<div style='background-color: none transparent;'></div>

Home » » ‘မင်္ဂလာဦးည’မှသည် ‘ထာဝရအလင်းတန်းများ’ဆီ အနုပညာမှတ်တိုင်စိုက်ခဲ့သူ မော့စ်

‘မင်္ဂလာဦးည’မှသည် ‘ထာဝရအလင်းတန်းများ’ဆီ အနုပညာမှတ်တိုင်စိုက်ခဲ့သူ မော့စ်

ခေတ်ပြောင်းစနစ်ပြောင်းကာလတစ်ခုမှာ မြန်မာ့ရုပ်ရှင်ကို အသက်ဆက်ပေးနိုင်ခဲ့သည့် မြန်မာ့ဗီဒီယိုလောကသမိုင်းကို ခြေရာပြန်ကောက်မည်ဆိုပါလျှင် ဟာသပညာရှင် မော့စ် ၏ စင်တင်ဟာသပြဇာတ်’မင်္ဂလာဦးည’ ဗီဒီယိုတိပ်ခွေကို ချန်လှပ်၍ ရမည်မထင်။
လူရွှင်တော်မော့စ်ကို သရုပ်ဆောင်ဘက်ကူးနိုင်ဖို့ အခွင့်အလမ်းပေးခဲ့သလို ပြည်သူလူထု ပရိသတ်အတွက်လည်း စိတ်ထွက်ပေါက်တစ်ခုအနေဖြင့် ကြည်နူးပျော်ရွှင် စေခဲ့သည့် အဆိုပါ ‘မင်္ဂလာဦးည’ဗီဒီယိုမှာ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ စုကျော်ကာလ မဟာရန်ကုန်စံပြသဘင်(ဦး)မိုးဝင်းဇာတ်သဘင် စင်မြင့်ပေါ်မှာရိုက်ကူးခဲ့သော ဇာတ်ကားဖြစ်၏။ ‘မင်္ဂလာဦးည’ကို အောက်ပိုင်းပြက်လုံးတွေကြောင့် နှာခေါင်းရှုံ့ ခဲ့ကြသေးသော်လည်း မော့စ်ခေါင်းဆောင်သော ဇာတ်သဘင်ပညာရှင် လူရွှင်တော်များ ၏ မျက်ကွယ်ပြုမရနိုင်သော ဟာသအနုပညာကြောင့် အဆိုပါ တစ်ခန်းရပ် ဖျော်ဖြေမှုကဏ္ဍလေးသည် မမျှော်လင့်ဘဲ ပြည်သူလူထု ပရိသတ်ဘဝင်တွေ့စေခဲ့သည်။
ယခုတော့ အနုပညာအရည် အသွေး ပြည့်ဝသူ အကယ်ဒမီမော့စ်ကို ချစ်သူတို့ ဝမ်းနည်း မျက်ရည် ကျခဲ့ကြရပြီ…..
ကျော်ထူး
” ကိုမော့စ်တို့ဆိုတာ အရင်တုန်းက ‘မင်္ဂလာဦးည’ ဇာတ်ကားလေး ကလည်း တအားနာမည်ကြီးခဲ့တယ်။ သူတို့က ဇာတ်ညွှန်းလည်း အရေး ကောင်းပြီးသားဆိုတော့ တအား ကောင်းခဲ့တယ်။ ပြီးတော့ အရင်တုန်းက ဆိုနီ၊ မိုးကျော်၊ မေတ္တာ၊ ကွမ်းသီး၊ ကိုမော့စ်၊ ကိုမိုးဒီဆိုပြီး အတွဲတွေနဲ့ တက်လာခဲ့ကြတယ်။အဲဒီတော့ ရှေ့က လူကြီးတွေ လျှောက်ခဲ့တဲ့လမ်းမှာ ကြိုးစားပြီးတော့ အစ်ကိုတို့က လျှောက်ခဲ့ရတယ်။ အစ်ကိုကတော့ အငြိမ့်ပိုင်းကနေပြီးတော့ ရုပ်ရှင်လောကထဲကို ရောက်လာတယ်။ ဘာပဲပြောပြော ဒါက အစ်ကိုတို့ အရှေ့က စီနီယာဆရာတွေရဲ့ ဖောက်ပေးခဲ့တဲ့လမ်းကြောင့် အခုလိုမျိုး ပရိသတ်အားပေးတဲ့ အခြေအနေကို ရောက်လာခဲ့ရတဲ့အတွက် သူတို့ကို တအား လေးစားပြီး တအားလည်း ကျေးဇူး တင်မိပါတယ်”
ဒိန်းဒေါင်
