<div style='background-color: none transparent;'></div>

Home » » သရဲပုံပြင်နှင့် သင်္ချိုင်းဘုရင်

သရဲပုံပြင်နှင့် သင်္ချိုင်းဘုရင်



သုသာန်တာဝန်ခံအဖြစ် ၁၉ နှစ်ကြာတာဝန်ထမ်းဆောင်လာခဲ့သည့် သက်တမ်းတစ်လျှောက်တွင် ၀ိညာဉ်လောကနှင့်ပတ်သက်၍ ၀င်ရောက်ပူးကပ်ခြင်းဖြစ်ရပ်တစ်ခုကိုသာ ရှေ့မှောက်မှာကြုံတွေ့ခဲ့ရသည်ဟု ဦးလှကြည်ကပြောပါသည်။

ယမကာသမားတစ်ဦး၏ အလောင်းကိုမြေချရန် လာရောက်ကြသည့် လူအုပ်စုအတွင်းမှ အမျိုးသမီးတစ်ဦးကို ထိုယမကာသမား၏ ၀ိညာဉ်က ၀င်ရောက်ပူးကပ်ခြင်းဖြစ်ပြီး မျက်နှာအမူအရာနှင့်အသံပါ ပြောင်းလဲသွားကာ အရက်တိုက်ရန်တောင်းဆိုခြင်း ဖြစ်သည်ဟုဆိုသည်။

“အလောင်းတောင် ကားပေါ်ကမချရသေးဘူး။ ၀င်ပူးတာ။ အရက်တိုက်ပါဆိုတဲ့အသံက သေသွားတဲ့လူရဲ့အသံနဲ့။ ပါးစပ်ထဲကို အရက်ထည့်ပေးလိုက်မှ ထွက်သွားတယ်” ဟု ဦးလှကြည်က ရှင်းပြသည်။ သို့သော် ထိုဖြစ်ရပ်က သူနှင့် ခပ်လှမ်းလှမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူရောက်ရှိသွားသောအခါ ပူးကပ်ခြင်းမရှိတော့ပေ။



ဦးလှကြည်က ပဲခူးမြို့မှ ဖားကန်သုသာန်တွင် တာဝန်ခံအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ ယခင်က စည်ပင်၊ သန့်ရှင်းရေးဌာနတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး တာဝန်အရ သုသာန်သို့ ပြောင်းရွှေ့လာရခြင်းပင်။ ဦးလှကြည်နှင့်အတူ ဇနီးသည်ကလည်း အလောင်းထည့်သည့် ပျဉ်ခေါင်းများပြုလုပ်ကာ ရောင်းချသည့်အလုပ်ဖြင့် စားသောက်ကြရသည်။

သုသာန်မြေအတွင်းမှ အိမ်လေးတစ်လုံးတွင် နေထိုင်ကြသော်လည်း သူတို့မိသားစုမှာ ကြောက်ရွံ့ခြင်းမရှိ။ နာနာဘာဝဖြစ်ရပ်များကို ယုံကြည်သော်လည်း တစ်ကြိမ်တစ်ခါမှ ကိုယ်တိုင်ကြုံတွေ့ဖူးခြင်းမရှိသဖြင့် ထူးခြားစွာကြောက်လန့် ခြင်းမဖြစ်ကြောင်း သူတို့ကဆိုကြသည်။

“ဒီကို စရောက်ကတည်းက သုသာန်ထဲမှာ ပြောထားတယ်။ အသင်တို့ကိုမနှောင့်ယှက်ပါဘူး။ ကျွန်ုပ်ကိုလည်း မနှောင့်ယှက်ပါနဲ့။ တာဝန်အရ လာရတာပါဆိုပြီး။ ဗုဒ္ဓဘာသာရဲ့ စာပေတွေအရ၊ ကျွန်တော့်ဖြတ်သန်းမှုတွေအရ မယုံလို့မရပါဘူး။ အရင်ကဆို ဒီသုသာန်က ကြမ်းတယ်လို့နာမည်ကြီးတယ်။ အခုနောက်ပိုင်း စည်ပင်ကကိုင်တော့ နိုင်ငံတော်အာဏာနဲ့ ကိုင်ထားတာပေါ့” ဟု ဦးလှကြည်က သူနေထိုင်ရပုံကို ရှင်းပြသည်။

