<div style='background-color: none transparent;'></div>
Home » » မွေးကတည်းက ဥာဏ်မမှီတာ

မွေးကတည်းက ဥာဏ်မမှီတာ

ကျွန်တော်တို့မြို့လေးမှာ ဥာဏ်မမှီတဲ့ ကောင်လေးတစ်ယောက်ရှိတယ်… မွေးကတည်းက ဥာဏ်မမှီတာ မဟုတ်ဘဲ သူ့အသက်၅နှစ် အရွယ်မှာ အဆိပ်ဓာက်ငွေ့ ရှူမိပြီးသူတစ်ယောက်တည်း အသက်ရှင်နေခဲ့တယ်… သူနဲ့တစ်ခန်းတည်း အတူတူ အိပ်နေတဲ့ သူ့အဖေဟာ နောက်ဆုံးကျန်တဲ့အင်အားကို သုံးပြီး သူ့ကို ပြတင်းပေါက် အပြင်ဘက်ကို တွန်းပို့နိုင်လိုက်ပြီး သူကိုယ်တိုင်ကတော့ အခန်းထဲမှာဘဲ လဲကျ သေဆုံးခဲ့ရတယ်… အဲဒီနောက်ပိုင်းမှာ ကောင်လေးဟာ ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ အမြဲတမ်း အအနဲ့ ရယ်နေ ပြုံးနေတတ်တယ်… ပြောကြတာကတော့ အဆိပ်ငွေ့ရှူမိပြီးနောက်ပိုင်း ဦးနှောက်ထိသွားရှာတယ်။

ကောင်လေးမှာ လှပတဲ့ အမေနဲ့ ချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်တော့ရှိတယ်… သူ သူ့အမေကို အမြဲမေးလေ့ရှိတယ်… သူ့ ဖေဖေ ဘယ်ရောက်သွားပြီလဲတဲ့… သူ့မေမေက တော့ သူကို ပြန်ဖြေတယ်… ဖေဖေဆုံးသွားပြီ… သူ ကြယ် အဖြစ်ပြောင်းသွားပြီးတော့ ဟိုးမိုးကောင်းကင်ထက်မှာ သားသားတို့ မေမေတို့ကို အမြဲစောင့်ကြည့်နေတယ်လေ…

ကောင်လေးကတော့ ညတိုင်း ခြံထဲက မြက်ခင်းပြင်မှာ လဲပြီး ကြယ်တွေကို ကြည့်လေ့ရှိတယ်… ကြည့်ရင်းပြုံးရင်း….

ကောင်လေး ၁၁နှစ်သား အချိန်မှာ သူ့ အချစ်ဆုံးမေမေဟာ ကျောက်ကပ်ရောဂါနဲ့ဆုံးသွားရှာတယ်… မဆုံးခင်မှာ သူ့ညီမလေးကို သေသေချာချာ ဂရုစိုက်ဖို့ မှာသွားခဲ့တယ်… အဲဒီ အချိန်တုန်းက သူ့ညီမလေးက ၆နှစ်ဘဲရှိသေးတယ်။
ကောင်လေးက တော့ အအနဲ့ဘဲ ပြုံးနေတတ်တယ်… ညတိုင်း ကောင်းကင်ထက်က ကြယ်တွေကို ကြည့်လေ့ရှိတယ်… သူပြောတယ်… ကောင်းကင်ထက်မှာ ကြယ် အသစ်တစ်လုံးတိုးလာတယ်… အဲဒါက မေမေဘဲ… ဖေဖေ နဲ့ နီးနီးကပ်ကပ်ရှိနေတယ်…

စိတ်ရင်းကောင်းတဲ့ လူတွေရဲ့ကူညီမှုနဲ့ ကောင်လေးဟာ တွန်းလှည်းဘိန်းမုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်နိုင်ခဲ့တယ်… မုန့်ဆိုင်လေးကတော့ ညီမလေးရဲ့ကျောင်းနဲ့သိပ်မဝေးဘူး…

