<div style='background-color: none transparent;'></div>

Home » » အကယ်ဒမီမရခင် ဘာမှမပြောဘူး အကယ်ဒမီရပြီးမှ ဟိုပြောဒီပြော ပြောတာ မြန်မာလူမျိုးပါတွေပါဆိုတဲ့ ဆွေဇင်ထိုက်

အကယ်ဒမီမရခင် ဘာမှမပြောဘူး အကယ်ဒမီရပြီးမှ ဟိုပြောဒီပြော ပြောတာ မြန်မာလူမျိုးပါတွေပါဆိုတဲ့ ဆွေဇင်ထိုက်

၂၀၁၁ ရုပ်ရှင်အကယ်ဒမီဆု ချီးမြှင့်ပွဲကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ခြင်းနှင့် “ထာဝရအလင်းတန်း” ရုပ်ရှင်ဇာတ်ကားက ဆုအများဆုံး ရရှိခဲ့ပြီး  သရုပ်ဆောင် နောင်နောင်ကလည်း ဝေဖန်မှု အတော်များများ ခံရခြင်းတွေအပေါ် ဝါရင့်ရုပ်ရှင် အနုပညာရှင် ဒေါ်ဆွေဇင်ထိုက်ကို မေးမြန်းတဲ့အခါ

၂၀၁၁ အကယ်ဒမီပေးပွဲ ရန်ကုန်မှာ ကျင်းပခဲ့ခြင်းအပေါ်မှာ အန်တီဂရေ့စ်ရဲ့ အမြင် သိချင်ပါတယ်။

အားလုံးက လန်းလန်းဆန်းဆန်းနဲ့ လာလို့ရတာပေါ့။ နေပြည်တော်မှာ ကျတော့ ဂရေ့စ်တို့က တစ်ညလုံး ကားစီးသွားရတယ်။ နံနက်အစောကြီးရောက် နားချိန် သိပ်မရှိဘဲ ပြင်ဆင်လိုက်ရတော့ ခရီးလည်းပန်းတယ်။ အသက်ကြီးတဲ့ သရုပ်ဆောင်တွေဆိုရင် မလိုက်နိုင်ဘူး ဆိုပြီး နေခဲ့လိုက်တာတွေ ရှိတယ်။ သိုင်းသိုင်းဝိုင်းဝိုင်း စုံစုံလင်လင် ဖြစ်ရမယ့် အခွင့်အလမ်းမှာတော့ အကန့်အသတ် ရှိနေတဲ့ သဘောပေါ့။ ရန်ကုန်မှာကျတော့ တကယ့်ပရိသတ်နဲ့ တကယ့် အနုပညာအသိုင်းအဝိုင်းနဲ့ ကျင်းပကြတာလေ။ ဟိုမှာကျတော့ လူမပြည့်ရင် ဝန်ထမ်းတွေလာ ဆိုပြီး ဖြည့်လို့ရတယ်။ အဲဒီတော့ ဘယ်လိုကြည့်ကြည့် ပြည့်တယ်ပေါ့။ ဒီမှာကတော့ တကယ့် အစစ်အမှန် ပရိသတ်ဖြစ်တယ်လို့ ထင်ပါတယ်။

လက်မှတ်ဈေးနှုန်းတွေ မြင့်လွန်းတယ်ဆိုတဲ့ အပေါ်မှာရော


မြင့်တယ်လို့တော့ မယူဆကြပါနဲ့ အရင်တုန်းက ၁၀၀၊ ၂၀၀ ပေးရတဲ့ဟာတွေတောင် ကျွန်မတို့ တစ်ထောင်၊ နှစ်ထောင် ပေးရတာဆိုတော့ တန်ပါတယ်လို့။

အန်တီဂရေ့စ်ရဲ့ အနုပညာပေါ်မှာ သဘောထားက..