မြန်မာ့ရှေးရိုးစွဲအယူအဆအရ သချုင်းဆိုလျှင် မဖဲဝါပိုင်ဆိုင်သည်ဟု အယူအစွဲရှိပြီး ပိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်များ၊ အပင်စောင့်နတ်
များ၊ နာနာဘာဝဇာတ်လမ်းများက သုသာန်တိုင်းတွင် ရှိနေခဲ့သည်။ သုသာန်တာဝန်ခံများကတော့ ဘုရားရှိခိုးခြင်း၊ မေတ္တာပို့ခြင်းတို့နှင့်သာ ပြေလည်အောင် နေထိုင်ကြသည်ဟု ဆိုကြပါသည်။

“ဒီသုသာန်ထဲက ညောင်ကြတ်ပင်ကြီးဆိုရင် ဘုန်းကြီး ဖြတ်လျှောက်ရင်တောင် ခဲနဲ့ပေါက်တာ။ တစ်ခါတုန်းက ကောင်မလေးတစ်ယောက် ဗီဒီယိုကြည့်ပြီးအပြန် အပင်အောက်အပေါ့သွားမိတာ ပြန်ထလို့ကိုမရတော့ဘူး။ လက်ဖက်နဲ့ကွမ်းနဲ့ တောင်းပန်ခဲ့ရတယ်။ သရဲမရှိဘူးလို့ ပြောလို့မရပါဘူး။ မြင်တော့မမြင်ရဘူး။ ဒါပေမဲ့ တိုက်ဆိုင်မှုတွေ များလာတော့ မယုံလို့မရဘူးဖြစ်နေတယ်” ဟု ပဲခူးမြို့၊ ဖောင်တော်ဦးသုသာန်မှ အသက် ၅၈ နှစ်အရွယ် တာဝန်ခံ ဦးအုန်းလှိုင် ကဆိုသည်။

ဦးအုန်းလှိုင်ထံတွင် ကျင်းတူးခြင်း၊ အခေါင်းစပ်ခြင်းတို့ကို လုပ်ကိုင်နေသည့် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးကတော့ “သရဲ ဆိုတာ မမြင်ဖူးတော့ ယုံချင်စိတ်လည်းမရှိဘူး” ဟု ပြောလာသည်။

သန်လျင်၊ ပျဉ်ထောင်ကျောင်းသုသာန်မှ ကျင်းတူးသမား တစ်ဦးကလည်း “အယုံအကြည်မရှိဘူးလည်း မဟုတ်ဘူး။ ခြောက်တာတွေတော့ ရှိတယ်။ ကိုယ်တိုင်တော့မကြုံဖူးဘူး” ဟု ပြောသည်။

သုသာန်အပြောင်းအရွှေ့များတွင် ၀ိညာဉ်များကို ကားဖြင့်သယ်ဆောင်ခြင်း၊ ကားနောက်တွင် မမြင်ရသည့် အလေးချိန်များ ပြည့်နေသည့်အတွက် ကားထွက်မရခြင်း၊ အစိုးရအာဏာဖြင့် အမိန့်ပေးရခြင်း စသည့် ဖြစ်ရပ်များကတော့ နယ်များမှာသာမက မြို့ကြီးများမှာပင် နာမည်ကျော်ကြားနေဆဲဖြစ်သည်။

ခြောက်လှန့်ပူးကပ်ခြင်း၊ ထန်းသီးခန့်ကြီးသည့်မျက်လုံးနှင့် ထန်းပင်ခန့်ရှည်သည့်အရပ်ကြီးနှင့်သရဲ၊ ကိုယ်ထင်ပြသည့် ဒေါ်ကုလားမသရဲ၊ လမ်းတွင် ဆိုင်ကယ်ပေါ်တက်လိုက်လာသည့် ဆံနီမသရဲ၊ အုတ်ခုံမှာ ထိုင်နေသည့် သရဲမကြီးနှစ်ဦးစသည့် ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းများက သုသာန်တွေမှာ နာမည်ကြီးစမြဲဖြစ်သည်။

ထိုသို့ နာနာဘာဝ ခြောက်လှန့်ခြင်းများကို ပြောပြသူတို့ကလည်း ကိုယ်တိုင်ကြုံတွေ့ခြင်း မဟုတ်ဘဲ တစ်ဆင့်စကားဖြင့် ပြန်ပြောသည်က များကြလေသည်။

