<div style='background-color: none transparent;'></div>

Home » » အမေရိကန် နိုင်ငံအထိ ပစ်ခတ်ရောက်ရှိနိုင်သော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးသစ်တစ်မျိုး တရုတ်စမ်းသပ် လျက်ရှိ

အမေရိကန် နိုင်ငံအထိ ပစ်ခတ်ရောက်ရှိနိုင်သော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးသစ်တစ်မျိုး တရုတ်စမ်းသပ် လျက်ရှိ

ဝါရှင်တန်   သြဂုတ်  ၁၅
အမေရိကန် သမ္မတ အိုဘားမား အစိုးရအနေဖြင့် ဒုံးကျည် ကာကွယ်ရေး အစီအစဉ်ကို လျှော့ချလျက်ရှိစဉ်
တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ အထိ ရောက်ရှိ ပစ်ခတ်နိုင်သော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးသစ် တစ်မျိုးကို စမ်းသပ် လျက်ရှိပြီး ပဲ့ထိန်းဒုံးပျံတင် ရေငုပ်သင်္ဘောများကို ဖြန့်ကြက်ချထားရန် စီစဉ်လျက်ရှိကြောင်း အမေရိကန် အောက် လွှတ်တော်ရှိ စစ်လက်နက်ပစ္စည်း ဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ မိုက်ရော်ဂျာက ထုတ်ဖော် ပြောကြားခဲ့သည်ဟု သြဂုတ် ၁၅ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ပြိုင်ဘက် နိုင်ငံများ၏ ဒုံးကျည်ခြိမ်းခြောက်မှုများ ပိုမိုမြင့်မားလျက်ရှိစဉ် အိုဘားမား အစိုးရသည် ဘဏ္ဍာရေး နှစ် လေးနှစ် တာကာလအတွင်း အမေရိကန် ဒုံးကျည်ကာကွယ်ရေး အစီအစဉ်များ အတွက် အသုံးစရိတ်မှ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ (၁၆ ရာခိုင်နှုန်း)ကို ဖြတ်တောက် လျှော့ချခဲ့ကြောင်း ရော်ဂျာက ပြောကြား ခဲ့သည်။ ပြည်တွင်း၊ ပြည်ပ တွင် ဖြန့်ကြက်ချထားသော မြေပြင် အခြေစိုက် တာဝေးပစ် ဒုံးခွင်းဒုံး (GBI) အစင်း ၃ဝ၊ SM-3 IA ဒုံးခွင်းဒုံး အစင်း ၁ဝဝ ကျော် တပ်ဆင်ထားသော စစ်သင်္ဘော ၃၂ စင်း၊ SM-3 IB ဒုံးခွင်းဒုံး ၂၄ စင်း၊ အမြင့်ပျံ လေကြောင်းရန် ကာကွယ်ရေးစနစ် ဒါဇင်ပေါင်းများစွာနှင့် X-band ဒုံးကျည် ကာကွယ်ရေး ရေဒါ ရှစ်ခုတို့သည် အမေရိကန်နှင့် မဟာမိတ် နိုင်ငံများကို ရန်ဘက် နိုင်ငံများ၏ ဒုံးကျည် တိုက်ခိုက်မှုမှ အကာအကွယ် ပေးလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ဇူလိုင် ၂၄ ရက်တွင် နျူကလီးယားထိပ်ဖူး တပ်ဆင်ပြီး အမေရိကန် နိုင်ငံအထိ ပစ်လွှတ် တိုက်ခိုက်နိုင် စွမ်း ရှိသော DF-31A အမျိုးအစား တာဝေးပစ် ပဲ့ထိန်းဒုံး တစ်စင်းကို တတိယ အကြိမ်မြောက် စမ်းသပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုံးကျည်ထုတ်လုပ်မှု အတိုးတက်ဆုံး နိုင်ငံဖြစ်ကြောင်း၊ ၆၈၃၅ မိုင်ကျော် အကွာအဝေး အထိ ပစ်လွှတ် တိုက်ခိုက်နိုင်သော လောင်စာခဲသုံး တိုက်ချင်းပစ် DF-31A ဒုံးပစ်လွှတ်စင် ၁၅ ခုကျော် ပိုင်ဆိုင် ထားကြောင်း အမေရိကန် လေတပ်ဖွဲ့ရှိ အမျိုးသား လေကြောင်းနှင့် အာကာသ ထောက်လှမ်းရေး ဌာနက တင်သွင်း ခဲ့သော အစီရင်ခံစာ တစ်ရပ်အရ သိရသည်။



မြ၀တီ....................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map