Home »
ဗဟုသုတ
» စဉ်းစားဆင်ခြင်ပြီးမှ ချက်တင် လုပ်စေချင်
စဉ်းစားဆင်ခြင်ပြီးမှ ချက်တင် လုပ်စေချင်

[Opinion]
၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့က ဖြစ်ပွားသည့် အဖြစ်အပျက်လေး တစ်ခု ဖြစ်သည်။
ဆိုရှယ် မီဒီယာ သို့မဟုတ် လူမှုကွန်ရက် သို့မဟုတ် အင်တာနက် ဆက်သွယ်မှုများ
ခေတ်စားလာသည့် အချိန်တွင် လူငယ်များ သတိထားစရာ အဖြစ်အပျက် တစ်ခုလည်း
ဖြစ်သည်။
သူ့အမည်က ကက်နက် ဖြစ်သည်။ အင်တာနက်ပေါ်တွင် လူငယ်တို့
ထုံးစံအတိုင်း Skype ကို သုံးစွဲရာ မှ ဂျိုအန်း ဆိုသည့် မိန်းကလေး
တစ်ဦးနှင့် ချိတ်ဆက်မိသည်။
Skype ကိုတော့ အထွေအထူး ပြောစရာ လိုမည် မထင်ပါ။ ရုပ်မြင်သံကြား အပြန်အလှန် ဆက်သွယ် နိုင်သည့် အွန်လိုင်း စနစ်တစ်ခု ဟုသာ ဆိုရပါမည်။
လူငယ်တို့သဘာဝ ပြောဆို ကြူမိရာမှ တစ်ဦးနှင့်တစ်ဦး အမြင်တွေ
လွန်ကျူးအောင် စကားတွေ စလာ တော့သည်။ ကောင်မလေးဘက်က အကြံနှင့်
ဆက်သွယ်နေမှန်း မသိသော ကက်နက်က ကောင်မလေးကို အပေါ်ပိုင်း ချွတ်ပြရန်
ကမ်းလှမ်းလိုက်မိသည်။ ကောင်မလေးကလည်း မပေါ့တပေါ် မလုံ့တလုံလေး
လုပ်ပြလိုက်သည်။
ကောင်မလေးကလည်း ကောင်လေးကို သူတော့ အပေါ်ပိုင်း
ချွတ်ပြ ပြီးပြီ ကောင်လေးကို အပေါ်ပိုင်း တီရှပ် ချွတ်ပြရန် တောင်းဆိုတော့
သည်။ ကောင်လေးကလည်း ကောင်မလေးက တောင်းဆိုလာသဖြင့် တီရှပ်ကို
ချွတ်ပြလိုက်သည်။ နောက် တစ်ဆင့် တက်လာသည်။ ချိန်းတွေ့ ကြမည်ဟု ကောင်မလေးက
တောင်းဆိုလာသည်။ ကောင်လေးကလည်း ရက်ရောစွာဖြင့် မိမိ ဖုန်းနံပါတ်ကို
ကောင်မလေးအား ပေးလိုက်သည်။ အမှားကတော့ စပြီ။
ကောင်လေးက
ကောင်မလေးထံမှ ဖုန်းနံပါတ်ကို တောင်း သည်။ ကောင်မလေးက ချွဲတဲတဲဖြင့်
ဖုန်းနံပါတ် ပေးမည်၊ ရှိတာအကုန် ချွတ်ခိုင်းတော့သည်။ မိမိ ဖုန်းနံပါတ်
လိုချင်လျှင် ကောင်လေးကို တစ်ကိုယ်လုံး ချွတ်ပြဟု ပြောသည်။ ကက်နက် တစ်ယောက်
အယုံသွင်း ခံလိုက်ရသည်။ ကောင်မလေး ခိုင်းသည့်အတိုင်း တစ်သဝေမတိမ်း လိုက်
လုပ်သည်။ လုံးဝ အမှားကို ကျူးလွန်လိုက်ခြင်း ဖြစ်သည်။