ကောင်လေးဟာ အိမ်မှာ ရှိနေတဲ့ အချိန် ဘယ်တော့မှ ညီမလေးရဲ့ အခန်းထဲကို မ၀င်ဘူး… ဘာလို့လဲဆိုတော့ ညီမလေးက သူ့ကိုမုန်းတယ်… ညီမလေးက ဒီလို လအ အစ်ကို တစ်ယောက်ရှိတာကို မကြိုက်ဘူး… ဒါပေမဲ့ သူကတော့ ညီမလေးရဲ့ အခန်းတံခါးဝလေးကိုမှီပြီး ညီမလေး စာကြည့်နေတာကို ကြည့်နေရတာကို နှစ်သက်တယ်… သူ့ညီမလေး သတိထားမိလိုက်တိုင်း သူကတော့ အပြစ်လုပ်မိတဲ့ ကလေးလေး တစ်ယောက်လို ပုန်းနေရှာတယ်…ပြီးတော့ ပြုံးလိုက်သေးတယ်… ပျော်သလား… ၀မ်းနည်းလားတော့ မသိဘူး…

ကောင်လေးဟာ မနက်တိုင်း စောစောထပြီး ညီမလေး အတွက် မနက်စာလုပ်ပေးပြီးမှ တွန်းလှည်းလေးတွန်းပြီး အလုပ်သွားလေ့ရှိတယ်… ညဘက်ကျတော့… ကြယ်တွေကို ကြည့်နေရတာဟာ သူ့ အကြိုက်ဆုံး အလုပ်ဘဲ။

ကောင်းလေးရဲ့လက်ရာဟာ အရမ်းကောင်းတယ်… ကျောင်းက ဆရာတွေကော… ကျောင်းသားတွေကော သူ့ရဲ့ ဆိုင်မှာ ဘိန်းမုန့်ဝယ်စားလေ့ရှိတယ်… ဒါပေမဲ့ ကောင်းလေးမှာ ကျောင်းတက်နေတဲ့ ညီမလေးချောချောလေးတစ်ယောက်ရှိတာကို ဘယ်သူမှ မသိကြဘူး… ဘာလို့လဲဆိုတော့ ညီမလေးက သူ့ဆီမှာ လအ အစ်ကို တစ်ယောက်ရှိတာကို မသိစေချင်ဘူး… ကောင်လေးကတော့ အအနဲ့ပြုံးနေတတ်တယ်… ပျော်သည်ဖြစ်စေ… စိတ်ညစ်သည်ဖြစ်စေ…

ကောင်လေးက အလုပ် အရမ်းကြိုးစားတယ်… ပြီးတော့ ပိုက်ဆံလဲ အရမ်းချွေတာတယ်… သူဒီလောက်ထိကြိုးစားပြီးပိုက်ဆံရှာနေတာ ဘာအတွက်လဲဆိုတာကို ဘယ်သူမှ မသိကြဘူး… ကောင်လေး အလုပ်လုပ်တဲ့ အချိန်မှာ လက်ကို ခဏခဏ မီးပူလောင်တယ်… ဖိနပ်တစ်ဖက်လဲ အမြဲလိုလိုပျောက်လို့… ညီမလေးက မြင်ရင် “ဒါလေးလုပ်တာတောင် မီပူလောင်တတ်တယ်… ဖိနပ်ကလဲ ပျောက်တတ်သေး… ကိုယ်ကိုယ်တိုင်ကိုဘဲ ဖျောက်လိုက်ပါတော့လား… တကယ် အ တာဘဲ” ကောင်လေးက နားထောင်ပြီးတော့လဲ အအနဲ့ပြုံးနေတတ်တယ်… ပျော်နေလား… ၀မ်းနည်းနေလားတော့ မသိ…

