<div style='background-color: none transparent;'></div>

Home » » Facebook ရဲ့ ရှာဖွေရေးဝန်ဆောင်မှု လာပါပြီ

Facebook ရဲ့ ရှာဖွေရေးဝန်ဆောင်မှု လာပါပြီ

 တကမ္ဘာလုံးက လူအများအပြား  နေ့စဉ်နေ့တိုင်း စွဲမြဲစွာ အသုံးပြုနေကြတဲ့  Facebook မှာ ကိုယ်လိုချင်တာရှာဖွေဖို့ ဆိုရင် အခက်အခဲ ရှိပါတယ်။ လူတစ်ဦးရဲ့ နာမည် သို့မဟုတ် ကုမ္မဏီ တခုရဲ့လိပ်စာကို ရိုက်ထည့်လိုက်ရင် Facebook က ကန့် သတ်ချက် တချို့ နဲ့ပဲ ရှာဖွေပေးနိုင်ခဲ့တာပါ။

ဒါပေမယ့် Facebook က ဒီအခက်အခဲကို ဖြေရှင်းဖို့ သူ့ရဲ့ ခြေလှမ်းသစ်ကို စတင်လိုက်ပါပြီ။

ရှာဖွေရေး Graph Search
တီထွင်မှုအသစ်နဲ့ ပြောင်းလဲဖို့အချိန်တန်ပြီ လို့ဆိုရမလိုပဲ - အင်္ဂါနေ့တုန်းက အမေရိကမှာ Facebook ပိုင်ရှင် မက်ဇက်ကာဘက်က “Graph Search” ဆိုတဲ့  စွမ်းဆောင်ရည် အသစ် နဲ့ ပရိသတ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

“ Graph Search “ ဆိုတဲ့ နာမည်နဲ့ Facebook ရဲ့ စွမ်းဆောင်မှုအသစ်ဟာ သင် သိချင်သမျှအရာတချို့ ကို အချိန်တို အတွင်း စာလုံးရေ အနည်းငယ် ရိုက်ထည့်လိုက်နဲ့  ဖြေပေးပါလိမ့်မယ်။

ဥပမာ ဆိုရရင် - သင်ဟာ သင့်ရဲ့ ပတ်ဝန်းကျင်အတွင်းမှာ ဘယ်သူ တင်းနစ် ၀ါသနာ ပါသလဲ ဆိုတာ သိချင်ပါသလား။
Facebook  က သင့်လိုချင်တဲ့အဖြေကို ချက်ချင်း ရှာပေးပါလိမ့်မယ်။
သမိုင်းထဲက ဓာတ်ပုံတွေ ပြန်ကြည့်ချင်ပါသလား၊  လိုချင်တဲ့အရာကို Facebook မှာ ရိုက်ထည့်လိုက်တာနဲ့ အလွယ်တကူ ရှာပေးပါလိမ့်မယ်။

 ဒီ Graph Search ဟာ လွန်ခဲ့တဲ့ နှစ်တွေထဲမှာ Facebook ရဲ့ အကောင်းဆုံး ကြိုးစားပြီးဆန်းသစ်ထားတဲ့ တီထွင်မှု ဖြစ်တယ်လို့ Facebook   တည်ထောင်သူ နဲ့ အမှုဆောင် အရာရှိ မက်ဇက်ကာဘက်က ဆိုပါတယ်။

Facebook  ဟာ ပြီးခဲ့တဲ့နှစ်က စတော့ရှယ်ယာ ဈေးကွက်ထဲ စ၀င်ပြီး အများပိုင် ကုမ္မဏီ ဖြစ်ခဲ့တာပါ။ အဲဒီကတည်းက ဆန်းသစ်တဲ့ နည်းပညာ အသစ်တွေကို Facebook အတွင်း  ထည့်သွင်းဖို့ကြိုးစားနေခဲ့ပါတယ်။  အခု  ဘယ်သူမှ မထင်မှတ်တဲ့ အချိန်မှာ Graph Search ကို မိတ်ဆက်လိုက်နိုင်တာကြောင့် သူရဲ့ စတော့ရှယ်ယာတွေဟာ ဈေးပြန်မြင့်လာဖွယ် ရှိနေပါပြီ။