အနုပညာဆိုတာက လိုင်စင်ရပြီးသား လူတွေပါ။ ပြည်သူက ချစ်ပြီးသား၊ ကိုယ်ပြောတဲ့ စကားက အကယ်၍များ သူတို့ဘဝအတွက် အကျိုးရှိမယ်ဆို ပိုအသုံးဝင်တာပေါ့။ အကယ်၍ ကိုယ်က သူတို့ဘဝအတွက် အမှားအယွင်းဖြစ်မယ့် တိမ်းစောင်းမယ့် သတင်းအချက်အလက်လေးတွေ ပေးမိမယ်ဆိုရင် ကိုယ့်မှာ တာဝန်ရှိတယ်။ အနုပညာရှင်တွေ ဒါလေး သိထားရမယ် ထင်တယ်။ ပြီးတော့ အနုပညာရှင်ဟာ ပရိသတ်ရဲ့ နောက်ကို လိုက်နေတာထက်စာရင် ပရိသတ်ရဲ့ ရှေ့ကို ခေါင်းဆောင်ပြီး သွားနိုင်ရင် ပိုကောင်းတယ်လို့ ဂရေ့စ်မြင်တယ်။ ကျွန်မကတော့ ဟိုးရှေးခေတ်တုန်းက ရှိခဲ့တဲ့ ရုပ်ရှင် Film maker ကြီးတွေ ဦးသုခ၊ ဦးတင်ယု၊ ဦးဝင်းဦးတို့ ဆိုသူတို့က ပရိသတ်ရှေ့ကနေ ခေါင်းဆောင်သွားတာ ပရိသတ်ကို ပေးရမယ့် message တွေ၊ဘဝအတွက် ထားရမယ့် စိတ်ခွန်အားတွေ ပေးခဲ့တာ။ ခုကတော့ အဲဒီလို မဟုတ်ဘူး။ အနုပညာသည်က ပရိသတ်နောက်ကို လိုက်နေရတယ်။ ကျွန်မရဲ့ ဟောလိဝုဒ်က သူငယ်ချင်းတစ်ယောက်က ပြောတယ်။ ကျွန်မတို့ မြန်မာ့ရုပ်ရှင်လောကက ပရိသတ်နောက်ကို လိုက်နေရတယ်။ ဒါကြောင့် ပရိသတ်ကြိုက်ရင် ရယ်စရာကားတွေ ရိုက်လိုက်၊ သရဲကားကြိုက်ရင် သရဲကားရိုက်လိုက် wave တွေက တစ်ခုပြီးတစ်ခု တက်နေတာပေါ့။ ဒါဟာကျွန်မတို့ ထုတ်လုပ်သူတွေမှာ အရည်အသွေးကို ထိန်းမထားနိုင်ဘူးလို့ ဝေဖန်သွားပါတယ်။ အလုပ်လုပ်တဲ့ ပုံစံကလည်း ပိုက်ဆံနောက်ပဲ လိုက်နေတော့တာပဲ။ အဲဒီတော့ ဈေးကွက်လည်း သိပ်မရှိဘူး။ ရေများရေနိုင်၊ မီးများမီးနိုင် ဖြစ်နေတယ်။

သရုပ်ဆောင် အလုပ်မလုပ်တော့ပေမယ့် အန်တီဂရေ့စ်ကို ပရိသတ်က ချစ်နေသေးတယ်နော်။

ဒါကတော့ Above the Line နဲ့ below the line ဆိုတာရှိတယ်။ ကျွန်မက ရုပ်ရှင်မင်းသမီး တစ်ယောက်အနေနဲ့ ကင်မရာရှေ့မှာသာ မနေတာ ကင်မရာနောက်ကွယ်က လုပ်ရတဲ့ အလုပ်တွေ ဂရေ့စ် လုပ်ပါတယ်။ ထုတ်လုပ်သူ လုပ်တာ မြန်မာပြည်မှာတာ့ ဂရေ့စ်အပျော်ဆုံးပဲ ထင်တယ်။ ဂရေ့စ်က ပိုက်ဆံရတာမရတာ စိတ်ပူစရာ မလိုဘူး။ ဂရေ့စ်ပေးရမယ့် message ပါသွားဖို့ အတွက်ပဲလေ။ အဲဒီ message တွေက ပြည်သူတွေကို အကူအညီ၊ အသိပညာပေးတဲ့ ဟာတွေလို့ သိနေတာကြောင့်လို့ ဖြစ်မယ်ထင်တယ်။ လူတစ်ယောက်က ကိုယ်တစ်ယောက်တည်း ကောင်းနေတော်ရုံနဲ့ မပြီးဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပါ တော်အောင် ထက်မြက်အောင် လုပ်နိုင်တဲ့ လူကိုမှ လူတော်လို့ ကျွန်မက ယူဆတယ်။ အဲဒီတော့ ဂရေ့စ်က ကိုယ့်ဘေးမှာရှိတဲ့ လူတွေကို ကန့်ကူလက်လှဲ့ သင့်သလို သင်ပေးတယ်။ ကိုယ်က နောက်ကနေပြီး အမှိုက်သိမ်း ကုလားမကြီးလို လုပ်တဲ့အခါလည်း လုပ်ရတာပဲ။ ဒီလိုမျိုး လုပ်လာတာ အနှစ်နှစ်ဆယ် ကျော်ပြီဆိုတော့ ဂရေ့စ်ကို Generation by Generation သိနေတယ် ထင်တယ်နော်။