ဖုန်းနံပါတ်ကို ကောင်လေးက တောင်းလိုက်ချိန်တွင် ကောင်မလေးက ဖုန်းထဲကတစ်ဆင့်
သူ၏ မဖွယ်မရာ ကိုယ်လုံးတီးပုံကို ရိုက်ယူ ထားကြောင်း ပြလိုက်သည်။
ပြီးလျှင် ဒေါ်လာ ၅၀၀၀ ကို မိမိထံ လွှဲပေး ရမည် ဖြစ်ကြောင်း၊ မလွှဲပေးပါက
သူ့ပုံကို အွန်လိုင်းသို့ လွှင့်တင်လိုက် မည် ဖြစ်ကြောင်း စတင်
ခြိမ်းခြောက်တော့သည်။ သူမပေးမည့် ဘဏ်စာရင်း နံပါတ်အတိုင်း ငွေများကို
ပို့ပေးရန် ပြောသည်။ ကောင်လေး ကြောက်လန့်ပြီး တစ်လုံးတစ်ခဲတည်း
မပေးနိုင်ကြောင်း ပြောသဖြင့် ယနေ့ ဒေါ်လာ ၂၀၀၀ လွှဲပေးရန်၊ မနက်ဖြန် ကျန်
ဒေါ်လာ ၃၀၀၀ ကို လွှဲပေးရန်၊ မလွှဲပေးလျှင် ဗီဒီယိုဖိုင်ကို အင်တာနက်သို့
လွှင့်တင်လိုက်မည်ဟု ပြောပြီး အဆက်အသွယ် ဖြတ်လိုက်သည်။
မကြာမီ
ကက်နက်ထံ ပို့ပေးရမည့် ငွေစာရင်း နံပါတ်ကို ဖုန်းကတစ်ဆင့် စာဖြင့်
ပို့လိုက်သည်။ ကောင်လေး ဒုက္ခကောင်းကောင်း တွေ့ရပြီ ဖြစ်သည်။ စုထားသည့်
ငွေများကို ဘဏ်က သွားထုတ်ရ သည်။ ပြီးလျှင် သူမပြောသည့် ဘဏ်စာရင်းသို့
လွှဲပေးလိုက်ရသည်။ အဖြစ်အပျက်က မိဘကိုလည်း ပြန် မပြောရဲ။ ကိစ္စကလည်း
ငွေပေးလိုက်လျှင် ပြီးသွားလိမ့်မည်ဟု ထင်ခဲ့သည်။
နောက်တစ်နေ့တွင်
ကျန်ငွေများကို ပေးပြီးနောက် သူ့ထံ ဖုန်းဝင်လာ သည်။ ကောင်မလေး၏
ရည်းစားဆိုသူက ဆက်ခြင်း ဖြစ်သည်။ သူကလည်း ဘဏ်စာရင်း နံပါတ်တစ်ခု ပေးမည်
ဖြစ်ကြောင်း၊ ထိုစာရင်းထဲသို့ ဒေါ်လာ ၆၀၀၀ ထည့်ပေးရန်နှင့် မထည့်ပေးလျှင်
သူ့ဗီဒီယိုဖိုင်ကို အင်တာနက်ပေါ် လွှင့်တင်လိုက်မည် ဖြစ်ကြောင်း
ခြိမ်းခြောက်ပြန်သည်။ ထိုသူကလည်း ငွေ မပေးလျှင် ကောင်မလေး ဖခင်ထံ
ဗီဒီယိုဖိုင်ကို ပို့ပေးလိုက်မည်ဟု ပြောပြန် သည်။
ကက်နက်တစ်ယောက်
နောက်ထပ် ဒေါ်လာ ၆၀၀၀ လွှဲပေးလိုက်ရပြန်သည်။ မကြာမီ ဖုန်းဝင်လာဖြင့် ကက်နက်
ကိုင်လိုက်ရာ ကောင်မလေး ဖခင်ဆိုသူက သူ့ ဗီဒီယိုဖိုင်ကို တွေ့ပြီး
ဖြစ်ကြောင်း၊ မိမိပေး သည့် ဘဏ်စာရင်း အတိုင်း ဒေါ်လာ ၆၀၀၀ ထပ်လွှဲပေးရန်နှင့်
မလွှဲပေးလျှင် ဗီဒီယိုကို အင်တာနက်တွင် တင်လိုက်မည်ဟု တတိယအကြိမ်မြောက်
