သမိုင်းဝင် ရွှေပြည်ဆိပ်ဦး ဘုရားကြီးနဲ့
သာသနာ့ဗိမာန် အဆောက်အအုံကြီး အထင်ကရ ရှိသလို အနောက် ဂန့်ဂေါမှာလည်း
သမိုင်းဝင် ဆွေတော်မြတ် စေတီတော်ကြီးက အထင်ကရပါ။ ကျွန်မတို့ ဒေသမှာ
ရပ်ကွက်အလိုက် ကျင်းပကြတဲ့ မုန့်စားပွဲ ဆိုတာကလည်း ပျော်စရာ အရမ်းကောင်း
ပါတယ်။ ဒါကလည်း ဘာသာရေး ပွဲပါ'' လို့ ဒေသခံ ယောသူပျိုမေ တစ်ဦးက
ဂုဏ်ယူစွာနဲ့ ဖွင့်ဆိုပြန်ပါတယ်။
ပေ ၃၅၂ဝ မြင့်တဲ့ ပုံညာတောင်နဲ့ ပေ ၃ဝဝဝ
ကျော် အမြင့်ရှိတဲ့ ပုံတောင် တောင်တန်းတွေကို ကျော်ဖြတ် သွားလာရတဲ့ ယောတို့
ဒေသလေးမှာ အခုဆိုရင် ဖွံ့ဖြိုးတိုးတတ်မှု အချို့ကို တွေ့မြင် နေရပါပြီ။
ယခင် သွားလာရ ခက်ခဲတဲ့ မန္တလေး- ဂန့်ဂေါ ခရီးစဉ်ကလည်း အခုဆိုရင် စူပါကာစတန်
ကားလေးတွေနဲ့ သက်သောင့် သက်သာ သွားလာ နိုင်ခဲ့ပါပြီ။
ကိုယ်ထူကိုယ်ထ မီးစနစ်နဲ့ ည ၁ဝ နာရီ
ဝန်းကျင်ထိ လင်းနေတဲ့ ယောမြို့လေးက ည ၁ဝ နာရီ နောက်ပိုင်း မှာတော့ သဘာဝက
ပေးတဲ့ အလင်းရောင် အောက်မှာ တိတ်ဆိတ်ငြိမ်သက်စွာ လှပနေလေရဲ့။ အထင်က ရတွေ
များစွာရှိပြီး ခရိုင်မြို့တစ်မြို့လည်း ဖြစ်နေတဲ့ ယောမြို့လေးကို တခြားသော
ခရိုင်မြို့များ နည်းတူ မြို့ပြဆန်စွာ လျှပ်စစ် အသုံးအဆောင် ပစ္စည်းတွေနဲ့
ခေတ်မီစွာ မြင်တွေ့နိုင်ဖို့ရာ မဝေးတဲ့ အနာဂတ် မျှော်လင့်ချက်တွေတော့
တွေ့နေရပါပြီ။ လျှပ်စစ်မီးတွေ လင်းနိုင်ဖို့ နိုင်ငံတော်က စီမံချက်နဲ့
ဆောင်ရွက် နေတဲ့ လျှပ်စစ်မီး သွယ်တန်းရေး စီမံကိန်း မြို့တွေထဲမှာ
ဂန့်ဂေါမြို့လည်း ပါဝင်နေပါတယ်။ ဒါ့ကြောင့် ၂ဝ၁၃- ၂ဝ၁၄ ခုနှစ်
အတွင်းမှာတော့ သဘာဝအလင်းနဲ့ လှပနေတဲ့ ယော မြို့တော်လေး ရောင်စုံမီးများ
ထွန်းလင်းခြင်းဖြင့် အလှကြွယ်ပါစေလို့ မျှော်လင့် ဆုမွန် ခြွေရင်း
ယောတို့မြို့တော် အကြောင်းကို ရေးသား လိုက်ရပါသည်။ ။


0 comments:
Post a Comment