ကောင်လေးဟာ ညတိုင်း မအိပ်ခင် စာအုပ်လေးမှာ နေ့စဉ်မှတ်တမ်း ရေးလေ့ရှိတယ်… ညီမလေးကတော့ စပ်စုပြီး ကြည့်ချင်တယ်… ကောင်လေးကတော့ ဘယ်တော့မှ ပေးမကြည့်ဘူး…ရေးပြီးတာနဲ့ကို သိမ်းထားလိုက်တယ်… ညီမလေးကတော့ ကြိုးစားပြီး ရှာကြည့်သေးတယ်… ရှာမတွေ့တော့တဲ့နောက်ဆုံး ညီမလေးလဲ လက်လျှော့လိုက်တယ်…

ကောင်လေး ၁၇ နှစ်ရှိပြီ… ညီမလေးကတော့ အလယ်တန်းစတက်နေပြီပေါ့… ကောင်းလေးရဲ့ ဆိုင်လေးလဲ ညီမလေးရဲ့ အလယ်တန်းကျောင်းနဲ့ မနီးမဝေးနေရာကို ပြောင်းခဲ့တယ်… မနက်တိုင်း မုန့်ရောင်းလို့ကုန်ရင် ညီမလေးရဲ့ကျောင်းဘက်ကို သွားကြည့်လေ့ရှိတယ်… ကိုယ်ပေါ်မှာတော့ အမြဲတမ်းညစ်ပတ်နေပြီးဟောင်းနွမ်းနေတဲ့ အ၀တ်အစားနဲ့… ခြေထောက်မှာလဲ ဖိနပ်တစ်ဖက်က အမြဲပျောက်လို့… သူအလုပ်လုပ်ရင်တော့ သူ့တွန်းလှည်းဆိုင်လေးဟာ သပ်သပ်ရပ်ရပ်ပါဘဲ… အမြဲတမ်းပြုံးနေတတ်တယ်…

တစ်နေ့မှာ သူ့ဆိုင်ရှေ့ဖြတ်သွားတဲ့ ကျောင်းသူလေး၂ယောက်က သူ့ညီမလေးရဲ့နာမည်ပြောသံကြားလိုက်ရတယ်… “သူအတန်းထဲမှာ မျက်နှာမကောင်းဘူး… ခါးလဲ အရမ်းနာနေတယ်…” ကောင်လေးကပြောသံ ကြားပြီး ခဏကြောင်သွားတယ်… နောက် ရုတ်တရက် သူ့ညီမလေး နာမည်ကို အကျယ်ကြီးခေါ်ပြီး ကျောင်းဘက်ကို ပြေးသွားတယ်… သူက ဒီတိုင်းဘဲ ညီမလေးရဲ့နာမည်ကို အကျယ်ကြီးအော်ခေါ်ပြီး ကျောင်းက ကျောင်းစောင့်တွေ ဆရာမတားတာတွေကို ကျော်ဖြတ်ပြီး ညီမလေးရဲ့ စာသင်ခန်းဆီကို ရောက်သွားတယ်… ညီမလေးက စာပွဲပေါ်မှာ မှောက်နေပြီး မျက်နှာက ဖြူဖျော့ပြီး ချွေးတွေပြန်လို့… ကောင်လေးဒီတချိန်မှာတော့ မပြုံးနိုင်တော့ဘူး… မျက်နှာမှာ ပူပန်မှုတွေနဲ့ ညီမလေးကို ကျောပိုးပြီးတော့ ဆေးရုံကို ပြေးတော့တာဘဲ…

လမ်းမှာ ကျောင်းက ဆရာမတွေနဲ့တွေ့တော့ သူ့ကိုမေးတယ်… “နင် ဒါဘာလုပ်တာလဲ… သူ့ကို ချလိုက်…” ကောင်လေးက ဒေါသနဲ့ မျက်နှာက နီရဲနေပြီးပြောလိုက်တယ်… “သူ က ကျွန်တော့ညီမ… ကျွန်တော်က သူ့ အစ်ကို” ကောင်လေးဟာ တစ်လမ်းလုံး ဒီစကားကိုဘဲ ခေါက်တုံ့ခေါက်ပြန်ရေရွတ်ပြီး ကျောင်းနားက ဆေးရုံကို ရောက်ခဲ့တယ်… ကျောင်းက ဆရာတွေကော ကျောင်းသားတွေကော အံ့သြကုန်တယ်… ဘာလို့လဲဆိုတော့ သူ့မှာ အစ်ကို တစ်ယောက်ရှိတာကို ဘယ်သူမှ မသိကြဘူး…

