<div style='background-color: none transparent;'></div>

Home » » အကသမားတွေရဲ့ ဖက်ရှင်

အကသမားတွေရဲ့ ဖက်ရှင်

~
ခြူးဟန်ကျော်  ~

သွက်လက် တက်ကြွပြီး ငယ်ရွယ်တဲ့ သူတွေချည်း ဖွဲ့စည်းထားတဲ့ Jade Dragon အဖွဲ့က တစ်ပွဲနဲ့ တစ်ပွဲ အက ပုံစံချင်းလည်း မတူသလို ဖက်ရှင်လည်း မတူပါဘူးတဲ့။
ဓာတ်ပုံ- Teen မဂ္ဂဇင်း

အဲဒီ အဖွဲ့က လူငယ်တွေ ၇ ယောက်နဲ့ ဖွဲ့စည်းထားပြီး ယောက်ျားလေး ၅ ယောက်နဲ့ မိန်းကလေး ၂ ယောက် ပါဝင်ပါတယ်။

အက အဖွဲ့ကို ၂၀၁၀ ပြည့်နှစ်ကနေ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ဆိုရင် သူတို့အဖွဲ့ ၃ နှစ်ပြည့်ခဲ့ပါပြီ။ အကကို စတင်ဖွဲ့စည်းစဉ်က အကကိုသာ ဦးစားပေးခဲ့ပြီး၊ ဖက်ရှင်ပိုင်းကို အဓိက မထားခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်း သူတို့လေးတွေ စင်မြင့်တွေ  ပေါ်မှာ Professional အဖြစ် ကလာရတဲ့ အချိန်မှာတော့ ဖက်ရှင်က  Dancer တွေ အတွက် ဘယ်လောက်ထိ လိုအပ်သလဲဆိုတာကို သိလာရပါတယ်လို့ ဆိုပါတယ်။



မော်ဒယ်လ်တွေ၊ မင်းသား၊ မင်းသမီးတွေသာမက အကသမားတွေ အတွက်လည်း ဖက်ရှင်က အဓိက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာပါတယ်။ ခေတ်ရေစီးကြောင်း အရ ပြည်ပက ဖက်ရှင်တွေလည်း ၀တ်ဆင်တာ ရှိသလို ကိုယ့်မြန်မာ ရိုးရာ ယဉ်ကျေးမှု ၀တ်စုံတွေနဲ့ ၀တ်ဆင်ပြသ နေရတယ်လို့ လည်း Jade Dragon အဖွဲ့က ပြောပြပါတယ်။

ဖျတ်လတ်တက်ကြွတဲ့ လူငယ်တွေဖြစ်သလို ဆန်းသစ်တဲ့ အကတွေနဲ့ Promotion ပွဲတွေ Fashion Show ပွဲတွေ အလှကုန် ပစ္စည်း မိတ်ဆက်ပွဲတွေမှာ နေရာ တစ်နေရာယူနေပြီဖြစ်တဲ့ Jade Dragon အဖွဲ့သားတွေရဲ့ နာမည်လေးတွေကို မေးဖြစ်ခဲ့ပါတယ်။

ပထမဦးဆုံး မောင်လေးတို့ အဖွဲ့မှာ ပါဝင် ကပြနေတဲ့ အဖွဲ့ဝင်နာမည် လေးတွေကို ပြောပြပေးနော်။


ဟုတ်ကဲ့။ ကျွန်တော်တို့ အဖွဲ့မှာ အဖွဲ့ဝင် ၇ ယောက် ရှိပါတယ်။ ကျွန်တော် ထက်ဘုန်းနိုင်၊ ဟိန်းရာ၊ အားနောင်၊ ရာဇာအုန်း၊ ရဲရင့်နောင်၊ မျက်ခြယ်နဲ့ အိမ်စုပါ ခင်ဗျား။

မောင်လေးတို့လို အကသမားတွေ အနေနဲ့ အကအပြင် ဖက်ရှင်ပိုင်းကို ဘယ်လောက်ထိ အရေး ပါတယ်လို့ ထင်လဲ။


