<div style='background-color: none transparent;'></div>

Home » » လိုင်စင်မဲ့ စည်းကမ်းမဲ့ ဆိုင်ကယ်များ အန္တရာယ်မှ ကင်းရှင်းရေး =================================

လိုင်စင်မဲ့ စည်းကမ်းမဲ့ ဆိုင်ကယ်များ အန္တရာယ်မှ ကင်းရှင်းရေး =================================

ဇင်မာသင်း
စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး ဒေသများတွင် လိုင်စင်မဲ့ စည်းကမ်းမဲ့ ဆိုင်ကယ်များ ရမ်းကားစွာ မောင်းနှင်မှုကြောင့်
အန္တရာယ် ကြုံတွေ့ရသော သတင်းဖြစ်ရပ်၊ ဆေးရုံရောက် သတင်း၊ အချင်းချင်း ညှိနှိုင်းပြီး အလျော်အစား များဖြင့် ကျေအေးလိုက်သော သတင်း မှုခင်းမျိုးစုံကို ကြားသိ နေရသည်။
လမ်းလျှောက်နေသူကို အရက်မူးပြီး ဆိုင်ကယ်မောင်းနှင်သူက ဝင်တိုက်၍ အလျော်အစား ပြုလုပ်ကာ ဆေးကုသ ခံလိုက်ရသော သတင်း၊ အမောင်းရမ်းကာ အရမ်းမောင်း၍ အရှိန် မထိန်းနိုင်ဘဲ ဓာတ်တိုင်ကို ဝင်တိုက်သော သတင်း စသည့် စသည့် သတင်းများကို မကြာခဏ ကြားသိနေရသည်။
 ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကြပ်မတ်နိုင်ရေး အတွက် သတင်းစာ၊ ဂျာနယ်များတွင် အကြိမ်ကြိမ် အခါခါ ရေးသား တင်ပြခဲ့သော်လည်း ယနေ့တိုင် ထူးမခြားနားပင်။
အများပြည်သူများ ပူးပေါင်း ဆောင်ရွက်ကြမှ အမြစ်တွယ်နေသော စည်းမဲ့ကမ်းမဲ့ မောင်းနှင်မှု၊ လိုင်စင်မဲ့ စီးနင်းမှု ပြဿနာ တို့ကို ဖြေရှင်းနိုင်မည် ထင်ပါသည်။ လိုင်စင်မဲ့ ဆိုင်ကယ်များကို မြို့အဝင်က ကြပ်မတ်ပြီး ကျေးရွာ ဒေသ များမှ မောင်းနှင်လာသော ဆိုင်ကယ်များကို မြို့အဝင် ဘီးခွန်ကောက်ရာဌာနမှ စိစစ်ပြီး ကြပ်မတ် ဆောင်ရွက်သင့်ပါပြီ။ လိုင်စင်မဲ့ ဆိုင်ကယ်များကို ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ခရီးသွား ပြည်သူများ စိတ်ချမ်းမြေ့ စေရေးအတွက် ထိရောက်စွာ အရေးယူဖို့ ဒေသခံမြို့မိ မြို့ဖများက ဆန္ဒရှိ နေကြသည်။