ကောင်လေးက အခန်းအပြင်ဘက်မှာ ညီမလေးကို ကြည့်နေတယ်… သူနိုးလာပြီ… ကောင်လေးက ဆေးရုံမှာ ၃နေ့၃ည ကောင်းကောင်းမနားရဘူး… ဆေးရုံက သူနာပြုက ပြောလိုက်တယ်… “ဘာမှစိတ်မပူနဲ့… ညီမလေး အစ်ကိုက ဆေးစရိတ်တွေ အားလုံး အဆင်သင့်လုပ်ထားပြီ…” ညီမလေး က အားစိုက်ပြီး အခန်း အပြင်ဘက်က ကောင်လေးကို ကြည့်လိုက်ပြီး စိတ်ထဲမှာတော့ သံသယစိတ်တွေနဲ့… အဲအချိန်မှာ ကောင်လေးက နဂိုအတိုင်း ပြန်ဖြစ်သွားပြီ… အအလေးပြုံးနေပြီး အခန်းထဲကို မ၀င်ရဲဘူး…

သူနာပြုက ညီမလေးကို ပြောတယ် … သူ အမြဲတမ်း ကောင်လေးဆိုင်မှာ မုန့်ဝယ်နေကျ… ကောင်လေး အလုပ် အရမ်းကြိုးစားမှန်း သိတယ်… ပိုက်ဆံ မဖြုန်းတတ်ဘူးဆိုတာလဲ သိတယ်… အစပိုင်းတုန်းကတော့ ဘာလို့ဒီလောက်ထိကြိုးစားပြီး ပိုက်ဆံရှာနေရတာလဲ ဆိုတာကို နားမလည်နိုင်ဘူး… ဒီနေ့မှဘဲ သဘောပေါက်တော့တယ်… ဘာလို့လဲဆိုတော့ ကောင်လေး ညီမလေးကို ပိုးပြီး သူ့ကိုတွေ့တဲ့ အချိန်မှာ သူအော်ပြီးပြောနေတာက “ မေမေ က ဒီလိုဘဲ သေသွားတာ… တောင်းပန်ပါတယ်… ညီမလေးကိုကယ်ပါ… ကျွန်တော့ညီမလေး မသေပါရစေနဲ့…” အကြောင်းရင်းကတော့ ကောင်လေးမေမေ မသေခင်မှာ သူ့ကို မှာခဲ့တယ်… သူ့ညီမလေးမှာလဲ ကျောက်ကပ်ရောဂါရှိတယ်… သူ့ကို ကောင်းကောင်းဂရုစိုက်ဖို့ မှာခဲ့တယ်…

ဆရာဝန်က ပြောတယ်… “ညီမလေး ကျောက်ကပ်က အခြေအနေ တော်တော်လေးဆိုးနေတယ်… ကျောက်ကပ်လဲဖို့လိုတယ်…”
ဆေးကုဖို့ကုန်ကျစရိတ်ကိုတော့ ကောင်လေးကပေးထားပြီးပြီ… ဒါပေမဲ့ သင့်တော်တဲ့ ကျောက်ကပ် ကိုတော့ရှာမတွေ့သေးဘူး…