သုသာန်တွင် နေ့ရောညပါ နေထိုင်လုပ်ကိုင်နေကြသူများကတော့ သရဲတစ္ဆေခြောက်လှန့် ခြင်းကို တစ်ကြိမ်တစ်ခါမှ မကြုံ တွေ့ခဲ့ကြရကြောင်း တညီတညွတ်တည်း ပြောကြပါသည်။

“ကိုယ့်ကိုအရိပ်အယောင်ပြ ခြောက်လှန့်ဖို့နေနေသာသာ သူတောင်မှပဲ နာရီဝက်လောက်မှာ ပြာဘ၀ ရောက်သွားတာ။ ဒီလို
အယူတွေက မရှိတာ ကောင်းပါတယ်” ဟု ရန်ကုန်မြို့၊ ရေဝေးသုသာန်မှ မီးသင်္ဂြိုဟ်ပေးနေသည့် စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။ ၅၁ နှစ်အရွယ် ဦးလှကြည်ကလည်း “နောက်ဆုံးတော့ စိတ်ပါပဲ” ဟု ဆိုပါသည်။

သုသာန်တာဝန်ခံများသည် သုဘရာဇာ ၀တ္ထုများနှင့် ဗီဒီယိုဇာတ်လမ်းများထဲမှ အရက်သေစာသောက်စားခြင်း၊ ရုပ်ရည်ကြမ်း
တမ်းခြင်းစသည့် ပုံရိပ်များမဟုတ်ကြပါ။ ယနေ့ခေတ် သုသာန်တာဝန်ခံများသည် အရက်သေစာသောက်စားမှုကို ရှောင်ကြဉ်ရုံသာမက သူတို့၏ လက်အောက်မှ ကျင်းတူးသူ၊ အခေါင်းစပ်သူတို့ကိုလည်း သောက်စားမူးယစ်ခြင်း တားမြစ်ထားကြသည်။

“လူတွေက ကိုယ့်အပူနဲ့ ကိုယ်လာကြတာ။ ကိုယ်ကမူးယစ်နေပြီး အမှားလုပ်မိရင် သူတို့တွေ ပိုပြီးစိတ်မကောင်း ဖြစ်ရမှာပေါ့” ဟု သန်လျင်မြို့နယ်၊ ပျဉ်ထောင်ကျောင်းသုသာန်မှ ကျင်းတူးသမား ကိုသန့်စင်က ပြောသည်။

သုသာန်တွင် ကျင်းတူးသည့်သူကို ရှာဖွေရသည်ကလည်း အလုပ်တစ်ခုဖြစ်သည်။ သုဘရာဇာဆိုသည့်စကားနှင့် သိက္ခာကျသည်ဟု သတ်မှတ်ထားသည့် ပတ်ဝန်းကျင်တို့ကြောင့် မြေကျင်းတူးသည့် အလုပ်ကို လုပ်ကိုင်မည့်သူ ရှားပါးခြင်းဖြစ်သည်။

သုသာန်တာဝန်ခံများသည် အလောင်းမြှုပ်နှံခြင်း ကိစ္စရပ်များကို ကူညီရုံသာမက၊ အခေါင်းစပ်ခြင်း၊ မှတ်တိုင်ပြုလုပ်ခြင်း၊ အုတ်ဂူဆောက်ပေးခြင်းတို့ကိုပါ ဆောင်ရွက်ကြသည်ကို တွေ့ရသည်။ အလောင်းမြှုပ်နှံရန် ကျင်းတစ်ကျင်းတူးလျှင် ကျင်းတူးသမားကို ငွေလေးထောင်ကျပ်ခန့် ပေးရသည်။ သစ်သားအခေါင်းတစ်လုံးရောင်းချရပါက အမြတ်ငွေ
နှစ်ထောင်ကျပ်ခန့် ကျန်ကြသည်။ တာဝန်ခံတစ်ဦး၏ လစာမှာ ခုနစ်သောင်းကျပ်ခန့်သာ ဖြစ်သည်။

