နေ့စဉ်ဆိုးရွားစွာ ကြုံတွေနေရသည့် ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှု
ပြသနာအား ပြန်လည်ဖြေရှင်းနိုင်ရန် ဆယ်စုနှစ်ကျော်ကြာ ပိတ်ပင်ထားခဲ့သည့်
ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးနင်းမှုအား ပြန်လည်ခွင့်ပြုနိုင်ရန်
စဉ်းစားမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
''ယာဉ်ကြောပိတ်ဆို့မှု ပြသနာကို ဖြေရှင်းနိုင်ဖို့ အစိုးရအဖွဲ့အနေနဲ့
ရန်ကုန်မြို့မှာ ဆိုင်ကယ်စီးနင်းမှု ပြန်လည်ခွင့်ပြုရေး ပြန်လည်
သုံးသပ်စဉ်းစားနေပါတယ်'' ဟု ရထားပို့ ဆောင်ရေး ၀န်ကြီးဋ္ဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
လူဦးရေ ခုနှစ်သန်းခန့် နေထိုင်သည့် ရန်ကုန်မြို့တွင်
ဘတ်စ်ကားရွေးချယ်စီးနင်းသူ ၈၅ရာခိုင်နှုန်းအထိ ရှိနေသော်လည်း ကိုယ်ပိုင်ကား
စီးနင်းသူ ၆ ရာခိုင်နှုန်းနှင့် တက္ကစီ စီးနင်းသူ ၅ရာခိုင်နှုန်း ရှိနေပြီး
မြို့ပတ်ရထားစီးနင်းသူနှင့် အခြားယာဉ်စီးနင်းသူ ၅ရာခိုင်နှုန်းအထိ
ရှိနေကြောင်းလည်း သိရှိရပါသည်။
ရန်ကုန်မြို့တွင်း ဘတ်စ်ကားဖြင့် နေ့စဉ်သွားလာနေသူ လူဦးရေမှာ
ပျမ်းမျှအားဖြင့် ၃သန်း ကျော်ခန့်အထိ ရှိနေသော်လည်း နေ့စဉ်
ပြေးဆွဲပေးနိုင်သည့် ဘတ်စ်ကားအစီးရေမှာ ၆၀၀၀ ကျော်ခန့်သာ ရှိနေသည်ဟု
မထသ(ဗဟို)၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
နေ့စဉ် သွားလာနေသည့် လူဦးရေနှင့် ယာဉ်အစီးရေ မလုံလောက်မှု ပြသနာကြောင့်
ပြည်သူအများစုမှာ ကျပ်တည်းနေသည့် ယာဉ်များအား အလုအယက်
စီးနင်းနေရသည့်အပြင်၊ ရန်ကုန်မြို့၏ အဆိုးရွားဆုံး ဖြစ်ပေါ်နေသည့်
ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကြောင့် ပြည်သူများ၏ ကိုယ်ပိုင်အချိန်၊
လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည် ကျဆင်းမှု၊ စိတ်ဖိစီးမှုများ
ဖြစ်ပေါ်ရကြောင်းလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဋ္ဌာနမှ
ညွှန်ကြားရေးမှုး ဦးမြင့်ကျော်က ပြောပါသည်။
''လူတစ်ယောက်ရဲ့ နေ့စဉ် လုပ်ငန်းခွင်အတွက် သွားလာချိန်ဟာ တစ်ရက်ကို
တစ်နာရီထက် မကြာသင့်ပါဘူး။ ဒီအချိန်ထက် ကြာသွားရင် စွမ်းရည်ကျဆင်းမှု
ပြဿနာတွေနဲ့ ကြုံတွေ့ရမယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ ကျွန်တော်တို့ရဲ့
ပြဿနာက ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို မဖြေရှင်းနိုင်သေးတာပါ။ ဒီပြဿနာကို
ဖြေရှင်းနိုင်ပြီဆိုတာနဲ့ မြေဈေးနှုန်းတွေ ကျလာနိုင်တယ်ဆိုတဲ့ ဆက်စပ်မှုလည်း
ရှိနေပါတယ်။ ဥပမာ ထောက်ကြံ့နဲ့ မြို့တွင်းက မိုင် ၂၀ပဲ ဝေးတယ်။
ယာဉ်ကြောပိတ်ဆို့မှု မရှိလို့ သယ်ယူပို့ဆောင်ရေး အဆင်ပြေလာရင်
နာရီဝက်လောက်ပဲ ကြာနိုင်တဲ့ ထောက်ကြံ့မှာပဲ နေမှာပေါ့။ ဒီလို ရွေးချယ်ခွင့်
ရှိလာရင် မြို့တွင်းကို စုပြုံတိုးနေလို့ မြေဈေးတွေ အဆမတန် တက်လာတဲ့