ခြိမ်းခြောက် ငွေတောင်းပြန်သည်။ ကက်နက်ဘဝက ဘယ်လိုမှ မတတ်နိုင်တော့သည့်
အခြေအနေ ဖြစ်သည်။ သူတို့ တောင်းသည့် နောက် ထပ် ငွေကို
ထပ်လွှဲပေးလိုက်ရပြန်သည်။
ဤသို့ဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၆
ရက်သို့ ရောက်ခဲ့သည်။ ကက်နက် တစ်ယောက် ဘဏ်ပေါင်း ၈၉ ခုတိတိသို့ ငွေများ
လွှဲပြောင်း ပို့ပေးခဲ့ရသည်။ မကြာခဏ ငွေညှစ် တောင်းဆိုမှုများနှင့်
ရင်ဆိုင်ခဲ့ရသည်။ စိတ်ထောင်း ကိုယ်ကျေ ဖြစ်ကာ မတတ်နိုင်တော့သည့်အဆုံး၊
ငွေလည်း တစ်ပြားမျှ မရှိတော့သဖြင့် ဖခင်ကို ဖွင့်ပြောလိုက်ရတော့သည်။
စုစုပေါင်း ဒေါ်လာ တစ်သိန်းလောက် ပြောင်မှ ဖခင်ကို ဖွင့်ပြောပြခြင်း ဖြစ်
သည်။ ဖခင်က သူ့ကို ရဲစခန်းသို့ ခေါ်သွားသည်။ ကက်နက် ကလည်း ဖြစ်ကြောင်းရယ်
ကုန်စင် ပြောပြလိုက်ရတော့သည်။ ရဲအရာရှိများ က သေချာစွာ မှတ်တမ်းတင်ပြီး
ဆယ်လခန့် အကြိမ်ကြိမ် ငွေညစ်ခဲ့ခြင်းကို ရင်ဖွင့်ခဲ့ရ သည်။ ဘဏ် ငွေစာရင်း
နံပါတ် ခြောက်ခုခန့် ပြောင်းလဲ ပို့ပေး ခဲ့ရသည်။ ရဲက ကောင်လေးထံက ဖုန်းကို
သိမ်းထားလိုက်ပြီး ဖုန်းနံပါတ်များ ဆက်သွယ်ထားမှုကို မှတ်တမ်းဖြင့်
စစ်ဆေးကြည့်ကာ ခြေရာ စခံခဲ့သည်။
ရဲတပ်ဖွဲ့က အဖွဲ့များ ခွဲပြီး
သူ့ကဏ္ဍအလိုက် အမှုကြောင်းကို ခြေရာခံတော့ သည်။ ဖုန်းနံပါတ်များ၊ ဘဏ်စာရင်း
နံပါတ်များကို နောက်ကြောင်း လိုက်ကြ သည်။ လွန်ခဲ့သည့် ၁၀ လအတွင်း
ဖုန်းနံပါတ်များ၊ ဆက်သွယ်မှုများ အားလုံး ကို ပြန်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
သူတို့သည် ကောင်မလေး နာမည်ကို Facebook ကတစ်ဆင့် ခြေရာခံမိပြီး ပုံပါ
အတိအကျ ရရှိလိုက် ကြသည်။ ကက်နက်ကို ကောင်မလေးပုံအား ပြပြီး
အတည်ပြုခိုင်းပြီးနောက် ဖမ်းဆီးမှုများကို လုပ်ဆောင်ခဲ့သည်။ နောက် ဆုံး
ကောင်မလေး နေထိုင်သည့် တိုက်ခန်းကို ခြေရာခံမိပြီး ရဲများက သွားရောက်
စစ်ဆေးရာ ပြစ်မှု ကျူးလွန်သည့် ကွန်ပျူတာ လက်ပ်တော့နှင့် အခန်းအတွင်း အတူ
ပြစ်မှု ကျူးလွန်သည့် ယောက်ျားလေး သူငယ်ချင်းကိုပါ အတူ ဖမ်းမိလိုက်သည်။