ထိုဝင်ငွေများနှင့်ပင် သုသာန်အတွင်း နေထိုင်ကြသည့် မိသားစု၏ စားဝတ်နေရေးကို ဖြေရှင်းကြရသည်။ ဖားကန်သုသာန်မှ ဦးလှကြည်၏ သမီးနှစ်ဦးမှာ ဘွဲ့ရပညာတတ်များဖြစ်ပြီး တစ်ဦးက ပရဟိတလုပ်ငန်းများတွင် ကွန်ပျူတာ
ဆရာမအဖြစ် ဆောင်ရွက်လျက်ရှိသည်။

ဖောင်တော်ဦး သုသာန်မှ ဦးအုန်းလှိုင်၏ သားသမီးများနှင့် မြေးမြစ်များကတော့ သူ၏လုပ်ငန်းကို ၀င်ရောက်ကူညီလုပ်ကိုင်နေ
ကြသည်ကို တွေ့ရသည်။ နိမ့်ကျသည့်အလုပ်ဟု ပတ်ဝန်းကျင်က သတ်မှတ်ထားကြသော်လည်း သူတို့ဝမ်းမနည်းပါ။ သမ္မာအာဇီဝ အလုပ်ဖြစ်၍ မြတ်သည်ဟုသာ ခံယူထားကြသည်ကို တွေ့ရသည်။ သုသာန်တာဝန်ခံ မိသားစုကို
အနီးအနားရပ်ကွက်များက ခွဲခြားဆက်ဆံမှုများ အနည်းငယ်ရှိနေဆဲဖြစ်သည်။ လူတွေသေရင် ကြိုက်မှာပေါ့ဟူသည့် အပြောအဆိုများကို အတော်အားတင်းခံစားခဲ့ရသည်ဟု ဦးလှကြည်ကဆိုပါသည်။

“ကြေးစည်သံကြားမှ ထမင်းစားရတဲ့ လူတွေလို့ အပြောခံရတယ်။ မနာပါဘူး။ သမ္မာအာဇီဝ လုပ်တာပဲလေ” ဟု ကျင်းတူးသမား ကိုသန့်စင်က ပြောသည်။

ဖောင်တော်ဦးသုသာန် တာဝန်ခံ ဦးအုန်းလှိုင်ကတော့ မိသားစုကို အောက်ပါအတိုင်း မှာကြားထားခဲ့သည်။

“အရင်တုန်းက ဒုက္ခရောက်ခဲ့ကြတယ်။ အခု ဒီအလုပ်က အဆင်ပြေတယ်။ သားသမီးတွေ ပညာသင်တာ ဒီအလုပ်ပဲ။ ကိုယ့်ကျေးဇူးရှင်အလုပ်ကို ဘယ်တော့မှ စိတ်မပျက်နဲ့။ အလုပ်ကို မစော်ကားနဲ့လို့မှာထားတယ်” ဟူ၍ဖြစ်သည်။

မန္တလေးမြို့၊ ဗြဟ္မစိုရ် နာရေးကူညီမှုအသင်းမှ ဒုတိယဥက္ကဋ္ဌဦးဝင်းမြင့်က“စဏ္ဍာလတို့၊ သုဘရာဇာတို့ဆိုတာ လူမှုဝန်းကျင်က အနိမ့်ဆုံးအလုပ်လို့ သတ်မှတ်ထားတာ။ ဒီအလုပ်ကို ဦးကျော်သူတို့လို အောင်မြင်ကျော်ကြားတဲ့ သူတွေတောင် ရှေ့ဆောင်လမ်းပြလုပ်ပေးနေတာဆိုတော့ တချို့တွေရဲ့ ကျဉ်းမြောင်းတဲ့ အယူသီးမှုတွေကို ဖယ်ထုတ်စေချင်ပါတယ်” ဟု မှတ်ချက်ပေးသည်။

ယခင်ခေတ်များက သုသာန်တွင် ကျင်းတူးပေးခြင်း၊ မြေမြှုပ်ပေးခြင်းတို့ကို လုပ်ဆောင်သည့် သုဘရာဇာများရှိခဲ့ကြသည်။ ယခုခေတ်တွင် သုသာန်များကို စည်ပင်သာယာရေးကော်မတီက တာဝန်ယူပြီး တာဝန်ခံများ ခန့်အပ်ထားကြပြီ
ဖြစ်သည်။ နာရေးကူညီမှုအသင်းများ ပေါ်ပေါက်လာသည့်အခါ နယ်မှ သုသာန်တာဝန်ခံအချို့အတွက် အနည်းငယ် အခက်အခဲကြုံကြရသည်ဟု ဆိုသည်။

