<div style='background-color: none transparent;'></div>

Home » » နိုင်ငံတော် သမ္မတကြီးမှ အနည်းဆုံး အခကြေးငွေ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်ပြီဖြစ်

နိုင်ငံတော် သမ္မတကြီးမှ အနည်းဆုံး အခကြေးငွေ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်ပြီဖြစ်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ် ၅၂/၂၀၁၃ ကို ထုတ်ပြန်ကာ အနည်းဆုံး အခကြေးငွေ ဥပဒေ အာဏာ
တည်ခြင်းကို ဇွန်လ ၄ ရက်နေ့က စတင် သတ်မှတ် လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ဥပဒေ ထုတ်ပြန်မှု ကိုတော့ ပြီးခဲ့တဲ့ မတ်လ အတွင်း ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု ခဲ့တာဖြစ်ပြီး ယခုအခါမှာ စတင် အာဏာ တည်လာတာ ဖြစ်ပါတယ်။
 
အဆိုပါ ဥပဒေ အရ အလုပ်သမားများ အတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ဖို့ကို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့စည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမား အဖွဲ့အစည်း သို့မဟုတ် အလုပ်သမားများရဲ့ ကိုယ်စားလှယ်များ၊ အခကြေးငွေ သတ်မှတ်ခြင်း ဆိုင်ရာ လုပ်ငန်းမှာ ကျွမ်းကျင်ပြီး မျှတစွာ ဆောင်ရွက် နိုင်မယ့် အခြားပုဂ္ဂိုလ်များ ပါဝင်တဲ့ အမျိုးသား ကော်မတီကို နိုင်ငံတော် သမ္မတ အမိန့် ကြော်ငြာစာနဲ့ ထုတ်ပြန်ပြီး ထပ်မံ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။
 
အဲ့ဒီနောက် မှာတော့ အဆိုပါ ကော်မတီမှ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အတွက် အခြေခံ သင့်တဲ့ အချက်များနဲ့ စပ်လျဉ်းပြီး အမျိုးသား အဆင့် မူဝါဒများ ချမှတ်ခြင်း၊ သုတေသန ပြုလုပ်ချက်နဲ့ စစ်တမ်းများကို လေ့လာစိစစ် အကြံပြုနိုင်ဖို့ ကျွမ်းကျင်သူများ ပါဝင်တဲ့ ပြည်ထောင်စု နယ်မြေ ကော်မတီ/ပြည်နယ် ကော်မတီ အစရှိတဲ့ အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန် များကို သတ်မှတ် ရမှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ပြဋ္ဌာန်းချက်နဲ့ အညီ သတ်မှတ် သင့်တဲ့ အဆိုပြု အနည်းဆုံး အခကြေးငွေ နှုန်းထား များကို အများပြည်သူ သိရှိစေဖို့ ထုတ်ပြန် ကြေညာခြင်းနဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ အတည်ပြုချက်နဲ့ အနည်းဆုံး အခကြေးငွေ နှုန်းထားများ သတ်မှတ်ပြီး အမိန့် ကြော်ငြာစာ ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာမှာ အခြေခံရမယ့် အချက်တွေ ကတော့ အလုပ်သမားများနဲ့ မိသားစု လိုအပ်ချက်များ၊ လက်ရှိ လုပ်ခများ၊ လူမှုဖူလုံရေး အကျိုးခံစားခွင့် များစတဲ့ အချက်များ ပါဝင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 mrtv4
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map