<div style='background-color: none transparent;'></div>

Home » » ကောက်တမ်းအရ အတိုက်ခံခေါင်းဆောင်ကို ပိုကြိုက်နှစ်သက်ကြ

ကောက်တမ်းအရ အတိုက်ခံခေါင်းဆောင်ကို ပိုကြိုက်နှစ်သက်ကြ


Friday, August 16,2013

သြစတြေးလျနိုင်ငံမှာ ရွေးကောက်ပွဲမတိုင်ခင် ရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတဲ့ ကြိုတင်ကောက်တမ်းတွေကို ပြုလုပ်လေ့ရှိပြီး ကောက်တမ်းတွေအရ အတိုက်အခံပါတီခေါင်းဆောင် တိုနီအာဘော့တ်ကို ဝန်ကြီးချုပ် ကယ်ဗင်ရဒ်ထက် ပထမဆုံးအကြိမ် ကြိုက်နှစ်သက်မှုက ပိုများနေပါတယ်။

အရင် တုန်းက ပြုလုပ်တဲ့ ကောက်တမ်း တိုင်းမှာ လက်ရှိဝန်ကြီးချုပ် ကယ်ဗင်ရဒ်ကို ပိုမို ကြိုက်နှစ်သက် ကြကြောင်း ပြသလေ့ရှိပေမယ့် ဒီတချီမှာတော့ လက်ရှိ ဝန်ကြီးချုပ်ကို ကြိုက်နှစ်သက်မှုက ၄၁% သာရှိပြီး အတိုက်အခံ ခေါင်းဆောင် တိုနီအာဘော့တ်ကို ကြိုက်နှစ်သက် မှုနှုန်းက ၄၇ % ရှိနေပါတယ်။

Newspoll ကောက်တမ်းမှာ အတိုက်အခံပါတီခေါင်းဆောင်ကို ကြိုက်နှစ်သက်မှု ပိုများတယ်လို့ ဖော်ပြခဲ့ပေမယ့် National ကောက်တမ်းမှာတော့ လက်ရှိဝန်ကြီးချုပ်ကို ကြိုက်နှစ်သက်မှု ပိုများကြောင်း ဖော်ပြထားပါတယ်။

သြစတြေးလျနိုင်ငံက သက်ကြီးရွယ်အိုတွေအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ကတော့ သြစတြေးလျနိုင်ငံက ဝန်ကြီးချုပ် ကယ်ဗင်ရဒ်ဦးဆောင်တဲ့ လေဘာပါတီနဲ့ အတိုက်အခံခေါင်းဆောင် တိုနီအာဘော့တ် ဦးဆောင်တဲ့ လစ်ဘရယ်ပါတီ နှစ်ခုစလုံးက သက်ကြီးရွယ်အိုတွေ သူတို့ပါတီကို မဲပေးလာအောင် လုပ်ဆောင်တာ မတွေ့ရဘူးလို့ ပြောပါတယ်။

သက်ကြီးရွယ်အိုတွေက စီးပွားရေး ကောင်းမွန်ဖို့၊ နေထိုင်စရိတ်သက်သာဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်တဲ့ ပေါ်လစီကို ဘယ်အဖွဲ့က ချမှတ်မလဲဆိုတာကို အဓိက စောင့်ကြည့်နေပေမယ့် ခုချိန်ထိ ဘယ်ပါတီကမှာ ကောင်းမွန်တဲ့ အဖြေမပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံက မဲပေးနိုင်သူ စုစုပေါင်း လူဦးရေရဲ့ ၄၇% ဟာ အသက် ၅၀ အထက်ရှိသူတွေဖြစ်တဲ့အတွက် အစိုးရဖြစ်ချင်တဲ့ ပါတီတွေအနေနဲ့ အလေးထားရမယ့် လူအုပ်စု ဖြစ်ကြောင်းလည်း ထောက်ပြကြပါတယ်။

လောလောဆယ် နိုင်ငံရေးပါတီတွေအကြား အပြိုင်အဆိုင် ပြောဆိုနေကြတာကတော့ စီးပွားရေး ကောင်းမွန်အောင် ပြုလုပ်ဖို့နဲ့ လှေတွေနဲ့ ခိုးဝင်လာတဲ့ ကိစ္စ ဖြေရှင်းဖို့သာဖြစ်ပါတယ်။

အစိုးရပါတီရော အတိုက်အခံပါတီပါ လှေတွေနဲ့ ခိုးဝင်လာကြသူတွေရဲ့ ပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ်ဆိုတာ ပြောဆိုနေကြတုန်းမှာပဲ အလည်အလတ် အင်အားရှိတဲ့ Katters Australian Party ကတော့ သူတို့သာ အာဏာရမယ်ဆိုရင် လှေတွေနဲ့ ခိုးဝင်လာမှုတွေ လုံးဝမရှိအောင် လုပ်မယ်လို့ ပြောပါတယ်။

အစိုးရပါတီရော အတိုက်အခံပါတီပါ ငွေရေးကြေးရေး အင်အား၊ လူအင်အား အပြည့်ရှိတဲ့ကြားက ဒီပြဿနာကို မဖြေရှင်းနိုင်ပေမယ့် သူတို့မှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ပြောပါတယ်။

သူတို့ပါတီရဲ့ ပေါ်လစီအသေးစိတ်ကို လာမယ့်တစ်ပတ်မှာ ထုတ်ပြန်သွားပြီး ဘယ်လို လုပ်ဆောင်မယ်ဆိုတဲ့ နည်းလမ်းတွေ ပြသသွားမယ်လို့ ပြောပါတယ်။

မဲဆွယ်စည်းရုံးရေး ကာလအတွင်း အပြိုင်မဲဆွယ်နေကြတဲ့ အတိုက်အခံပါတီခေါင်းဆောင် တိုနီအာဘော့တ် (ဝဲ) နဲ့ ဝန်ကြီးချုပ် ကယ်ဗင်ရဒ်(ယာ) (Credit: AAP)

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map