ဆရာဝန်က ညီမလေးကို ရှင်းပြတယ်… ကောင်လေးက ညီမလေး ကျောက်ကပ်လဲဖို့လိုတယ်လို့ပြောလိုက်ချိန်မှာ ကောင်လေးက အော်ပြီးပြောတယ်… “ကျွန်တော့ဟာ သုံးပါ… ကျွန်တော်က သူ့အစ်ကိုပါ…” ဒါပေမဲ့ စစ်ဆေးပြီးတဲ့ နောက်ပိုင်းမှာ ကောင်လေးရဲ့ကျောက်ကပ်က လဲ ညီမလေးနဲ့ မသင့်တော်ဘူးဖြစ်နေတာကို ကောင်လေး သိလိုက်ရတော့ စိတ်ဓာတ်ကျပြီး “ကျွန်တော်က သူ့အစ်ကိုပါ…” ဆိုတာကိုဘဲ ရေရွတ်နေတယ်… ဆရာဝန်ကတော့သူဆိုလိုတာကိုသဘောပေါက်လိုက်တယ်… “ကျွန်တော်က သူ့အစ်ကိုပါ… ကျွန်တော့ကျောက်ကပ် ဘာဖြစ်လို့ ညီမလေးကိုပေးလို့မရတာလဲဗျာ…

ကောင်လေးကတော့ အခန်း အပြင်ကနေ ညီမလေးကို ကြည့်နေပြီး အအ လေးပြုံးနေတယ်… အဲဒီ အချိန်မှာ ညီမလေးရဲ့မျက်နှာကတော့ မျက်ရည်တွေနဲ့ရွှဲလို့… ဟို တံခါး အပြင်ဘက်က သူ့ကို တောက်လျှောက် အရှက်ရစေတယ်လို့ ထင်ထားခဲ့တဲ့ အစ်ကို့ကို ကြည့်ရင်း သူမရဲ့ ချိနဲ့နေတဲ့ အသံနဲ့ပြောလိုက်တယ် “နင် အပြင်မှာဘာလုပ်နေတာလဲ… ဘာလို့မ၀င်လာတာလဲ”… ကောင်လေး ကြောင်သွားတယ်… တုန်တုန်နဲ့ပြန်မေးလိုက်တယ် “ ငါဝင်လာလို့ရသလား…” ညီမလေးက မျက်ရည်ဝဲ၀ဲနဲ့ ခေါင်းငြိမ့်လိုက်တယ်…
ကောင်လေးက လက်ကို နောက်ပစ်ပြီး ညီမလေးရဲ့ကုတင်နားကိုရောက်လာတယ်… ညီမလေးက ဘာဖြစ်လို့လက်ကို နောက်ပစ်ထားရတာလဲလို့မေးတယ်… ပြီးတော့ လက်ကို အတင်းပြခိုင်းတယ်…
ကောင်လေးက လက်ကို ဆန့်ထုတ်ပြလိုက်တယ်… လက်မှာက ပတ်တီးတွေနဲ့… ဖိနပ်တစ်ဖက်ကလဲ ပါမလာဘူး… အဲဒါက ညီမလေးကို ဆေးရုံလိုက်ပို့တဲ့ အချိန်မှာ လမ်းမှာ ခြစ်မိထားတာ… ပြေးရင်းနဲ့လဲ ဖိနပ်တစ်ဖက် ကျွတ်ကျန်ခဲ့တယ်… ညီမလေးကတော့ ခါတိုင်းလိုဘဲ… “ဘာလို့ ဒီလောက် အ ရတာလဲ… လက်မှာလဲ ဒဏ်ရာတွေနဲ့… ဖိနပ်ကလဲ ပျောက်ပြန်ပြီ…” ဒါပေမဲ့ ဒီတစ်ခေါက်ပြောတဲ့ အချိန်မှာတော့ မျက်ဝန်းမှာ ကြင်နာမှုအပြည့်နဲ့ ရင်နာမှုအပြည့်တွေနဲ့ပါ…

ဒါကတော့ ကောင်လေး ပထမဆုံး အကြိမ် ညီမလေးရဲ့ခွင့်ပြုချက်နဲ့ ညီမလေးရဲ့အခန်းထဲကို ၀င်ခဲ့တာပါ…