စောင့်ကြည့်ဖို့ လိုသေးတယ်
Graph Search ဟာ  အစမ်းသပ်ခံ အနေနဲ့သာ ထွက်လာတာဖြစ်ပြီး ဒါကိုအသုံးပြုဖို့ခေတ္တမျှ စောင့်ရအုံးမှာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဇက်ကာဘက်က - ဒါဟာ စမ်းသပ်တုန်းပဲ ရှိပါသေးတယ်၊  အစပျိုးတဲ့ကာလဖြစ်ပေမယ့် သုံးစွဲသူတွေ လိုချင်တဲ့ သတင်း အချက်အလက်တွေကို ယခင်ကထက် ပိုမို အကျိုးရှိစွာ အသုံးပြုဖို့  အဓိက ထားပါတယ် လို့ ဆိုပါတယ်။

Facebook ကွန်ရက်အတွင်းမှာ ကိုယ်ရေး ရာဇ၀င် အချက်အလက် ၁ ဘီလျံ၊  ဓာတ်ပုံ ၂၄ ဘီလျံ၊  အဆက်အသွယ် ချိတ်ဆက်မှုပေါင်း ၁ ထရီလျံ   ရှိတယ် လို့လည်း မိတ်ဆက်ပွဲမှာ ဇက်ကာဘက်က ပြောကြားခဲ့ပါတယ်။

ဒါတွေကို ရှာချင်ရင်တော့ ယခု သင် နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Facebook  ရဲ့ အပေါ်ဆုံး က ရှာဖွေရန်နေရာ (main search bar) မှာ  လိုချင်တာ ရိုက်ထည့်ပြီး ရှာရုံပါပဲ။

စမ်းသပ်ဆဲကာလ အဟန့်အတားများ
ယခုအချိန်မှာတော့ ဒီစွမ်းဆောင်ရည်ဟာ မိုဘိုင်းဖုန်းတွေ အတွက် လုပ်ဆောင်နိုင်ခြင်း မရှိသေးသလို၊  အင်စတာဂရမ် (Instagram)  နဲ့လည်း ချိတ်ဆက်ထားမှု မရှိပါဘူး။

http://blog.irrawaddy.org/2012/04/facebook_10.html

 ပြီးတော့ကာ API လို့ခေါ်တဲ့ Facebook  အပြင်ဘက်က ဆော့ဖ်ဝဲ ရေးသားသူများ ၀င်ရောက်၍ သက်ဆိုင်တဲ့ အက်ပလီကေးရှင်း (apps) တွေကိုလည်း ဖန်းတီးခွင့် မရှိသေးပါ။

နောက်ထပ် တခုကတော့ လက်တလောမှာ Graph Search ဟာ  အင်္ဂလိပ် ဘာသာနဲ့သာ အလုပ်လုပ်နိုင်တဲ့အချက်ပါပဲ။

ရှာဖွေတဲ့နေရာမှာ ပုံမှန်နေ့စဉ်အသုံးပြုနေကြစကားလုံးတွေနဲ့ ရှာဖွေနိုင်ပြီး  ဘယ်သူငယ်ချင်းက ကြောင်ချစ်လဲ ( Friends who love cats ) ဆိုတဲ့ မေးခွန်းမျိုး ရိုက်ထည့်လိုက်ပါက သင်လိုချင်တဲ့ အဖြေကို အလွယ်တကူ ရှာဖွေနိုင်မှာပါ။

နောက်တခုကတော့ စီးပွားရေး လုပ်ငန်းဆောင်တာတွေ နဲ့အလုပ်အကိုင် ရှာဖွေရေး အတွက် ပိုမိုအကျိုးရှိလာနိုင်ပါတယ်။

