<div style='background-color: none transparent;'></div>

Home » » မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကုန်တင်ပို့မည့် ကုန်တင်ကားများကို တွေ့ရစဉ်

မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကုန်တင်ပို့မည့် ကုန်တင်ကားများကို တွေ့ရစဉ်


တရုတ်နိုင်ငံဘက်မှ မြန်မာ့တန်းမြင့်ဆန်များအား နယ်စပ်မှတစ်ဆင့် အ၀ယ်များနေပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ မှ ၄၆၀ ကြား ရရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မူဆယ်ရုံးခွဲမှ သိရသည်။
ဇူလိုင်လ အတွင်း၌ မြန်မာ့ဆန်များအား နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှုဈေးဖြင့် ယှဉ်ပြိုင်ရခြင်းကြောင်း ဈေးပိုသက်သာသည့် နိုင်ငံမှဆန်အား ၀ယ်ယူမှု ရှိခဲ့သဖြင့် နယ်စပ်မှ တစ်ရက်ဆန်တင်ပို့နိုင်မှု တန်ချိန်မှာ ယခင်ကာလများဖြင့် နှိုင်းယှဉ်ပါက ၆ ဆနီးပါးအထိ ထိုးဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။
ယခု သြဂုတ်လအတွင်း၌ ဈေးကွက်ထဲသို့ ဒေသစုံမှ ဆန်အ၀င်များနေပြီး တရုတ်ဘက်မှလည်း တန်းမြင့် ဆန်ဆိုပါက ပိုမိုဝယ်ယူလာကြောင်း သိရသည်။
"ဈေးကွက်ထဲမှာ ဆန်အ၀င် များလာတယ်။ ဒီအချိန်မှာ လှောင်လက်တွေကလည်း ထုတ်ရောင်းလာတဲ့ အနေအထားမျိုး ဖြစ်နေတော့ ပို့နိုင်တဲ့ ဆန်ပမာဏ အလုံအလောက် ရှိတယ်။ အခုလတ်တလောမှာ တရုတ်ဘက်ကလည်း ဆန်လှတယ်၊ တန်းဝင်တယ်ဆိုရင် အ၀ယ်များတယ်။ မူဆယ်ကုန်သွယ်ရေး စခန်းကို ဆိုရင် တစ်ရက်ကို ဆန်တန်ချိန် ၁၀၀၀ ကနေ ၁၂၀၀ ကြား အ၀င်ရှိတယ်" ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မူဆယ်ရုံးခွဲမှ ဒုတိယဥက္ကဌ ဦးချမ်းသာဦးက ပြောကြားသည်။
ပြည်တွင်းဈေးကွက် အတွင်း၌ ဇူလိုင်လအတွင်း၌ ဆန်ဈေးမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ရာ ပြည်ပတင်ပို့မည့် ဈေးကွက်သို့သွားမည့် ဆန်များပင် ပြည်တွင်းဈေးကွက်ဘက်သို့ ပြန်လည်ရောင်းချမှုများ ရှိခဲ့ပြီး ယခုအခါ နိုင်ငံတော် အရန်ဆန်များ ထုတ်ရောင်းပေးမှုများကြောင့် ဆန်ဈေးတည်ငြိမ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံဘက်သို့ နယ်စပ်မှ ဆန်တင်ပို့ရာတွင် ၅ မှတ်ဆန် အမျိုးအစား တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၅၀ မှ ၄၆၀ ကြားရရှိပြီး ၂၅ မှတ်ဆန် ဆိုပါက အမေရိကန်ဒေါ်လာ ၄၀၅ မှ ၄၁၀ ကြား ရရှိကြောင်း သိရသည်။ 
Eleven Media Group
 
 
မြ၀တီ..............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map