ဖက်ရှင်ကတော့ ကျွန်တော်တို့ အတွက် တော်တော်လေးကို အရေးပါပါ တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အက သမားတွေလည်း ဖြစ်တယ်။ စင်မြင့်တွေပေါ်မှာ ဖျော်ဖြေရတာလည်းဖြစ်တဲ့အတွက် ဖက်ရှင်ကအစ အားလုံးနဲ့ ကွဲပြားနေအောင် အထူးဂရုစိုက်ရတယ်။ တစ်ခါတလေကျလို့ ရှိရင် သီချင်းတစ်ပုဒ်ကို ကျွန်တော်တို့ကတော့မယ် ဆိုရင် ကျွန်တော်တို့ရဲ့ ပင်တိုင် ဒီဇိုင်းနာ မဂျိုကာ ဆိုတာ ရှိတယ်။ သူနဲ့လည်း အမြဲတမ်း တိုင်ပင်ဖြစ်တယ်။

ဒါဆိုရင် ဖက်ရှင်တွေထဲမှာမှ ဘယ်အရာကို ဦးစားပေးစဉ်းစားဖြစ်လဲ။ ဥပမာ၊ ဖိနပ်နဲ့ ပရိသတ်ကို ဆွဲဆောင်တာလား၊ အ၀တ်အစားနဲ့ ပရိသတ်ကို ဆွဲဆောင်တာလား။ ဒါမှမဟုတ် Accessories နဲ့ ပရိသတ်ကို ဆွဲဆောင် တာလား ဆိုတာတွေကို ပြောပေးနော်။


အဓိကကတော့ ကျွန်တော်တို့ အဖွဲ့က အင်္ကျီကို ဦးစားပေးတယ်။ ဟိုဘယ်ဟာကို အမြဲတမ်း ဦးစားပေးတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဒီတစ်ပွဲမှာ ဂျင်းန်ဖက်ရှင်နဲ့က ပြီးသွားတယ် ဆိုရင်၊ နောက်တစ်ပွဲကို တခြား ဖက်ရှင်တွေနဲ့ ကသွားပါတယ်။ တစ်ပွဲနဲ့ တစ်ပွဲကတော့ ဖက်ရှင်တွေ ထပ်သွားတာမျိုးတော့ မရှိပါဘူး။ New Year မှာတုန်းကဆိုရင် ကျွန်တော်တို့ လုံးဝ အင်္ကျီ အ၀တ်အစားတွေကို တောက်တောက်ကြီးတွေနဲ့ ပြောင်နေအောင်လို့ ဘော်ကျယ် ဘော်ပြားတွေသုံးပြီး ၀တ်ဖြစ်ပါတယ်။ ဘယ်လိုဖက်ရှင်ရယ်၊ ဘယ်လိုအက ရယ်ဆိုပြီး သတ်မှတ်ထားတာတော့ မရှိပါဘူး။

ဟုတ်ပါပြီ။ Promotion  ပွဲတွေမှာဆိုရင် ဖက်ရှင်ကို ဘယ်လို စဉ်းစားလဲ။


အဓိကကတော့ ပွဲအပေါ် မူတည်ပြီးတော့ဘယ်လိုဖက်ရှင်နဲ့ ကရမယ် ဆိုတာကို စဉ်းစားတယ်ခင်ဗျား။ ဥပမာ- Eushido အလှကုန်ပစ္စည်းမိတ်ဆက်တဲ့ပွဲမှာဆိုရင် သူ့ရဲ့ Cosmatic က ဂျပန်မိတ်ပေါ့နော်။ အဲဒီလို မျိုးမှာဆိုရင် ကျွန်တော်တို့က ဂျပန်ဖက်ရှင်နဲ့ ဂျပန်အကကို ကကြတယ်။ အဲဒါမှ မဟုတ်ဘူး ဆိုရင်လည်း တချို့ပွဲတွေက ဘယ်လို ဖက်ရှင်လေးတွေကို လုပ်ပေးပါလို့ ပြောကြတယ်။ ဥပမာ- ရောမ ဒီဇိုင်းတို့၊ အိန္ဒိယ ဒီဇိုင်းတို့နဲ့ ၀တ်ပေးပြီး ကပေးပါ ဆိုရင်လည်း ကျွန်တော်တို့လုပ် ပေးဖြစ်သလို ကျွန်တော်တို့ ကိုယ်တိုင်ကလည်း စဉ်းစားပြီးတော့ လုပ်ပေးဖြစ်တယ်။ တစ်ပွဲနဲ့ တစ်ပွဲကတော့ ဖက်ရှင်တွေ လုံးဝမတူပါဘူး။

