<div style='background-color: none transparent;'></div>

Home » » တရုတ်ကောလိပ် ကျောင်းသား နှစ်သိန်းကျော် တပ်မတော်သို့ ဝင်ရန် စာရင်းပေး

တရုတ်ကောလိပ် ကျောင်းသား နှစ်သိန်းကျော် တပ်မတော်သို့ ဝင်ရန် စာရင်းပေး

ပေကျင်း သြဂုတ် ၂ဝ
တရုတ်နိုင်ငံမှ ကောလိပ် ကျောင်းသား နှစ်သိန်းကျော် ခန့်သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA သို့ ဝင်ရောက်ရန် အတွက် အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းမှု ပြုလုပ်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနက သြဂုတ် ၂ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ တပ်မတော်သို့ ဝင်ရောက်သူ ကျောင်းသားများသည် ကျောင်းလခများ ကင်းလွတ်ခွင့်ရခြင်း၊ စစ်တပ်မှ ထွက် ပြီးနောက် နှစ်နှစ်ခန့် အထိ ကျောင်းသား တစ်ယောက်၏ အခွင့်အရေးများ ရရှိနိုင်ခြင်း၊ ထူးချွန်သော ကျောင်းသားများအား တပ်မတော်တွင် အရာရှိအဖြစ် အဆင့် တိုးမြှင့် ပေးခြင်းနှင့် ကျောင်းဝင် ခွင့်စာမေးပွဲ များတွင်လည်း အမှတ်ပို များ ရရှိစေခြင်းစသည့် ခံစားခွင့်များ ရရှိမည်ဖြစ်သည်။
ထို့အပြင် အဆိုပါ ကောလိပ်ကျောင်းသားများ အနေဖြင့် တပ်မတော်မှ နုတ်ထွက်ပြီး နောက်တွင် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ပါက အခွန်ပေးဆောင် ရမှုများအား လျှော့ချပေးခြင်း တို့ကိုလည်း ခံစားခွင့် ရရှိစေမည် ဖြစ်သည်။  တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူဂျီအန်ပြည်နယ် အစိုးရ၏ ပြောကြားချက်အရ အဆိုပါ ကောလိပ် ကျောင်းသားများ တပ်မတော်မှ အနားယူခွင့်ပြုပါက ၎င်းတို့အား အစိုးရ အလုပ်များ၏ ၁ဝ ရာခိုင်နှုန်းသော နေရာများနှင့် နိုင်ငံပိုင် ကုမ္ပဏီ များ၏ အလုပ်နေရာ ၁၅ ရာခိုင်နှုန်း တို့တွင် အလုပ်များပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေပြည်နယ် ကောလိပ်ကျောင်းများမှ တပ်မတော်သို့ ဝင်ရောက်သူများအား ယွမ် ၂ဝဝဝဝ (အမေရိကန် ဒေါ်လာ ၃၂၂၅ ဒေါ်လာ) ပေးအပ် သွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် တပ်မတော်မှ နုတ်ထွက်ပြီး နောက်တွင်လည်း ပြန်လည် နေရာချထားရေး အတွက် အကျိုးခံစား ခွင့်နှစ်ဆ ရရှိမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန် ပြောကြားထားသည်။
ကာကွယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ အသက် ၂၄နှစ်အောက်ရှိ ယခုနှစ် ဘွဲ့ရရှိသူများနှင့် ယမန်နှစ်က ဘွဲ့ရရှိ သူများ အနေဖြင့် တပ်မတော်သို့ ဝင်ရောက် အမှုထမ်းနိုင်ကြောင်း သိရသည်။



မြ၀တီ..................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map