“ထာဝရအလင်းတန်း” ထဲက အမျိုးသား ဇာတ်ဆောင်ဆုနဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် ထွက်ခဲ့တဲ့ အပေါ်ရော

ဒီကားက ဂရေ့စ်အိမ်က ကားဆက်ခန်းမှာပဲ ဆက်တာ။ ကိုထွန်းအောင်ဇော် ကားဆက်တဲ့ တောက်လျှောက်မှာလည်း ကျွန်မ ရှိနေတာပါပဲ။ နောင်နောင်ကို ကြည့်လိုက်တော့ သူက ရိုးရိုးသားသားပဲ။ သူလုပ်စရာရှိတာတွေကို ရိုးရိုးလေး လုပ်သွားတာ။ Technique မပါဘူး။ ဝါရင့် သရုပ်ဆောင်တွေက ကျွန်မတို့ဆီမှာ နည်းပညာ သုံးတတ်တာ ရှိတယ်။ အသံနည်းပညာ၊ အရုပ်နည်းပညာ သုံးတတ်ကြတယ်။ သူ့မှာ အဲဒါမျိုးတွေ လုံးဝမရှိဘူး။ သူကအရမ်းရိုးတယ်။ သူ့ရင်ထဲမှာရှိတဲ့ အတိုင်း လုပ်သွားတာ။ အဲဒါကြောင့် နည်းပညာသုံးထားတဲ့ဟာနဲ့ ယှဉ်ကြည့်လိုက်ရင် မြန်မာပရိသတ် ခံစားမှုနဲ့ ကြည့်လိုက်ရင် နည်းနည်း လိုတယ်လို့ ထင်ကြမှာပဲ။ ကျွန်မမြင်တာက သူက လုပ်ကွက်ရှိသလောက် အကုန် လုပ်သွားတယ် ထင်ပါတယ်။ ကျွန်မတို့ ပရိသတ်ခံစားမှုကလည်း နေရာဒေသတစ်ခုနဲ့ တစ်ခု မတူဘူး။ အနောက်နိုင်ငံမှာ ရှိနေတဲ့ ရုပ်ရှင် ထုတ်လုပ်သူတွေက ထုတ်လုပ်တဲ့အခါမှာ အနောက်နိုင်ငံက ရုပ်ရှင်တွေကပိုပြီး သူရဲကောင်း ဝါဒ ဇာတ်လိုက်ဆန်တယ်။ သူတို့က သိပ်ပြီး နူးညံ့ပျော့ပျောင်းတာ မရှိဘူး။ အိန္ဒိယမှာကျတော့ ဇာတ်ကောင်တွေက Acting ကို နည်းနည်း ပိုလုပ်ရတယ်။ လွမ်းစရာရှိရင် နည်းနည်း ပိုလွမ်းရတယ်။ Acting ကို ခံစားကြတာ ဟောလိဝုဒ်က ကားကို ခံစားတာနဲ့ ဘောလိဝုဒ်က ကားကို ခံစားတာ လုံးဝမတူဘူး။ ကိုရီးယားကျပြန်တော့ လူပိုဆန်တယ်။ သူတို့ရဲ့ သင်ရိုးညွှန်းတမ်းမှာကို grade 5 ရှိရမယ်ဆို တစ်ခါတည်း Grade 5 ရအောင် သင်လွှတ်လိုက်တာ။ သူတို့မှာ ပုံသေနည်းရှိတယ်။

 