ဖက်ရှင်ကိုရော မောင်လေးတို့ဘာသာစဉ်း စားပြီး ၀တ်ကြတာမဟုတ်ဘဲနဲ့ အဓိက အကြံပေးတဲ့ သူကရော ...


အင်း ရှိတယ်။ ကျွန်တော်တို့ရဲ့ ဒီဇိုင်းနာ မဂျိုကာပေါ့။ ဘယ်ပွဲမှာ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာတွေရယ် ဘယ်လိုဖက်ရှင်တွေကို ၀တ်ရမယ်ဆိုတာတွေကို အမြဲတမ်း အကြံပေးဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အရင်က အကကိုပဲ စိတ်ဝင်စားတယ်။ ဖက်ရှင်ပိုင်းကို သိပ်ပြီးမလေ့ လာဖြစ်တဲ့ အခါကျတော့ အခုနောက်ပိုင်း ကျွန်တော်တို့ကလည်း အင်တာနက် ကနေ ဘယ်လိုဖက်ရှင်တွေ ခေတ်စားနေလဲ ဆိုတာတွေကို လေ့လာဖြစ်တယ်။ မဂျိုကာကလည်း အင်တာနက်ပေါ်ကနေ ဖက်ရှင်နဲ့ ပတ်သက်တဲ့အကြောင်း အရာတွေကို အမြဲတမ်း Download လုပ်ပြီး ကျွန်တော်တို့ကို ပြတယ်။

ပြီးခဲ့တဲ့ ရန်အောင်ပွဲမှာလည်း Jade Dragon အဖွဲ့က ပရိသတ်တွေကို လည်း ဖျော်ဖြေ တင်ဆက်ခဲ့ရပါသေးတယ်။ အဲဒီပွဲမှာလည်း ဘယ်လိုသီချင်း အမျိုးအစားကို ဘယ်လို ဖက်ရှင်တွေနဲ့ တွဲဖက် ကပြခဲ့လဲဆိုတာကိုလည်း အခုလို မေးကြည့်ခဲ့ပါသေးတယ်။

ကိုရန်အောင်ပွဲမှာလည်း ကခဲ့ရသေးတယ် နော်။ အဲဒီမှာရော ဖက်ရှင်ကို ဘယ်လိုဦးစားပေး ကဖြစ်ခဲ့လဲ။