အချိန်က တနေ့ပြီး တနေ့ ကုန်ဆုံးသွားတယ်… ညီမလေးရဲ့ရောဂါ အခြေအနေကလဲ တနေ့ထက်တနေ့ ပိုပိုဆိုးလားတယ်… ခဏခဏ သတိမေ့မျှောတဲ့ အနေအထားမှာရောက်နေတယ်…

ဆေးရုံက ဆရာဝန်တွေရဲ့ကြိုးပမ်းမှုနဲ့ နောက်ဆုံးမှာတော့ သင့်တော်တဲ့ကျောက်ကပ်ကို ရှာတွေ့ခဲ့တယ်… အစားထိုး ခွဲစိတ်မှုက လဲ အရမ်းကို အောင်မြင်ခဲ့တယ်… ညီမလေးကို သေမင်းရဲ့လက်ထဲ ကနေပြန်ဆွဲထုတ်နိုင်ခဲ့တယ်… ဒါပေမဲ့… သူပြန်နိုးလာတဲ့ အချိန်မှာ ရင်းနှီးတဲ့ အအ လေးပြုံးတတ်တဲ့ သူ့ အစ်ကို ရဲ့ အပြုံးကို မတွေ့ရတော့ဘူး… ဆရာဝန်က သူ့ကိုပြောပြတယ်… သူ့အစ်ကို ဒီဆေးစရိတ်တွေကို ရှာဖို့ အတွက် ဟိုးအဝေးကြီး တစ်နေရာမှာ အလုပ်သွားလုပ်နေတယ်… ညီမလေးလုံးဝနေပြန်ကောင်းတဲ့ အချိန်မှာ သူ့ကိုလာခေါ်မယ်… သူ့ကို စိတ်ချလက်ချ အနားယူဖို့မှာခဲ့တယ်…

ညီမလေးဆီကို ၂ရက်ခြား ၃ရက်ခြားတစ်ခါ စာလုံး မညီမညာရေးထားတဲ့ စာတစ်စောင် အမြဲရောက်ရောက်လာတယ်… ဒါတွေကတော့ သူ့ အစ်ကိုဆီကနေလာတဲ့စာတွေပါဘဲ… စာထဲမှာ ရေးထားတာတွေက အရမ်းကို ရိုးရှင်းလွန်းတယ်… ပြီးတော့ အက်ကြောင်းထပ်နေတယ် … “ငါနေကောင်းတယ် … ကျန်းမာရေးဂရုစိုက်နော်”

ဆေးရုံဆင်းတဲ့နေ့မှာ ကောင်လေးကဆေးရုံမှာ ညီမလေးကိုလာမကြိုဘူး… ညီမလေးက ဆရာဝန်ဆီကနေ သူ့အစ်ကိုပေးလိုက်တဲ့ ၀က်ဝံအမွေးပွရုပ်လေးတစ်ရုပ်ကို ရလိုက်တယ်… အမွေးပွရုပ်ရဲ့ခြေထောက်နားမှာ သွေးစလေးတွေပေလို့…

ဆရာဝန်က ညီမလေးကို ရှင်းပြတယ်… ကောင်လေးပေးတဲ့ ပိုက်ဆံဟာ ကျောက်ကပ်လဲဖို့ အတွက်ဘဲလောက်တယ်… တခြားဆေးပစ္စည်းတွေဝယ်ဖို့အတွက် ပိုက်ဆံမလောက်ဘူး… ဒီလို ရက်ရှည်ကြာတဲ့ဆေးကုသမှုစရိတ်ရဖို့ အတွက် ကောင်လေးက မနက်ပိုင်းမှာ မုန့်ရောင်းတယ်… ညနေပိုင်းမှာ တခြားရရာ အလုပ်ကိုလုပ်တယ်… ပိုက်ဆံရတဲ့ ဘယ်လို အလုပ်မျိုးမဆိုသွားလုပ်ရှာတယ်…