နာရေးကူညီမှု အသင်းများက အလောင်းကိုပို့ဆောင်ပေးရုံသာမကဘဲ အခေါင်းများကိုပါ လှူဒါန်းလာကြသောကြောင့် ဦးလှကြည်တို့ သုသာန်အတွင်းမှ အခေါင်းလွတ်အချို့ ဖုန်တက်လာခဲ့သည်။ သုသာန်မြေအနီးထိ ရောက်ရှိတိုးချဲ့လာကြသည့် လူနေရပ်ကွက်များကြောင့် ညှော်နံ့ထွက်သည့် မီးသင်္ဂြိုဟ်ခြင်းကိုလည်း ရပ်ဆိုင်းထားကြခဲ့ရသည်။

တစ်ခါတစ်ရံ ပိုင်ရှင်မဲ့အလောင်းများကိုလည်း သက်ဆိုင်ရာ ရဲစခန်း၊ နာရေးကူညီမှုအသင်းများနှင့် ပူးပေါင်း၍ မြေမြှုပ်ပေး ကြရသည်။ ငွေမတတ်နိုင်၍ ဖျာလိပ်နှင့်ထမ်းလာသည့် အလောင်းအချို့ကိုလည်း မေတ္တာဖြင့်ကူညီပေးကြရသည်။ မြေမြှုပ်ပြီး သုံးလခန့်အကြာမှ ရာဇ၀တ်မှုပေါ်၍ အလောင်းပြန်ဖော်ရသည့် ဖြစ်ရပ်များကို ကြုံတွေ့ရသည့်အပြင် တရားရုံးတွင် သက်သေလိုက်ပေးရခြင်းမျိုးလည်းရှိသည်။

ညဘက်တွင် သုသာန်အတွင်း ဓူတင်ဆောင်၊ တရားကျင့်ကြံတော်မူကြသည့် သံဃာတော်များကိုလည်း စောင့်ရှောက်ပေးခြင်း၊ ၀တ်ကြီးဝတ်ငယ် ပြုစုပေးခြင်းတို့ကို ဆောင်ရွက်ပေးကြရသည်။

ထိုကြားထဲ သုသာန်အပြောင်းအရွှေ့ရှိသည်ဟူသည့် ကောလာဟလများက ပြန့်တတ်သည့်အတွက် ဦးလှကြည်ကတော့ သုသာန်အတွင်းမှာပင် “အပြောင်းအရွှေ့မရှိပါ” ဟူ၍ စာရေးထားသည်ကို တွေ့ရသည်။ အယူသီးနေဆဲဖြစ်သည့် အနီးအနား ရပ်ကွက်များနှင့်လည်း သူတို့ကအဆင်ပြေအောင်နေထိုင်ကြရသည်။

“အရင်ကဆို အသုဘအိမ် ဘယ်နားလဲမေးရင် မကြိုက်ကြဘူး။ အသုဘလာပို့တဲ့ကားက ကိုယ့်အိမ်ရှေ့မှာ ခေါင်းပြန်လှည့်ရင် လက်မခံကြဘူး။ အလောင်းတွေကတော့ ဒုက္ခရောက်လာတဲ့ လူဆိုရင် ကူညီပေးရတာပဲ။ သာရေးဆိုတာက ပိုက်ဆံရှိလို့ လုပ်တာ။ နာရေးက တားလို့မရဘူး။ တချို့ထောင်ထဲမှာ သေတဲ့အ လောင်းတွေဆို ပိုင်ရှင်မဲ့တွေပဲ။ ကိုယ်ကပဲတရားနာတာ၊ ထမင်းထုပ်ထည့်ပေးတာ အကုန်လုပ်ပေးရတယ်” ဟု ဖောင်တော်ဦးသုသာန်မှ ဦးအုန်းလှိုင်က ရှင်းပြသည်။

