ချန်ပီယံ လိဂ်နှင့် ယူရိုပါလိဂ်တို့သည်
ဥရောပ ကလပ် ပြိုင်ပွဲများတွင် အဆင့်အမြင့်ဆုံး ဖြစ်ပြီး ၎င်းပြိုင်ပွဲ
နှစ်ခုတွင် ချန်ပီယံ ဖြစ်သည့် နှစ်သင်းကို ဘောလုံး ရာသီအစ သြဂုတ်လ
နောက်ဆုံးပတ်၌ ဥရောပ စူပါဖလားပြိုင်ပွဲ အမည်ဖြင့် ယှဉ်ပြိုင် ကစားစေခြင်း
ဖြစ်သည်။ ယမန်နှစ် ချန်ပီယံလိဂ် ဖလားပိုင်ရှင် ဘေယန်မြူးနစ်နှင့်
ယူရိုပါလိဂ် ချန်ပီယံ ချယ်လ်ဆီး အသင်းတို့ ချက်နိုင်ငံ ပရက်စ်မြို့ရှိ
ပရိသတ် ၂၁ဝဝဝ ဆံ့ အေဒမ် အရီနာ ကွင်းတွင် ယှဉ်ပြိုင်ကြပေမည်။
ဥရောပစူပါဖလားပြိုင်ပွဲသမိုင်းကြောင်းကို
လေ့လာကြည့် လျှင် ၁၉၇၃ ခုနှစ်က စတင်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် မကျင်းပ
ဖြစ်ပေ။ ၁၉၇၅ ခုနှစ်မှ ပြန်လည်ကျင်းပခဲ့ရာ ယခုဆိုလျှင်
(၃၈)ကြိမ်မြောက်ဖြစ်သည်။ ပြိုင်ပွဲ၏ ဗွေဆော်ဦးချန်ပီယံမှာ
အေဂျက်အသင်းဖြစ်သည်။ နှစ်ကြိမ်ဆက် ဆုရတစ်သင်း တည်း သာ ထူးခြားစွာရှိပေရာ
၎င်းမှာ ၁၉၈၉၊ ၁၉၉ဝ ချန်ပီယံ အေစီ မီလန် အသင်းဖြစ်သည်။
ပြိုင်ပွဲသမိုင်း တစ်လျှောက်
အေစီမီလန်(၅)ကြိမ်၊ ဘာစီလိုနာ (၄)ကြိမ်နှင့် လီဗာပူး(၃)ကြိမ်စီ အကြိမ်
အများဆုံး ဗိုလ်စွဲ သည့် မှတ်တမ်းရှိထား ကြသည်။ ယခင်ကပြိုင်ပွဲကို
နှစ်ကျော့စနစ်ဖြင့် ကစားစေပြီး ၁၉၉၈ ခုနှစ်မှစ၍ တစ်ကျော့ စနစ်သာ ကစားခဲ့ရာ
အဆိုပါနှစ်တွင် ချယ်လ်ဆီးအသင်း ချန်ပီယံဆု ရရှိခဲ့သည်။ ယခုနှစ်ပြိုင်ပွဲမှ
စ၍ လက်ခံ ကျင်းပမည့် ကွင်းကို ဥရောပတိုက်ရှိ မြို့ကြီးများတွင်
အလှည့်ကျစနစ် ကျင်းပရန် စီစဉ် ထားပေးသည်။
ဘေယန်မြူးနစ် (ဂျာမနီ)- ချယ်လ်ဆီး (အင်္ဂလန်)
(၃၁-၈-၂ဝ၁၃) နံနက် (ဝ၁း၁၅)နာရီ
ဂျာမနီ အသင်းများတွင် ထိပ်တန်း အဆင့်ရှိ
ဘေယန်သည် ၎င်းတို့၏ အထက်မြက်ဆုံး ပုံစံကို ယခင်နှစ် ရာသီတွင် ပြသ၍ အဓိက
ဆုဖလားများ ရယူထားပြီး လက်ရှိ ပြည်တွင်းပွဲတွင် ရလဒ် ကောင်းနေသည်။ ဥရောပ
စူပါဖလားကို သုံးကြိမ်နွှဲ ဖူးရာ တစ်ကြိမ်မျှ ကံမကောင်းရှာပေ။ ဘေယန်မရ
ဘူးသေးသည့် ဖလားဖြစ်၍ ယခုပွဲကို ပိုအာရုံစိုက် လာနိုင် သည်။
ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ဖလား
နှစ်နှစ်ဆက်တိုက်ရ တစ်သင်းတည်းသော ချယ်လ်ဆီးသည် ဥရောပ ဘောလုံး လောကတွင်
မှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။ သို့သော် ယခင်နှစ်က အက်တလက်တီကို အသင်းအား
၎ဂိုး- ၁ဂိုးဖြင့် ရှုံးကာ စူပါ ဖလား လက်လွှတ်ခဲ့ရသည့် ပုံစံမျိုး ချယ်လ်ဆီး
ထပ်မံအဖြစ်ခံမည် မဟုတ်ပေ။
နည်းပြ မော်ရင်ဟိုနှင့် ဂွါဒီယိုလာ
အပြာရောင် မိသားစုကို ပြန်လည်စည်းလုံး
ညီညွတ်အောင် စွမ်းဆောင်မည့် ချယ်လ်ဆီး၏ တစ်ကျော့ပြန် နည်းပြ
မော်ရင်ဟိုနှင့် ဘာစီလိုနာ နည်းပြဘဝမှ တစ်ရာသီ အနားယူပြီး ဘေယန်အသင်းကို
ကိုင်တွယ်မည့် ဂွါဒီယိုလာ တို့နှစ်ဦး သည် ယခင်က စပိန် လာလီဂါတွင်
မဟာပြိုင်ဘက်များ ဖြစ်သလို ရေစက်က မကုန်နိုင်ပေ။ ဥရောပ စူပါဖလား ဗိုလ်လု
ပွဲထက် ၎င်းတို့ နှစ်ဦး၏ ကျော်ကြားမှုက လွှမ်းမိုးလို့ နေသည်။
နှစ်သင်း၏ ရာဇဝင်ကြွေးလည်း ရှိနေပြန်ရာ
ယခင်နှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကျင်းပရာ ဂျာမန်မြေတွင်
အံ့အားသင့်ဖွယ်အရှုံးကို ဘေယန်တို့ မေ့မည် မဟုတ်ပေ။ နှစ်သင်းစလုံး အမာခံ
ကစားသမားတို့ကို အားပြုပွဲထွက် လာနိုင်ပြီး ဘေယန်ထက် ချယ်လ်ဆီး
တိုက်စစ်ပိုင်း တွင် ပြောင်းလဲမှုရှိလာ နိုင်သည်။ ပရိသတ်အကြိုက် ကမ္ဘာကျော်
နည်းပြနှစ်ဦးနှင့် အသင်းသား တို့၏ အားပြိုင်မှုပွဲ အဖြေရလဒ် မည်သို့ရှိမည်
ဆိုသည်ကို စောင့်ကြည့် အားပေး သင့်သော ဘောလုံးရသ မျိုးစုံ ပေးစွမ်းမည့်ပွဲ
ကောင်းဟုဆိုလျှင် မှားမည် မထင်ပေ။ ။


0 comments:
Post a Comment