‘မင်္ဂလာဦးည’မှာ ဦးမော့စ် နာမည်ကြီးတုန်းက ကျွန်တော် လူရွှင်တော်မဖြစ်သေးဘူး။ ဦးမော့စ်ကို တအားနှစ်သက်၊ကြိုက်ခဲ့တယ်။ လူရွှင် တော်လောကမှာ ကျွန်တော်တို့ရဲ့ အဖေတွေလို၊ဆရာတွေလို၊ တကယ်ကို တော်တဲ့ပုဂ္ဂိုလ်ပါ။ အသံရော၊ သန္ဓေရော၊ လေရော ဘာမှပြောစရာမရှိတဲ့ လူရွှင်တော် ဦးမိုးဒီနဲ့ဦးမော့စ် အကယ်ဒမီ ရသွားတာ တအားဝမ်းသာပါတယ်။ ဒိန်းဒေါင်ဆိုပြီး ပရိသတ်ရင်ခွင်ထဲ ရောက်တဲ့အချိန်မှာ ကျွန်တော့်ကို ငမော့စ်သားဆိုပြီး နာမည်ထွက်လာတာပါ။ ဦးမော့စ်ရတဲ့အတွက် ပျော် ပါတယ်။ ကိုယ့်လူရွှင်တော် တစ်ယောက် ရတာပဲ။ ကိုယ့်ဆရာလို၊ အဖေလိုမျိုး နေတဲ့လူရတာ အတိုင်းထက် အလွန်ကိုပျော်တယ်။ ကျန်းမာရေးမကောင်းတဲ့ အချိန်မှာ သူမျှော်လင့်ထားတဲ့ အရာကြီးကိုရသွားတဲ့အတွက် သူ့ရဲ့ ပီတိက ဘာနဲ့မှ နှိုင်း ဆလို့ မရပါဘူး”
ခင်လှိုင်
”ကိုမော့စ်ရဲ့ မင်္ဂလာဦးညဆိုရင် ဗီဒီယိုခေတ်ဦးလို့တောင် ပြောလို့ရတယ်။ အဲဒီတုန်းကဆိုရင် မြန်မာဇာတ်ကားတွေ မရှိဘူး။ ကျွန်တော်တို့ ဗီဒီယိုရုံမှာ သွားကြည့်ကြ တယ်ဆိုရင် နိုင်ငံခြားကားတွေ ကြည့် ခဲ့ရတယ်။ အဲဒီတော့ မင်္ဂလာဦးညဆိုတာလေးက ပထမဦးဆုံး မြန်မာနိုင်ငံရဲ့ ဗီဒီယိုကားလို့တောင် ပြောလို့ရပါတယ်။ အဲဒီတော့ သူတို့တွေ ဖောက်ခဲ့တဲ့လမ်းက သဘင်ကနေပြီးတော့ ရုပ်ရှင်ဘက်ကို ကူးပြောင်း နိုင်အောင် ပေါင်းကူးတံတား လုပ်ပေးခဲ့တဲ့သူတွေ ဗီဒီယိုခေတ်ဦးမှာ မြန်မာကား စရိုက်ခဲ့တဲ့ သူတွေလို့ ပြောလို့ရပါတယ်။ သူတို့က သမိုင်းရှိခဲ့တဲ့သူတွေပါ”
မိုးဝင်း
”မော့စ်ဆိုတဲ့နာမည်ကလည်း ဦးပဲ ပေးခဲ့တာပါ။ ငမော့စ်၊ ငမော့စ်နဲ့ သူ့ကိုခေါ်ကြတယ်။ ဦးမိုးက ဒီနာမည်နဲ့မဖြစ်သေးပါဘူး ဆိုပြီး စာဖတ်ရင်းနဲ့ အစ္စရေးက ထောက် လှမ်းရေး မောစ်ဆက်ကိုတွေ့တော့ ငမော့စ်ထက် မော့စ်ဆိုရင် ပိုကောင်းတယ်ဆိုပြီး သူ့ကို ဒီနာမည်ကြိုက်လားလို့ မေးလိုက်တယ်။ သူက ကြိုက်တယ်ဆိုတာနဲ့ မော့စ်ဖြစ် သွားတာပါ။ မင်္ဂလာဦးည ဇာတ်ကားက ဦးမိုးတို့ပဲခူးမှာက နေရင်းနဲ့ ရိုက်ခဲ့တာပါ။ ဒါရိုက်တာက ဦးသန်းအောင်ပေါ့။ ဒီအခွေလေးက အပြင်ကို ပျံ့သွားပြီးတော့ ထပေါက် သွားတယ်။ ဦးမိုး အော်ပရာကပြီးတော့ သူတို့ ဟာသတစ်ခန်းရပ် ဖျော်ဖြေရင်းနဲ့ ဒီဇာတ်ကားကို ရိုက်ခဲ့တာပါ။ ဦးမိုးဆိုရင် ဒီကားပေါက်သွားလိမ့်မယ်လို့ ထင်တောင်မထင် တာပါ။ အခွေထွက် သွားလိမ့်မယ်လို့ မထင် ဘူးလေ။ အဲဒီခေတ်တုန်းက ဘာမှမရှိတာလေ။ ကင်မရာတို့ ဘာတို့ က တအားရှားတယ်။ အနှစ် ၂ဝ ပတ်ဝန်းကျင်ရှိခဲ့ပြီ”
လူမင်း
”ပြီးခဲ့တဲ့နှစ်အကယ်ဒမီမှာ ကျွန်တော်ကလည်းဇာတ်ပို့ဆု ရေပန်းစားတယ်။ သူကလည်း ရေပန်းစားတယ်။ သူရသွားတဲ့အတွက် ကျွန်တော့် စိတ်ထဲမှာ နှမြောတာတို့၊မနာလိုတာတို့လုံးဝမဖြစ်ဘူး။ တကယ်မုဒိတာ ပွားတယ်။ လူတွေကို အမြဲတမ်းပျော်အောင်လုပ်တဲ့လူ ၊သူ ကိုယ်တိုင်လည်း ပျော်ပျော်နေတတ်တဲ့လူ ဒီတစ်ခါတော့ အဲဒီလူတွေ အားလုံးကို ဝမ်းနည်းအောင်လုပ်သွားတာပေါ့”
 
popularmyanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map