သို့သော်လည်း တိုးတက်လာသော ခေတ်အရ မြန်မာလူမျိုးတို့သည်လည်း အယူသီးမှုများ ပျောက်ကွယ်ကုန်ကြပါပြီ။ သုသာန်မြေအနီးတွင် ပတ်ပတ်လည် တည်ဆောက်ထားထည့် အိမ်များရှိလာသည်။ ရပ်ကွက်တစ်ခုနှင့် တစ်ခုအကူးကို သုသာန်အလယ်တည့်တည့်မှ လမ်းဖောက်သွားလာနေကြခြင်းများလည်း ရှိလာသည်။ နိမ့်ကျခြင်း၊ မြင့်မြတ်ခြင်းများလည်း အရာမ၀င်တော့။ သုသာန်မြေများသည် ညသန်းခေါင်တွင် ခွေးအူသံတညံညံဖြင့် ကြောက်စရာမဟုတ်တော့။

“ခွေးတွေကတော့ မိတ်လိုက်တဲ့ရာသီဆို တစ်ကောင်အူရင် ဆက်တိုက်အူကြတော့တာပဲ” ဟု ဦးအုန်းလှိုင်က သုသာန်အတွင်းရှိ ခွေးများကို မေးငေါ့ပြောရင်း သဘောတကျ ရယ်နေသည်။

ရှေးမြန်မာခေတ်များတွင် အခေါင်းစပ်ခြင်း၊ အလှဆင်ယင်ခြင်း၊ အလောင်းထမ်းခြင်း၊ တွင်းတူးခြင်း၊ မြေမြှုပ်မီးရှို့၍ အရိုး
ကောက်ခြင်း စသည့် စဏ္ဍာလငါးမျိုးရှိသည်ဟု ကျမ်းများတွင် ဖော်ပြထားသည်။ ထိုအလုပ်ကို လုပ်ကိုင်သူတို့ကိုလည်း သုဘရာဇာဟူ၍ အမည်တွင် သတ်မှတ်ထားခဲ့ကြသည်။ ယခုအခါမှာတော့ သုသာန်တာဝန်ခံတို့သာရှိပါတော့သည်။

သန်လျင်မြို့၊ ပျဉ်ထောင်ကျောင်းသုသာန် တာဝန်ခံဦးစံရှားကတော့ “နိမ့်ကျတဲ့အလုပ်ကို မြင့်မြတ်တဲ့ပုဂ္ဂိုလ်တို့က လုပ်ဆောင်ကြတယ်။ အဘကတော့ ဒီအလုပ်ကို မြတ်တဲ့အလုပ်လို့ ယူဆတယ်” ဟု သူ၏ ခံယူချက်ကိုပြောပါသည်။

သုသာန်စောင့် မဖဲဝါပိုင်ဆိုင်သည့် သင်္ချိုင်းမြေတစ်ခုအတွင်းမှ ပေါက်တူးပေါက်သံ တဒုတ်ဒုတ် ထွက်ပေါ်လာသည်။ နေ့လယ်ခင်း လေပြည်ညင်းကြောင့် လွင့်ပါနေသည့် ရွက်ခြောက်တို့အသံ တရှဲရှဲက မြေကျင်းပေါက်သံနှင့်အတူရော
ထွေးနေသည်။ မကြာမီမှာ ကြေးစည်သံတဒူဒူဖြင့် အသုဘ သံဝေဂသံကို ကြားရမည်။ ငိုကြွေးသံများလည်း ပျံ့လွင့်လာလိမ့်မည်။

၂၀၁၃၊ မတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် မြှုပ်နှံမည့် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အသုဘအတွက် ဖားကန်သုသာန် တာဝန်ခံ ဦးလှကြည်၏ ဇနီးဖြစ်သူက သစ်သားမှတ်တိုင်ပေါ်တွင် အမည်နှင့် အသက်ကို ဆေးဖြင့် ရေးထိုးနေသည်။

ဦးလှကြည်ကတော့ သူ့ဆီရောက်လာသည့် ရုပ်အလောင်းအတွက် သံဃာပင့်၍ သရဏဂုံတင်နိုင်ရန်အလို့ငှာ အနီးအနား ဘုန်းကြီးကျောင်းတစ်ကျောင်းဆီသို့ ခပ်အေးအေးပင် ဆေးပေါ့လိပ်ဖွာလျက် လှမ်းထွက်သွားလေသည်။



ဥက္ကာကိုကို၊ အောင်ခိုင်၊ အောင်သစ်လွင်

7Day News Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map