<div style='background-color: none transparent;'></div>

Home » » ကျုံးပတ်လည်တွင် ဓားဖြင့်အကြောင်းမဲ့ လိုက်ခုတ်သူ ကိုးဦးတွင် အသက်မပြည့်သေးသူများ ပါဝင်

ကျုံးပတ်လည်တွင် ဓားဖြင့်အကြောင်းမဲ့ လိုက်ခုတ်သူ ကိုးဦးတွင် အသက်မပြည့်သေးသူများ ပါဝင်



 မန္တလေးမြို့တော် အထင်ကရ နေရာဖြစ်သော ကျုံးပတ်လည်တွင် ညအချိန် ဆိုင်ကယ်စီး၍ အုပ်စုလိုက် အကြောင်းမဲ့ ဓားခုတ်၊ ရိုက်နှက်မှုများ၌ ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံထားသူ ကိုးဦးတွင် အသက် ၁၄ နှစ်မှ အသက် ၂၀ အတွင်းရှိသူများ ပါဝင်သဖြင့် အသက်မပြည့်သေးသူအတွက် ကလေးသူငယ် တရားရုံးတွင် ထိန်းသိမ်းခွင့် တောင်းထားပြီးတရားစွဲဆိုသွားရန် အစီအစဉ် ရှိကြောင်း အောင်မြေသာစံမြို့နယ် အမှတ်(၂) ရဲစခန်းမှ ဒုရဲအုပ် ကံအောင်မြင့်က The Voice သို့ ပြောကြားသည်။

ကျုံးပတ်လည်တွင် ညအချိန် ဆိုင်ကယ်စီး၍ အုပ်စုလိုက် အကြောင်းမဲ့ ဓားခုတ်၊ ရိုက်နှက်မှုများ ပြုလုပ်ခဲ့သူ ကိုးဦးကို သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ညက ဓားခုတ်ခံရသူ ဦးစည်သူအောင်က တရားခံများကို လိုက်လံပြသခဲ့ရာ မသင်္ကာသူ ဖက်တီး (ခ) ချမ်းမြေ့သူနှင့် ဇော်ဦးတို့ကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူ ဌာန တပ်ဖွဲ့ဝင်များက သက်သေများရှေ့ခေါ်ယူ ဖမ်းဆီးစစ်ဆေးခဲ့ရာမှ ၎င်းတို့ ကျူးလွန်သည်ကို သိရ ကြောင်း အဆိုပါရုံး မှတ်တမ်းများအရ သိရသည်။

ဦးစည်သူအောင်မှာ ဇူလိုင်လ ၁၄ ရက်နေ့ ည ၈ နာရီ ၃၉ မိနစ်တွင် ကျုံးမြောက်ဘက် တိရစ္ဆာန်ဥယျာဉ် အရှေ့ဘက်တွင် သူငယ်ချင်းကိုးဦးနှင့်အတူ ဆိုင်ကယ်ဘီးထောင်နေစဉ်တွင် scopy ဆိုင်ကယ်ဖြင့် လူငယ် ကိုးဦး ရောက်လာပြီး ရန်ငြိုးရန်စမရှိဘဲ ဓားဖြင့်ဝင်ခုတ်ခဲ့ရာ နောက်ကျော၊ တံတောင်ဆစ်များတွင် ဓားဒဏ်ရာများ ရရှိခဲ့သည့်အပြင် ခေါင်းကိုသံတုတ်ဖြင့် ရိုက်နှက်ခဲ့ကြကြောင်း ဦးစည်သူအောင်က The Voice သို့ ပြောကြားသည်။

“ကျွန်တော့်ကို လိုက်ခုတ်ပြီး သူတို့နောက်ကို လိုက်ကြည့်တယ်။ ကျုံးတောင်ဘက် ဆီဒိုးနားဟိုတယ် ထောင့်မှာလည်း ကျွန်တော်တို့လိုပဲ တခြားသူတွေကို လိုက်ခုတ်တယ်။ အစကတော့ ကျွန်တော်က ရဲကိုအမှု မဖွင့်ခဲ့ပါဘူး” ဟု ၎င်းကဆိုသည်။

သို့သော် ဆိုရှယ်မီဒီယာဖြစ်သော Facebook တွင် ဦးစည်သူအောင် နာမည်နှင့် ရေးထားသည့် ဖြစ်စဉ်များ ကြောင့် မန္တလေးတိုင်းရဲရုံးက အမှုဖွင့်ရန် ပြောကြားသဖြင့် လွန်ခဲ့သည့် နှစ်ရက်ခန့်က အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ဓားဖြင့်ခုတ်ခံရသူ ဦးစည်သူအောင်က ပြောကြားသည်။

အဆိုပါ ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံထားသူ ဖက်တီး (ခ) ချမ်းမြေ့သူ (အသက် ၁၉ နှစ်) ကို စစ်ဆေး မေးမြန်းရာ ဓားဖြင့်လိုက်ခဲ့သည့် ဖြစ်စဉ်နှစ်ခုအား ကျူးလွန်ခဲ့ကြောင်းလည်း ထွက်ဆိုထားကြောင်း မန္တလေး တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဇူလိုင်လ ၁၄ ရက်နေ့လမ်း ၈၀၊ ၉ လမ်းနှင့် ၁၀ လမ်းကြားတွင် ဦးစိုင်းသီဟနှင့် ဦးအောင်ကိုလွင်တို့ကို လည်းကောင်း၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ၁၄ လမ်းနှင့် ၁၅ လမ်းကြားတွင် ဦးမျိုးသူရဦး ဆိုသူတို့ကို လည်းကောင်း ဓားဖြင့်အကြောင်းမဲ့ ခုတ်ခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။

ယခုကဲ့သို့ ဓားဖြင့်အုပ်စုဖွဲ့ရမ်းကားသူ ကိုးဦးကို ချမ်းအေးသာစံမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းက (ပ)၂၀၂/၂၀၁၃၊ ပြစ်မှု ပုဒ်မ၃၂၅/၃၂၆၊ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) မြို့မရဲစခန်းက (ပ) ၁၂၂/ ၂၀၁၃ အရ ပြစ်မှုပုဒ်မ ၃၂၆ အရ ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ရရှိစေရန် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice


Today Myanmar...............................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map