ကိုရန်လေးပွဲမှာ ဆိုရင် ကျွန်တော်တို့ အားလုံးပေါင်း ၇ ပုဒ် ကတယ်။ နှစ်ပုဒ်က Dancer တွေ ၃ ဖွဲ့ပေါင်း ကတယ်။ ပေါင်းကတဲ့ အထဲမှာ ပထမဦးဆုံး အဖွင့်မှာဆိုရင် ကိုရန်လေးက ကျွန်တော်တို့ကို ကြိုပြောထားတယ်။ အားလုံးကို အဖြူရောင် ၀မ်းဆက်ပဲ ၀တ်ဆင်ပေးပါတဲ့။ အဲဒါနဲ့ ကျွန်တော်တို့ တစ်ဖွဲ့လုံး ရှပ်အင်္ကျီ အဖြူနဲ့ ဘောင်းဘီ အဖြူကိုပဲ ရိုးရိုးလေး ၀တ်ကြတယ်။ နောက်ဆုံး အပိတ်မှာတော့ ကိုရန်လေးနဲ့ မခိုင်ကြီး (ထွန်းအိတို့ အလှည့်မှာကျတော့ သူတို့က သြော်...မိန်းမ ဆိုတဲ့ သီချင်းကို ဆိုတာ အဲဒီမှာကျတော့ ဦးမျိုးမင်းက ပြောတယ်။ ခေတ်သုံးခေတ် ပုံစံလိုမျိုး လိုချင်တယ်တဲ့။ အဲဒါနဲ့ ကျွန်တော်တို့ကလည်း ကျောက်ခေတ်ရယ်၊ Country ခေတ် ပုံစံလေးရယ်၊ အခုနောက်ဆုံး လူငယ်ခေတ် ဆိုပြီးတော့ ကျွန်တော်တို့ကို ပြောတော့ အက အဖွဲ့တွေကို သူကလူခွဲပေးတယ်။ အဲဒီမှာ ကျွန်တော်တို့ အဖွဲ့က ကျောက် ခေတ်ကိုကျတယ်။ အဲဒါနဲ့ ကျောက်ခေတ် ဒီဇိုင်းကို ကျွန်တော်တို့ ၀တ်ဖြစ တယ်။ အလယ်တွေမှာကျတော့ ကျွန်တော်တို့ ဘယ်လို ဖက်ရှင်တွေကို ၀တ်ဖြစ်လဲဆိုတော့ မနန်းဆု(နန်းဆုရတီစိုး)နဲ့ Country ဒီဇိုင်းဝတ်ဖြစ်တယ်။

မဆုပန်ထွာနဲ့ကျတော့ အိန္ဒိယ ဒီဇိုင်းဝတ် ဖြစ်တယ်။ ပြီးတော့ ၀တ်မှုံရွှေ ရည်နဲ့မှာတော့ လုံးဝcute ဖြစ်မယ့်ဒီဇိုင်း၊ ပန်းရောင်ဂါဝန်ကား ကားလေးတွေနဲ့ ကောင်မလေးတွေကို ၀တ်ဆင်ခိုင်းလိုက်တယ်။ မမို့မို့မြင့်အောင်နဲ့ ကျတော့ ခပ်ဆန်းဆန်းလေး ၀တ်ဖြစ်တယ်။ မိန်းကလေးတွေကိုတော့ ပန်းပင်လေး တွေနဲ့ ၀တ်စုံကို ဒီဇိုင်းဖော် လိုက်တယ်။ ကျွန်တော်တို့ ယောက်ျားလေးတွေ ကျတော့ သစ်ပင်လေးတွေနဲ့ ဒီဇိုင်းဖော်ပြီး ၀တ်ဖြစ်တယ်။ မမိုးယုစံ သီချင်းကျတော့ ရှပ်အင်္ကျီနဲ့ ဘောင်းဘီလေးပဲ၊ ဘာလို့ အဲဒီလိုဝတ်ဖြစ်လဲ ဆိုတော့ သူ့သီချင်းကို ကျွန်တော်တို့က ထီးနဲ့ကပြ သွားတာဖြစ်တဲ့ အတွက် အ၀တ်အစားကို နည်း နည်းပါးပါးပဲ ပြင်ဆင်ပြီးတော့ ထီးကိုပဲ အဓိက ထားပြီး အလှဆင်ဖြစ်တယ်။

အဲဒီလိုမျိုး ကဖို့အတွက်ဆိုရင် ဘယ်လိုစိတ် ကူးတွေနဲ့ ၀တ်ဖြစ်လဲ။


ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ စဉ်းစား ကြည့်တာပေါ့နော်။ ဒီသီချင်းကတော့ ဘယ်လို ဒီဇိုင်းနဲ့ လိုက်ဖက်မလဲ၊ ဘယ်လို Performance တွေနဲ့ လိုက်ဖက်မလဲဆိုတာတွေ၊ ဘယ်လိုအက မျိုးတွေကရင် အဆင်ပြေမလဲဆိုတာတွေကို ကျွန်တော်တို့သူငယ်ချင်းတွေ ညှိလိုက်တယ်။ အဲဒီလို ညှိပြီးမှ ကဖြစ်သွားတာပါ။