ကောင်လေးဆေးရုံမှာ ညီမလေးကို လာကြည့်တဲ့အချိန်မှာ ဆရာဝန်က သင့်တော်တဲ့ကျောက်ကပ်ရှာတွေ့တဲ့အကြောင်းပြောပြတော့ ကောင်လေးက အအ လေးပြုံပြီး ဆရာဝန်ကို ရိုရိုသေသေ ကန်တော့လိုက်သေးတယ်… ပြီးတော့ ဆရာဝန်ကိုပြောလိုက်တယ် “ကျွန်တော်… ညီမလေး… လက်ဆောင်ဝယ်ပေးမယ်… သူ… နိုးလာရင်… သူ့ကိုပေးမယ်…”

ကောင်လေး ပင်ပန်းနေတဲ့ သူ့ ခန္ဓာကိုယ်ကို သယ်ပြီး အရုပ်ဆိုင်မှာ ဖြူဖွေးနေတဲ့ ၀က်ဝံ အမွေးပွရုပ်လေးတစ်ရုပ်ဝယ်ခဲ့တယ်… သူအရမ်း ပင်ပန်းနေတာလဲ ပါမယ်နဲ့တူတယ်… တစ်ချက် သတိမထားမိလိုက်တဲ့ အချိန် လမ်းမကို ဖြတ်ကူးတုန်း အရှိန်ပြင်းပြင်းမောင်းလာတဲ့ ကားတစ်စီးတိုက်ခံလိုက်ရပြီးလွင့်ထွက်သွားတယ်… ဆေးရုံကို ရောက်လာတော့ သတိမေ့မျှောနေပြီ…
လက်မှာတော့ အမွေးပွရုပ်ထည့်ထားတဲ့အိတ်ကို ကျစ်ကျစ်ကိုင်ထားဆဲ… လက်မှာထွက်နေတဲ့သွေးတွေဟာ တစက်တစက်စီးကျနေပြီး အရုပ်လေးရဲ့ခြေထောက်မှာစွန်းထင်သွားတယ်…

သူ မဆုံးခင်လေးမှာ ဆရာဝန်ကိုပြောလိုက်တယ်… “၀က်ဝံရုပ်… ညီမလေးကိုပေးပေးပါ…”
ပြောပြီးတော့ ဒီလိုဘဲ အအ လေးပြုံးပြီး လူ့ဘ၀ကနေ ထွက်သွားတယ်… သူပျော်သလား… ၀မ်းနည်းသလားဆိုတာ တော့မသိဘူး…

ဆရာဝန်က ညီမလေးကို ရှင်းပြတယ်… သူရခဲ့တဲ့ စာတွေဟာ သူ ကောင်လေးရဲ့ လက်ရေးကို အတုခိုးပြီးရေးခဲ့တာပါ… သူသိနေတယ်… ကောင်လေးကလဲ သူ့ညီမ နေပြန်မကောင်းတဲ့ အချိန်အထိ သူသေသွားပြီဆိုတဲ့ အကြောင်းကို ပေးသိစေချင်မှာမဟုတ်ဘူး… ဆရာဝန်က ကောင်လေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးချင်လို့ ဒီစာတွေကိုရေးခဲ့တာပါ…

ညီမလေးဟာ ဘာပြန်ပြောရမှန်းမသိတော့ဘဲ တိတ်ဆိတ်စွာဘဲ အရုပ်ကို ယူပြီးအိမ်ပြန်ရောက်ခဲ့တယ်…

အခန်းထဲမှာတော့ ရိုးရိုးရှင်းရှင်းဘဲ… ဒါပေမဲ့ ရှင်းထားတာ အရမ်းသပ်ရပ်တယ်…အထူသဖြင့် ညီမလေးရဲ့အခန်း… သူရှိနေသေးတဲ့အချိန်မှာထက်တောင်သပ်ရပ်သေးတယ်… တစ်ခုဘဲ… ပရိဘောဂတွေ အပေါ်မှာ ဖုန် ပါးပါးလေးတစ်လွှာဖုံးနေပြီ…စာပွဲပေါ်မှာ ပန်းအိုးတစ်လုံးရှိတယ်… ပန်းအိုးထဲက ပန်းတွေလဲ ညိုးနွမ်းနေပြီ… ဘေးမှာ မညီမညာရေးထားတဲ့ စာတစ်စောင်… “ညီမလေး ပြန်လာတာကို ကြိုဆိုပါတယ်…”
ကောင်လေး ညီမလေး ဆေးရုံဆင်းရတော့မှာကို သိလို့ ကြိုတင်ပြင်ဆင်ထားတာလေးတွေပါ…

