<div style='background-color: none transparent;'></div>

Home » » တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား ပျော့ပျောင်းစွာ ဝေဖန်

တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား ပျော့ပျောင်းစွာ ဝေဖန်



ဆိုးလ်၊ သြဂုတ် ၂၁

ယခင်က တောင်ကိုရီးယားနှင့် အမေရိကန်တို့ မြောက်ကိုရီးယားနားတွင် စစ်ရေး လေ့ကျင့်ကြတိုင်း ပြင်းထန်စွာ တုံ့ပြန် ပြောဆိုတတ်သော မြောက် ကိုရီးယားသည် ယခုနောက်ဆုံး အမေရိကန်-တောင်ကိုရီးယား စစ်ရေး လေ့ကျင့်မှုကို လေသံ ပျော့ပျော့ဖြင့်သာ ယခင်နှင့်မတူ ပြောဆို သတိပေးခဲ့ ကြောင်း VOA သတင်း တစ်ရပ်က ဖော်ပြထားသည်။

မြောက်ကိုရီးယားဘက်မှ ကိုရီးယား ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး ကော်မတီက ထုတ်ပြန်ချက်တွင် စစ်ရေးလေ့ကျင့်ခန်းကို ထောက်ပြ ပြောဆိုသွားမှုများရှိသော်လည်း သေသေချာချာ ပြစ်တင် ဝေဖန်ခြင်းများ မပြုလုပ်ခဲ့ပေ။

စစ်ရေးလေ့ကျင့်မှုကို ပြင်းထန်စွာ ပြစ်တင် ပြောဆိုမှု မပြုလုပ်ခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်က တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟီး၏ စစ်ရေး အစောင့်အကြပ် ထားရန်နှင့် စစ်ပွဲကို မမေ့ကြရန် ပြောဆိုခဲ့ခြင်း အပေါ်ကို မြောက်ကိုရီးယားက ဝေဖန် ပြစ်တင်ခဲ့သည်။

သို့သော် တောင်ကိုရီးယား သမ္မတကို အပြစ်ဆိုခဲ့ရာတွင်ပင် နာမည်တပ်ပြီး တိုက်ရိုက်ပြောခဲ့ခြင်း မဟုတ်ဘဲ တောင်ကိုရီးယား၏ ယင်းသို့ ပြောဆိုခြင်း သည် ဆွေးနွေးပွဲ ရလဒ်ကို ထိခိုက်နိုင်ကြောင်း၊ ထိပ်တိုက်တွေ့ရေး လမ်းကြောင်းကို တောင်ကိုရီးယားက ရွေးချယ်ပါက မထိန်းသိမ်းနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများ ဝင်လာနိုင်ကြောင်းကိုသာ တန်ပြန် သတိပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက ယခု ထုတ်ပြန်လိုက်သော သဘောထားသည် ယခင်က ပြောဆိုခဲ့ပုံများနှင့် နှိုင်းယှဉ်ပါက အလွန့်အလွန် သိမ်မွေ့ လာကြောင်း လိဒ်စ် တက္ကသိုလ်မှ ကိုရီးယားရေးရာ ပညာရှင် ဖော့စတာ ကာတာက သုံးသပ် ပြောကြားခဲ့သည်။

“နွေဦးရာသီတုန်းက ကျွန်တော်တို့ တွေ့ခဲ့သလို အော်ကြီးဟစ်ကျယ် ရန်လိုစကား မပြောခဲ့ပါဘူး။ ဒါဟာ ကြမ်းတမ်းတဲ့ ကြေညာချက်တစ်ရပ် မဟုတ်တဲ့အတွက် သတိထားပြီး ချီးကျူးပါတယ်။ သမ္မတပတ်ခ်ကိုလည်း နာမည်နဲ့တပ် မပြောသွားခဲ့ဘဲ အမေရိကန်ကိုလည်း ပြစ်တင်မှု မလုပ်ခဲ့ပါဘူး။ စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း မြောက်နှင့် တောင်ကိုရီးယားတို့သည် ပူးတွဲ စက်မှုဇုန် ကေဆောင်း ကို ပြန်လည် ဖွင့်လှစ်ရေးအတွက် သဘောတူညီ ခဲ့သေးသည်။

ထို့ပြင် ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ကိုရီးယား စစ်ပွဲကြောင့် ကွဲကွာခဲ့ ရသော မိသားစုများ ပြန်လည် ဆုံစည်းရေး အတွက် ညှိနှိုင်းမှု သဘော တူညီမှု ရရှိခဲ့သေးသည်။

မြောက်ကိုရီးယားက နျူးကလီးယား စမ်းသပ်ခြင်း၊ ဒုံးကျည် ပစ်လွှတ်ခြင်း၊ ဝါရှင်တန်နှင့် ဆိုးလ်တို့ကို နျူကလီးယားစစ်ပွဲ ဆင်နွှဲမည်ဟု ခြိမ်းခြောက်ခြင်း စသည့် အခြေအနေများအထိ မြောက်ကိုရီးယားက တင်းမာခဲ့ကာ ကုလသမဂ္ဂကလည်း ယင်း ကွန်မြူနစ်နိုင်ငံကို ပိတ်ဆို့ အရေးယူမှုများ မြှင့် တင်ခဲ့သည်။

မြောက်ကိုရီးယား၏ ဆွေးနွေးဝိုင်းများသို့ ပြန်လည် ဦးလှည့်လာသည့် အရိပ်အယောင် ပေါ်လစီ များသည် ယင်းနိုင်ငံ၏ ရေရှည် မဟာမိတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိအားပေး တိုက်တွန်းမှု များကြောင့် ဖြစ်နိုင်ကြောင်း သတင်း မီဒီယာသမားများက သုံးသပ်ကြသည်။

အေးချမ်းမွန်....................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map