ချောင်းသာကမ်းခြေကို ကျောက်မောင်နှမစေတီပေါ်မှ မြင်ရစဉ်
ချောင်းသာကမ်းခြေ၌ ဇန်န၀ါရီလ ၂၅ ရက်နေ့မှစတင်ပြီး လေထန်ကာ
ပင်လယ်ပြင်အတွင်း လှိုင်းကြီးနေသောကြောင့် လာရောက်အပန်းဖြေသည့်
ခရီးသည်များအား သဲဖြူကျွန်းသို့ စက်လှေဖြင့် သွားရောက်လည်ပတ်ခွင့်
ယာယီပိတ်ပင်ထားကြောင်း ချောင်းသာကမ်းခြေမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။
"ချောင်းသာကမ်းခြေမှာ ဒီရက်ပိုင်းမှာ လေကထန်နေတယ်။ လေထန်ပြီး
လှိုင်းကြီးနေတဲ့အတွက် ခရီးသည်တွေကို သဲဖြူကျွန်းကိုသွားမယ့် စက်လှေတွေကို
ခဏပိတ်ထားတယ်။ ခရီးသည်တွေကို သွားရောက်လည်ပတ်ခွင့်ကို ပိတ်ပင်ထားတယ်ပေါ့။
ဒါကလည်း ရက်ပိုင်းပါ။ လှိုင်းတွေပြန်ငြိမ်သွားရင် ပြန်ခွင့်ပြုမှာပါ" ဟုလည်း
ချောင်းသာကမ်းခြေမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လတ်တလော အခြေအနေအရ ဇန်န၀ါရီလ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်နေ့များကိုသာ
ပိတ်ပင်ထားခြင်းဖြစ်ပြီး မိုးလေ၀သအခြေအနေကို ကြည့်ကာ ဇန်န၀ါရီလ ၂၈
ရက်နေ့တွင် ပြန်လည်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ချောင်းသာကမ်းခြေသို့ ရောက်ရှိနေသည့် ခရီးသည်တစ်ဦးကလည်း "ချောင်းသာကို
၂၅ ရက်နေ့က ရောက်တာပါ။ ၂၆ ရက်နေ့မှာ သဲဖြူကျွန်းသွားလည်ဖို့
စီစဉ်ထားပေမယ့် သဲဖြူကျွန်းသွားမယ့် စက်လှေတွေကို ပိတ်ထားတဲ့အတွက်
မသွားဖြစ်တော့ပါဘူး။ ကျောက်မောင်နှမဘက်ကိုပဲ သွားဖြစ်တယ်။
ကမ်းခြေမှာလှိုင်းကြီးတော့ လှိုင်းစီးကောင်းတာတော့ အမှန်ပဲ။ ကျန်တဲ့
အချိန်တွေကတော့ ရွာထဲသွားတယ်။ ရေထဲဆင်းတယ်" ဟု လည်း ပြောပြခဲ့သည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇန်န၀ါရီလ ၂၇ ရက် ရက်စွဲဖြင့်
ထုတ်ပြန်ချက်များအရ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်
ရှိမည်ဖြစ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တွင်
တိမ်အသင့်အတင့် ထူထပ်နေကြောင်းလည်း ထုတ်ပြန်ထားပါသည်။
ချောင်းသာကမ်းခြေ၌ ယင်းကဲ့သို့ လေထန်လှိုင်းကြီးစဉ် သဲဖြူကျွန်းသို့
သွားရောက်မည့်စက်လှေများကို ပိတ်ပင်ထားလေ့ရှိပြီး လှိုင်းအခြေအနေ
ပုံမှန်နီးပါးပြန်ဖြစ်မှသာ သဲဖြူကျွန်းသို့ သွားရောက်လည်ပတ်ခွင့်
ပြုလေ့ရှိကြောင်းလည်း သိရှိရသည်။
eleven media group


0 comments:
Post a Comment