ပြဿနာကိုပါ ကာကွယ်ပြီးသား ဖြစ် လာပါလိမ့်မယ်'' ဟု ဦးမြင့်ကျော်က
ပြောပါသည်။
နေ့စဉ်ဆိုးရွားစွာ ကြုံတွေ့နေရသည့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုမှာ
ကိုယ်ပိုင်ယာဉ်များ၏ အများပြည်သူဆိုင်ရာ နေရာများတွင် ပါဝင်သုံးစွဲမှု
များပြားခြင်းကြောင့် ဖြစ်ကြောင်း အမျိုးသားအဆင့် မြို့ပြစီမံကိန်း၊
အိမ်ရာဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး
အလုပ်ရုံဆွေးနွေးပွဲတွင် အပြန်အလှန် ဆွေးနွေးမှုများအရ သိရှိရပါသည်။
''မြန်မာနိုင်ငံမှာ လက်ရှိကာလအထိ ယာဉ်အစီးရေ ၂.၄သန်း ၀န်း ကျင်
ရှိပါတယ်။အဲ့ဒီအထဲမှာမှ ယာဉ်အစီးရေ ၂သန်းလောက်က မော်တော်ဆိုင်ကယ်တွေပါ။
ကျန်တဲ့ ၄ သိန်းလောက်ပဲ မော်တော်ယာဉ်ပါ။ အဲ့ဒီအထဲမှာမှ
ကုန်စည်ပို့ဆောင်ရေးယာဉ်နဲ့ ဘတ်စ်ကားတွေ ဖယ်လိုက်မယ်ဆိုရင် ကျန်တဲ့ယာဉ်
အစီးရေ သုံးသိန်း ၀န်းကျင်ရှိပါတယ်။ ယာဉ်အစီးရေ တစ်သိန်းလောက်က ပြည်နယ်နဲ့
တိုင်းဒေသကြီးတွေမှာ ရှိနေပါတယ်။ ရန်ကုန်မြို့မှာက ယာဉ်အစီးရေ ၂သိန်း
ရှစ်သောင်း လောက်ရှိပါတယ်။ တက္ကစီနဲ့ ဘတ်စ်ကားက ယာဉ်အစီးရေ
သုံးသောင်းလောက်ပဲ ရှိနေတာဆိုတော့ ကိုယ်ပိုင်ယာဉ်တွေက ၂သိန်းကျော်
ကျန်နေပါတယ်။ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေရတဲ့ အရင်းခံ
အကြောင်းရင်းတွေကလည်း ကိုယ်ပိုင်ယာဉ်တွေကြောင့်ပါ'' ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဋ္ဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှုး တစ်ဦးက သုံးသပ်
ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့ရသည့် အခြားသော အကြောင်းရင်းများမှာ
အဓိကလမ်းမကြီးများ၏ ယာဉ်သွားလာမှုအတွက် အသုံးပြုနိုင်မှု နည်းပါးခြင်း၊
ကားပါကင် ရှားပါးသဖြင့် ယာဉ်များ လမ်းဘေးဝဲယာတွင်
ရပ်တန့်ခွင့်ပြုရသည့်အတွက် ယာဉ်ကြောပိတ်ဆို့ခြင်း၊ လမ်းများ ပျက်စီးမှု
များပြားခြင်း၊ ဘတ်စ်ကားနှင့် တက္ကစီများ စည်းကမ်းမဲ့ မောင်းနှင်ခြင်း
စသည့်အချက်များ ပါဝင်နေကြောင်းလည်း သိရှိရပါသည်။
ပြည်တွင်း၌ လက်ရှိအနေအထားအရ ရန်ကုန်မြို့တွင် ယာဉ်အစီးရေ အများဆုံး
ရှိနေသည်ဟု ဆိုသော်လည်း ဒေသတွင်း မြို့ကြီးများနှင့် နှိုင်းယှဉ်ပါက
ရန်ကုန်မြို့၏ ယာဉ်အစီးရေမှာ ယင်းမြို့ကြီးများ၏ အစွန်းထွက်မျှသာ
ရှိနေသဖြင့် လက်ရှိ ယာဉ်ကြောပိတ်ဆို့မှု ပြသနာမှာ Traffic Management
ညံ့ဖျင်းခြင်း၏ ရလာဒ်များ ဖြစ်ကြောင်းလည်း စီးပွားရေးလုပ်ငန်းတစ်ခုမှ
အကြံပေး ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါသည်။
''ရန်ကုန်မြို့ထက် ဆယ်ဆလောက် ယာဉ်အစီးရေပိုများတဲ့ ဘန်ကောက်လို
မြို့ကြီးမှာတောင် ဆိုင်ကယ်စီးနင်းခွင့် ရှိနေတာပဲ။ ရန်ကုန်မြို့မှာ
ဆိုင်ကယ်စီးနင်းခွင့် မပြုဘူးဆိုတာကတော့ မဖြစ်သင့်တော့ဘူး ထင်ပါတယ်၊ အခုဆို
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ရန်ကုန်မြို့ရဲ့
ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်'' ဟု
ကုန်သည်စက်မှု အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ရန်ကုန်မြို့တွင် မော်တော်ဆိုင်ကယ် စီးနင်းခွင့်အား ၂၀၀၁ ခုနှစ်မှ စတင်၍
စည်ပင်သာယာနယ်နိမိတ်အတွင်း သက်တမ်းတိုးခွင့် တားမြစ်ခဲ့ပြီး
၂၀၀၃ခုနှစ်တွင် ဋ္ဌာနဆိုင်ရာ ဆိုင်ကယ်များအား ပြန်လည်
စီးနင်းခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စီးနင်းခွင့်ပြုသော်လည်း ၂၀၀၉ခုနှစ်၊ နှစ်လည်ပိုင်းမှ စတင်ပြီး
ဆိုင်ကယ်စီးနင်းခွင့်ရ ဋ္ဌာနဆိုင်ရာများအား တပြေးညီ အရောင်နှင့်
အက္ခရာနံပါတ်များ တပ်ဆင် စီးနင်းစေခဲ့သော်လည်း အရောင်ပြောင်း စီးနင်းမှုများ
များပြားလာသဖြင့် ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ
လျှပ်စစ်ဋ္ဌာနမှ ဆိုင်ကယ် ၆၅ စီးကိုသာ တရားဝင် စီးနင်းခွင့် ပြုခဲ့ကြောင်း
သိရှိရပါသည်။
ထိုသို့ မော်တော်ဆိုင်ကယ် ၆၅ စီးကိုသာ တရားဝင် စီးနင်းခွင့်ပြုထားသည်ဟု
ဆိုသော်လည်း ရန်ကုန်မြို့တွင်း ၆မြို့နယ်ခန့်မှ အပ ကျန်မြို့နယ်
အများစုတွင် တရားမ၀င် စီးနင်းနေသည့် မော်တော်ဆိုင်ကယ်များစွာ ရှိနေပြီး
ယင်းဆိုင်ကယ်စီးနင်းသူများမှ ဆိုင်ကယ်တိုက်၍ မောင်းနှင်ထွက်ပြေးခြင်း၊
ညအချိန် အုပ်စုဖွဲ့ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ပြီး ယမန်နှစ် အောက်တိုဘာလ
အတွင်း ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ပေါင်သို့
ဆိုင်ကယ်ကိုးစီး လူ ၂၅ဦးဝန်းကျင်ဖြင့် ရောက်ရှိလာပြီး
အင်းလျားကန်ပေါင်ရှိ ၀န်ထမ်းများနှင့် ဆိုင်ဝန်ထမ်းများအား ဓားဖြင့်
ထိုးခုတ် ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရပါသည်။
၂၀၁၂ခုနှစ် အစောပိုင်းအတွင်း လျှပ်စစ်စက်ဘီး စီးနင်းမှုကိုလည်း
မော်တော်ယာဉ် နည်းဥပဒေအရ လျှပ်စစ်စက်ဘီးများသည်လည်း မော်တော်ဆိုင်ကယ်
ဖြစ်သည်ဟုဆိုကာ ပိတ်ပင်ထားခဲ့ပြီး အဆိုပါ လျှပ်စစ် စက်ဘီးများကိုလည်း
ပြန်လည်စီးနင်းခွင့်ပြုရေး တွဲဖက်စဉ်းစားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဒေသတွင်း နိုင်ငံများ၏ မြို့ကြီးများနှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ယာဉ်အစီးရေ နှိုင်းယှဉ်ချက်eleven media
နိုင်ငံ | မြို့တော် | လူဦးရေ(ပျမ်းမျှ) | ယာဉ်အစီးရေ(ပျမ်းမျှ) | |||||
၁။ အင်ဒိုနီးရှား | ဂျကာတာ | ၁၃သန်းကျော် | ၁၀သန်းဝန်းကျင် | |||||
၂။ ထိုင်း | ဘန်ကောက် | ၁၀ သန်းဝန်းကျင် | ၄သန်းကျော် | |||||
၃။ မလေးရှား | ကွာလာလာမ်ပူ | ၇သန်းကျော် | ၄သန်းကျော် | |||||
၎။ ဗီယက်နမ် | ဟနျွိုင်း | ၆သန်းကျော် | ၂သန်းကျော် | |||||
၅။ စင်ကာပူ | စင်ကာပူ | ၅သန်းဝန်းကျင် | ၇သိန်းခွဲဝန်းကျင် | |||||
၆။ မြန်မာ | ရန်ကုန် | ၆သန်းဝန်းကျင် | ၃သိန်းဝန်းကျင်. |
0 comments:
Post a Comment