ဒါပေမဲ့ ဒီအချိန်မှာတော့ အအလေးရယ်တတ်တဲ့ ရယ်သံကို မကြားရတော့ဘူး…
ညီမလေး ကောင်လေးရဲ့ အခန်းထဲကို ရောက်လာတယ်… ကောင်လေးကျန်ခဲ့တဲ့ပစ္စည်းတွေကို ရှင်းဖို့လုပ်တော့ သူ ကြည့်ချင်နေတဲ့ စာအုပ်လေးကို တွေ့ခဲ့တယ်…

စာအုပ်မှာ ဘိန်းမုန့် အနံ့လေးက စွဲလို့… စာအုပ်ထဲမှာတော့ မညီမညာ ရေးထားတဲ့ စာလုံးလေးတွေ…


ညီမလေးက အအိပ်ကြီးတယ်… မနက် ထတဲ့အချိန်မှာ မဆူညံအောင်လုပ်ရမယ်… သူ့ကို မနိုးအောင်လို့…
ညီမလေးက ဘိန်းမုန့်မကြိုက်ဘူး… ခေါက်ဆွဲထုတ်ဘဲစားတယ်… မနက်ထလာရင် သူ့ကို အရင်လုပ်ပေးပြီးမှ အပြင်ထွက်ရမယ်…
ညီမလေးက သူ့အခန်းထဲ ၀င်တာကို မကြိုက်ဘူး… သူနဲ့နီးနီးကပ်ကပ်နေတာကို မကြိုက်ဘူး… သူ့ခွင့်ပြုချက်မရဘဲ အခန်းထဲမ၀င်ရဘူး…

ညီမလေးက ငါက သူ့အစ်ကိုဆိုတာကို တခြာလူ မသိစေချင်ဘူး… သူ့သူငယ်ချင်းတွေကို လုံးဝပေးသိလို့မရဘူး…
ညီမလေးမှာ ရောဂါရှိတယ်… ဒါပေမဲ့ သူ့မှာ မေမေ့လို ရောဂါရှိတယ်ဆိုတာကို လုံးဝပေးသိလို့မဖြစ်ဘူး…

ငါ အလုပ်ကြိုးစားပြီး ပိုက်ဆံရှာရမယ်…
ညီမလေးရဲ့ရောဂါ ကုလို့ပျောက်ပြီ…

ညီမလေးကတော့ ကောင်လေးနဲ့ စာအုပ်လေးကို ဖတ်ပြီး ရှိုက်ကြီးတငင် ငိုတော့တာဘဲ…

အဲဒါပြီးနောက်ပိုင်းမှာ ညီမလေးကလဲ ကောင်လေးလိုဘဲ ညတိုင်း ခြံထဲက မြက်ခင်းပြင်မှာ ကောင်းကင်းထက်က ကြယ်တွေကို ကြည့်ရတာ နှစ်သက်ခဲ့တယ်…
ကောင်းကင်ယံမှာ ကြယ်လေးတစ်လုံးထပ်တိုးလာပါတယ်… အဲဒါကတော့ သူ့ရဲ့ “အ”နေတဲ့ အစ်ကိုလေးပါဘဲ…
သူ့ဖေဖေမေမေနဲ့ နီးကပ်လို့ သူ့ကို မိုးကောင်းကင်ထက်ကနေ စောင့်ကြည့်နေပါတယ်…

Credit To Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

Jay Ki

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map