အသံ၊ အရုပ်တွေက သင်ရိုးညွှန်းတမ်းမှာ တစ်ခါတည်း သင်ပြီးသား မြန်မာနိုင်ငံမှာ အဲဒါမျိုး မရှိဘူး။ ကျွန်မတောင် ရှုမဝမှာ သင်တန်းတက်ခွင့်ရတာ အခွင့်အလမ်းကောင်းမို့လို့ ဆယ်တန်းအောင်ပြီး ဇာတ်လမ်းရိုက်တော့ Trainning လေးနှစ်တောင် ရထားတာ။ ခုနောက် ကလေးတွေ အဲဒီလို အခြေခံအချက်တွေ မရဘူးဆိုတော့ Acting က သဘာဝအတိုင်း ဆိုရင် နည်းတယ်လို့ ထင်ကြတာ။ တချို့က ဘောလိဝုဒ် ကားတွေလိုမျိုး မျှော်လင့် ဖြစ်စေချင်တယ်။ ခံစားချင်တယ်။ ကိုရီးယားကားတွေက တစ်ကမ္ဘာလုံးကို ရောက်နိုင်တဲ့ အဓိက လက်တံကြီးက သူတို့ရထားတဲ့ သင်ရိုးညွှန်းတမ်း ရေးထားတဲ့ ဆရာက တော်တော် လူဆန်တယ်။လူ့သဘာဝ စရိုက်တွေကို Research သေချာလုပ်ပြီး ရေးထားတာ။ ဟောလိဝုဒ်မူ၊ ဘောလိဝုဒ်မူ မဟုတ်ဘဲ ကြားထဲမှာ လူနဲ့တူအောင် ရေးထားတာ။ မြန်မာပြည်က ကားတွေက ရင်ထဲကခံစားပြီး ငိုတာထက် ခေါင်းနဲ့ ငိုနေသလိုပဲလို့ ခံစားပြီး မှတ်ချက်ပေးချင်တယ်။ တစ်ခါတစ်ရံမှာ သရုပ်ဆောင်တာ မျက်နှာကြီး တစ်ခုလုံးက ငိုနေပြီး မျက်လုံးက ငိုမနေဘူး။ အဲဒါမျိုးကို သတိထားမိတယ်။ မြန်မာ Actingက grade 3 လောက်မှာပဲရှိတယ်။ “ထာဝရအလင်းတန်း” မှာ နောင်နောင်က အကယ်ဒမီဘုတ် အဖွဲ့မှာပါတဲ့ အနုပညာသည် အားလုံးက သူကရသင့်တယ်လို့ မဲပေးသွားတာလို့ ကြားမိပါတယ်။ “ထာဝရအလင်းတန်း” က အကယ်ဒမီ မရခင်တုန်းက ဘာမှမပြောဘူး။ အကယ်ဒမီရပြီးမှ ဟိုပြောဒီပြော ပြောတယ်။ အဲဒါ မြန်မာလူမျိုး။

ပရိသတ်ကို ပြောချင်တာက...

ကျွန်မတို့ခု ကျွန်မတို့ချည်းပဲ တသီးတသန့် နေလို့မရတော့ဘူး။ ရေစီးကြောင်းကို တွယ်လိုက်ရတော့မှာ။ ကျွန်မတို့က ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် အဲဒီရေစီးကြောင်းပေါ်က ခုန်ဆင်းခဲ့တာ နှစ်ပေါင်းကို ဘယ်နှဆယ်ချီနေပြီလဲ။ အဲဒီတော့ ခုကျွန်မတို့ ပြန်တက်ရမယ်။ ရေစီးကြောင်းပေါ် အမီပြန်တက်နိုင်ဖို့ ကျွန်မတို့ သူများလို ပြေးလိုက်လို့မရဘူး။ မှန်မှန်သွားလို့ မရဘူး။ ကျွန်မတို့ အရမ်းကိုခုန်ပြီးတော့ တက်ရမှာ။ အဲဒီလိုခုန်နိုင်ဖို့အတွက် ကျွန်မတို့အမြင်တွေ ပြင်ရမယ်။ ဦးနှောက်တွေ ပြင်ရမယ်။ ကိုယ့်တစ်ကွက်တည်း ကြည့်မနေဘဲ တခြားလူတွေကိုလည်း မှန်းကြည့်ရမယ်။ ၃၆၀ ဒီဂရီပတ်လည်ပေါ့။ အမြန်နှုန်းနဲ့ ဘယ်လိုလုပ်နိုင်မလဲ ကြည့်ဖို့လိုပါတယ်။ အဲဒီတော့ ရှေ့က ကြည့်နေသူတွေကိုလည်း အားပေးမယ်။ နောက်မှာ ကျန်ခဲ့တဲ့သူတွေကိုလည်း ဆွဲခေါ်ပေါ့။ ကျွန်မကတော့ ဆွဲခေါ်လို့မရတဲ့ သူတွေကို ထားခဲ့လို့ပဲ ပြောတယ်။ ကျွန်မက လူတွေကို ကလေးများ လမ်းလျှောက်တတ်အောင် သင်ပေးသလို သင်ပေးချင်တယ်။ သင်တဲ့အချိန်တော့ ကူညီမယ်။ ပြီးရင်တော့ သူ့ဘာသာသူ လျှောက်ရမယ်။ ဒါသူ့တာဝန်လေ။ အဲဒီလို မဟုတ်ဘဲ ခုမြန်မာပြည်မှာက ခါးတစ်ခွင်ပြီး ချီဖို့ စောင့်နေကြတယ်။ ကျွန်မကတော့ အဲဒါကို I hate it. လုံးဝမကြိုက်ဘူး။
 news.yatanarpon
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map