မြို့တွင် သတ်မှတ်ထားသော ကားရပ်နား စခန်းများ တိကျစွာ မရှိခြင်း၊ မြို့တွင်း ယာဉ်သွားယာဉ်လာ ရှုပ်ထွေးသော နေရာများ၌ ယာဉ်များ ရပ်နားထားခြင်း၊ ယာဉ် မရပ်ရ ဆိုင်းဘုတ်များဖြင့် တားမြစ်မှု မရှိခြင်း၊ စည်ပင်ဈေး ဧရိယာတွင် ပျံကျဈေးသည်များဖြင့် ပြည့်နှက် ရှုပ်ထွေးနေခြင်း၊ ဆိုင်ခင်းကျင်း ရောင်းချသူများက စည်ပင် သတ်မှတ်ဧရိ ယာထက် ပိုမို ခင်းကျင်းနေကြခြင်း၊ စက်ဘီးရပ်စခန်း အပ်နှံရာ ဌာနများက သစ်သီး သည်များကို နေရာ ရောင်းစား ထားခြင်း၊ လမ်းမပေါ် ရောက်နေသော သစ်သီးသည်များကို နှစ်ရှည်လများ ခွင့်ပြု ထားခြင်းတို့ကြောင့် စည်ပင်ဈေးပတ်၊ ဗိုလ်ချုပ်လမ်း၊ ရွှေမင်းဝံလမ်း၊ (၈)လမ်း၊ (၉) လမ်း၊ (၁ဝ)လမ်း တစ်လျှောက် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်နေရသည်။
အကြောင်း အမျိုးမျိုးဖြင့် ခေတ္တ ရပ်နားနေသော ယာဉ်များကြောင့် လမ်းသွားလမ်းလာများ စိတ်ဒုက္ခကြီးစွာ ရောက်ကြ ရသည်။ ခရီးသည်တင် ယာဉ်များကလည်း နံနက်ပိုင်းတွင် စည်းကမ်းမဲ့ ပြေးဆွဲနေမှု၊ ညပိုင်းတွင် ကုန်တင်ယာဉ်၊ ခရီးသည်တင် ယာဉ်များ စည်းကမ်းမဲ့ မောင်းနှင် ရပ်နားထားမှုတို့ကြောင့် ကောလင်းဘူတာ အနီး တစ်ဝိုက် ခရီးသွား ပြည်သူများ သွားလာရေး လွန်စွာ ဒုက္ခရောက်ကြရသည်။ လူအများ အတွက် အကျိုးပြုသော လမ်းဆုံ လမ်းခွများတွင် ပိတ်ဆို့မှု၊ အနှောင့်အယှက် ဖြစ်နေမှု၊ သုံးဘီးဆိုင်ကယ်များ ဂိတ်မရှိဘဲ လမ်းလယ်ကောင်၌ ရပ်၍ လူအတင်အချ ပြုလုပ်ခြင်း၊ ရပ်နားထားခြင်း၊ ဈေးရောင်းဈေးဝယ် လူစည်ကားနေချိန် ကား၊ ဆိုင်ကယ်များ မဝင်ရောက်ရန် တားမြစ် ထားသော်လည်း ဝင်ထွက် သွားလာခြင်း များကို နေ့စဉ် မြင်တွေ့ နေကြရသည်။
နေ့စဉ် အခွန်အခ ပေးဆောင်ပြီး ဈေးရောင်းနေရသော သူများအတွက် အခွန်အခ ပေးဆောင်နေရ သော်လည်း လမ်းပိတ်ဆို့ ထားမှုကြောင့် ဈေးရောင်းဈေးဝယ် ပျက်ရခြင်း၊ ဈေးဝယ် လာကြသောသူများ၏ စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီး ဆိုင်ကယ်များ အချင်းချင်း ချိတ်မိ၊ ပွတ်တိုက်မိခြင်းများ မကြာခဏ ဖြစ်ကြရသည်။ ပွင့်လင်းသော နွေရာသီတွင် မီးဘေး အန္တရာယ်အတွက် စိုးရိမ်နေကြရစဉ် မြို့၏ ကျက်သရေ ဆောင် စည်ပင်ဈေးသည် စည်းကမ်းပြည့်ဝစွာဖြင့် ရပ်တည်ရမည့် အစား စည်းမဲ့ကမ်းမဲ့ဖြင့် တရားမဝင် ဆိုင်ကယ်များ၏ ဒဏ်ကို နေ့စဉ် ရင်ဆိုင် ကြုံတွေ့နေရပါသဖြင့် တားမြစ်သင့် ပါကြောင်း  ရေးသား တင်ပြ လိုက်ရပါသည်။    ။



 မြ၀တီ..............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map