အဲဒီလိုမျိုး သီချင်းတွေအပေါ်မူတည်ပြီး ကဖို့အတွက်ကိုရော ဘယ်လောက်အထိ စဉ်းစားလိုက်လဲ၊ ဒီပွဲတစ်ပွဲမှာ ကဖို့အတွက်ကိုပေါ့။


အင်း၊ တော်တော်ကြိုးစား စဉ်းစားလိုက်ရတယ်။ ကိုရန်လေးပွဲက သူမလုပ်ခင်တစ်လ အကျော်လောက်ကတည်းက ကျွန်တော်တို့ကို ပြောထားတယ်။ ကျွန်တော်တို့ ကဖို့အတွက် သီချင်းတွေလည်း ရေးကြတယ်။ ပြီးတော့ ဖက်ရှင်ပိုင်းကိုလည်း စဉ်းစားရတယ်ပေါ့နော်။ သစ်ပင်ပန်းပင်တွေနဲ့ ကမယ်လို့ စဉ်းစားမိပြန်တော့လည်း ဘယ်လ ဆင်ရမယ်ဆိုတာတွေကို မသိဘူး။ အဲဒါနဲ့ မဂျိုကာနဲ့ တိုင်ပင်ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ ကတဲ့အထဲမှာလည်း အဲဒီ သစ်ပင်ပန်းပင် ဒီဇိုင်းက အခက်ခဲဆုံးပဲ။ ဖက်ရှင် ထွင်ရတာလည်း အရမ်း လက်ဝင်တယ်လေ။

ကျွန်တော်တို့ကလည်း လုပ်ချင်တာပဲ သိတယ်။ မလုပ်တတ်ဘူး။ အဲဒါနဲ့ မဂျိုကာကပဲ မနက်ဖြန်လို ကမယ်ဆိုရင် ဒီနေ့မှ ၀တ်စုံတွေရတာ၊ ၀တ်ကြည့် တော့လည်း အရမ်းကို အဆင် ပြေသွားပါတယ်။

Jade Dragon အဖွဲ့က တစ်ခါတလေမှာ ရယ်ဒီမိတ် အ၀တ်အစားတွေ အနေနဲ့ BXS ဖက်ရှင်ဆိုင်က ဒီဇိုင်းတွေနဲ့လည်း ၀တ်ဆင်ဖြစ်ပြီး အများအားဖြင့် ဖက်ရှင်ကိုတော့ ကိုယ်တိုင်ဒီဇိုင်းထွင်ပြီး ၀တ်ဆင်တာများတယ်လို့ Jade Dragon အဖွဲ့မှ ထက်ဘုန်းနိုင်က ပြောပြပါတယ်။ တစ်ခါတလေမှာ လူကြီးတွေက ညစာ စားပွဲတွေ ဖိတ်တဲ့အခါကျတော့ လူငယ် တစ်ယောက်ဖြစ် ပေမဲ့လည်း လူကြီးဆန်ဆန် ၀တ်ဆင်ပြီး ပွဲတက်လေ့ ရှိတယ်လို့လည်း သိရပါ တယ်။ တစ်ခါတလေ သီချင်းတစ်ပုဒ်ကို ဖက်ရှင်အမျိုးအစား အလိုက် အက တွေကိုလည်း ၀တ်ဆင် ကပြရတာပါတဲ့။

အကပုံစံကို ပုံသေမထားသလို၊ ဖက်ရှင်ပိုင်းကိုလည်း ပုံသေမထားတဲ့ Jade Dragon အဖွဲ့လည်း နောက်အသစ်ထွက်လာမဲ့ ဖက်ရှင်တွေနဲ့ စင်မြင့်ပေါ် မှာ ဆန်းသစ်တဲ့အကအလှများကို အစဉ်အမြဲကပြနိုင်ပါစေလို့ ဖူးငုံဆယ်ကျော် သက်မဂ္ဂဇင်းက ဆုတောင်းပေးလိုက်ပါတယ်။                

ညွှန်း - Teen မဂ္ဂဇင်း
http://www.shweamyutay.com/index.php?option=com_janews&view=section&layout=blog&id=16&Itemid=27


From: irrawaddy
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map