<div style='background-color: none transparent;'></div>

Home » » Traders ဟိုတယ် အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူနှစ်ဦး ဒဏ်ရာရ

Traders ဟိုတယ် အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူနှစ်ဦး ဒဏ်ရာရ


ရန်ကုန်မြို့လယ် ဆူးလေ ဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းဆုံ မီးပွိုင့် Traders ဟိုတယ် အနီးတွင် ယာဉ်တိုက်မှုတစ်ခု ဇန်န၀ါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

“ဖြစ်စဉ်ကတော့ သမ္မတ ရုပ်ရှင်ရုံဘက်ကနေ ဆူးလေဘုရား ဘက်ကို တက်လာတဲ့ Harrier ကားက ဆူးလေဘုရား ဘက်ကနေ သမ္မတ ရုပ်ရှင်ရုံဘက်ကို သွားမယ့် တိုယိုတာ ဗင်ကားရဲ့ နောက်ဖင်ကို မီးပွိုင့်လွတ်တဲ့ အချိန်မှာ တိုက်မိခဲ့တယ်။ တိုက်ခံရတဲ့ကားက လည်ထွက်သွားပြီး Sakura တာဝါ အရှေ့မျက်နှာချင်းဆိုင်က ပလက်ဖောင်းပေါ်က ဓာတ်တိုင်ကို ၀င်တိုက်မိတယ်။ ပြီးတော့ အုတ်နံရံကို ၀င်တိုက်မိပြီးတော့ ကားက ရပ်သွားခဲ့ပါတယ်။ Harrier ကတော့ တိုက်ပြီး ကားကို မောင်းပြေးသွားတယ်။ တိုက်ခံရတဲ့ တိုယိုတာကတော့ ခေါင်းပိုင်း ရစရာမရှိအောင် ပျက်စီးသွားတယ်။ တော်သေးတာက ကားပေါ်ပါလာတဲ့လူတွေ အသေအပျောက် မရှိပဲ ကားပေါ်မှာ ပါလာတဲ့ မိန်းကလေးနှစ်ဦး ဒဏ်ရာရပါတယ်” ဟု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။



1.25.05

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆူးလေ ဘုရားလမ်းနှင့် ဗိုလ်ချုပ် အောင်ဆန်းလမ်း မီးပွိုင့်တွင် တာဝန်ကျသည့် ယာဉ်ထိန်းတစ်ဦးက “မောင်းပြေးသွားတဲ့ ကားကတော့ Harrier ကား ပြေးပြီ။ ထွက်ပြေးသွားတဲ့ ကားဆိုတော့ စောင့်ဖမ်းလို့ မရဘူး။ မနက်ဖြန်ကျမှ က.ည.န မှာ အမည်ပေါက်ရှိတယ်။ အဲဒီအမည်ပေါက်ကို ကြည့်ပြီးတော့မှ ယာဉ်ထိန်းရဲက နောက်နေ့ကျမှ ပိုင်ရှင်နောက်ကို လိုက်ပြီး ဖမ်းပြီးတော့မှ မှားတယ် မှန်တယ် ဆုံးဖြတ်လိမ့်မယ်။ ကျွန်တော်တို့ကတော့ မှားတယ် မှန်တယ် ဆုံးဖြတ်လို့ မရဘူး။ တိုက်သွားတဲ့ အချိန်က ဒိန်းကနဲ တစ်ချက်ပဲ သိလိုက်တယ်။ ဖြစ်သွားတဲ့ အချိန်မှာ Position က ကျန်ခဲ့တာ မဟုတ်ဘူး။ အကုန်လုံးက လမ်းဘေး ရောက်နေတယ်။ Harrier ကလည်း မောင်းပြီး ထွက်ပြေးသွားတယ်။ ဘယ်လိုပုံစံမှန်းကို မသိဘူး။ အုံးခနဲပဲ ကြားလိုက်တယ်။ ပတ်ဝန်းကျင် သက်သေက အခိုင်အမာ ထွက်ဆိုမှ ဘယ်လိုဖြစ်တယ်ဆိုတာ သိမယ်။ ကျွန်တော်တို့က မြင်မှမမြင်တာ။ ကျွန်တော်တို့က ၂၄ နာရီ ထိုင်မကြည့် နိုင်ဘူးလေ” ဟု ပြောပြခဲ့သည်။
eleven media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map