လုံခြုံရေး
ဒါပေမယ့် အနောက်တိုင်းက လူအများ   စိုးရိမ်စွာ မေးလာနိုင်တာက “Graph Search” ဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံမှုကို ခြိမ်းခြောက်နေသလားဆိုတာပါပဲ။
Facebook က ပြောကြားရာမှာတော့ ဒီ ရှာဖွေရေး စွမ်းရည်သစ် ဟာ သင်ခွင့်ပြုထားတဲ့ အတိုင်းအတာထဲမှာသာ တခြားလူက ရှာဖွေနိုင်မှာဖြစ်ပါတယ် တဲ့။

ဇက်ကာဘက်က လျှို့ ဝှက် ကိုယ်ရေးအချက်အလက်တွေ နဲ့ပတ်သတ်ပြီး လုံခြံဖို့ အထူး အလေးထားကြောင်းလည်း ပြောခဲ့ပါသေးတယ်။

ဂူဂဲလ်ကို ယှဉ်ဖို့လား?
Facebook ရဲ့ “Graph Search” ဟာ အချက်အလက်ရှာဖွေရေးမှာ ဆရာတဆူဖြစ်တဲ့ Google ကိုခြိမ်းခြောက်နိုင်ဖို့တော့မရှိပါ။
ဒါနဲ့ပတ်သတ်ပြီး ဇက်ကာဘက် က အင်တာနက် အသုံးပြုသူတွေ အနေနဲ့ အရာရာတိုင်းကို Facebook သုံးပြီး ရှာလိမ့်မယ်လို့ မထင်ပါဘူး။
“Graph Search” ဟာ Facebook သုံးစွဲသူတွေ  အသုံးပြုနေခိုက် လိုချင်တာရှိပါက အမြန်ဆုံးနဲ့ အထိရောက်ဆုံး ရှာဖွေနိုင်အောင်သာ  တမူ ထူးခြားအောင် စီစဉ်ထားတာပါ လို့ ဆိုပါတယ်။

ဇက်ကာဘက်က သူတို့ရဲ့ ပစ္စည်းသစ်ကို  အစမ်းသပ်ခံကာလ ကနေပြီး သုံးစွဲသူရဲ့ တုံ့ ပြန်ချက်ကို ကြည့်ပြီး  ပိုမိုကောင်းမွန်လာအောင် တဖြည်းဖြည်း   ပြုလုပ်သွားမယ် လို့ ဆိုလိုက်ပါတယ်။

Facebook ချစ်သူတွေရဲ့ စာမျက်နှာတွေမှာ ဒီ (Graph Search) ကို အသုံးပြုဖို့ တိုက်တွန်းသွားမယ်၊
Facebook ရဲ့ လုပ်ငန်းဆောင်တာ စွမ်းရည် တီထွင်မှုတွေကို လေ့လာခွင့်ရအောင် လုပ်သွားပါမယ်
စသဖြင့်  မီဒီယာ နဲ့ မိတ်ဆက်ပွဲမှာ ဇက်ကာဘက်က ပြောကြားခဲ့ပါတယ်။

အခုလို Facebook  ရဲ့ “Graph Search Beta” ကို ဦးဦးဖျားဖျား စမ်းသပ်ချင်တဲ့ သူတွေအနေ နဲ့ https://www.facebook.com/about/graphsearch မှာ  သွားရောက်ပြီး  Join Waiting List ကိုနှိပ်ကာ စမ်းသပ်နိုင်ပါတယ်။

ဒါ့အပြင် မက်ဇက်ကာဘက် ဦးဆောင်ပြီး   Facebook အင်ဂျင်နီယာများ  “Graph Search”  တီထွင်ဖြစ်ပုံအကြောင်း  ဗီဒီယိုတွေကြည့်ကာ လေ့လာ ပညာယူလို့ ရကြောင်း လက်တို့လိုက်ပါတယ်။
 http://blog.irrawaddy.org/2013/01/facebook.html
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map