ယခုအဖြစ်အပျက်လေးကို Facebook ပေါ်တွင် တစ်ယောက်ယောက်က မျှဝေထားသည်ကို
ပြန်လည် ကြည့်မိကာ ရေးပြခြင်း ဖြစ်ပါသည်။ ပြဿနာ အစ အွန်လိုင်း Chatting
တွေက ဖြစ်သည်။ မမျှော်လင့်ဘဲ တွေ့၊ ရိကြ၊ ကလိကြရင်းက အကြံသမား တစ်ယောက်၏
ပိုက်ကွန်ကို လူငယ်တို့ တိုးဝင်ပြီး ဒုက္ခရောက်ရပုံကို ထိမိစွာ ဗီဒီယိုဖြင့်
တင်ပြနိုင်ခဲ့သည်။
တကယ်တော့ ဖြစ်ရပ် အားလုံးကို ဂျိုအန်း၏
ရည်းစားဖြစ်သူ အလက်ဇန်းဒါး ဆိုသူက ကြိုးကိုင် ဖန်တီးသွားခြင်း ဖြစ်သည်။
ပြစ်မှု ထင်ရှားသဖြင့် သူ့ကို ထောင်ဒဏ် ငါးနှစ် ချလိုက်သည့်အပြင် ကြိမ်ဒဏ်
ငါးချက်လည်း ပါလိုက်သေးသည်။ ဂျိုအန်း အမည်ခံ ရပ်ဆွေတင်းကိုတော့ ၂၄ လ ကောင်း
စွာ နေထိုင်စေရန်နှင့် နေ့စဉ် ည ၁၀ နာရီမှ နံနက် ၆ နာရီ အပြင်မထွက်ရ
အမိန့်အပြင် နာရီပေါင်း ၁၃၀ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများ
လုပ်ဆောင်စေနှင့် မိဘများကလည်း အာမခံကြေး ဒေါ်လာ ၅၀၀၀ ပေးဆောင်ရန် အမိန့်
ချမှတ်ခြင်း ခံရသည်။
ဤဖြစ်ရပ်လေးသည် ခေတ်သစ် လူငယ်များကို သင်ခန်းစာများစွာ ပေးပါ သည်။
ကွန်ပျူတာ Web ကင်မရာရှေ့တွင် မဖွယ်မရာ အပြုအမူ၊ အနေအထိုင် အပြောအဆိုများ
မလုပ်မိ ပါစေနှင့်။ အွန်လိုင်းပေါ်တွင် အပေးအယူ တောင်း ဆိုမှုများကို
သတိပြုပါ။ ဖြစ်ပေါ်လာသည့် ပြဿနာများကို မိမိ တစ်ယောက် တည်း ကြိတ်ပြီး
ဖြေရှင်းမည့်အစား မိဘများ သို့မဟုတ် ယုံကြည် စိတ်ချရသည့် သူများကို ဖွင့်ဟ
တိုင်ပင်သင့်ပါသည်။
ဆိုရှယ် မီဒီယာများ ခေတ်စားနေချိန်တွင် အမှား
တစ်ချက်ကြောင့် ဘဝ ပျက်သွားနိုင်ပါသည်။ ကက်နက်နေရာတွင် လူတိုင်း ဖြစ်နိုင်
သည်။ ယောက်ျားလေးလည်း ဖြစ်နိုင်သည်။ မိန်းကလေးလည်း ဖြစ်နိုင်သည်။ ဆိုရှယ်
မီဒီယာနှင့် နည်းပညာများက ခြေသွက်လှသည်။ မိနစ်ပိုင်းအတွင်း အမှား တစ်ခု
ကြောင့် ဘဝ ဆုံးရှုံးသည့်အပြင် အသက်ပါ ဆုံးရှုံးရသူတွေ လည်း မနည်းတော့ပြီ။
စဉ်းစား ဆင်ခြင် သတိနှင့် ခေတ်မီစေချင်ပါသည်။
0 comments:
Post a Comment