ပြီးခဲ့သည့် တစ်နှစ်ကျော် 7Day News ဂျာနယ် အတွဲ(၁၀) အမှတ်(၆) တွင်
မြေငလျင် အန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် မြေငလျင် လှုပ်ခတ်လျှင် ဆောင်ရွက်
သင့်သည် များနှင့် ပတ်သက်၍ ရေးသားဖော်ပြခဲ့သော အထူးသတင်းပေးပို့ချက်ကို
ပြန်လည် ဖော်ပြပေးလိုက်ပါသည်။
အိပ်ရာခုတင်အား တစ်စုံတစ်ယောက်က ကိုင်လှုပ်သကဲ့သို့
ပြင်းပြင်းထန်ထန်လှုပ်ယမ်းသွားခြင်း ကြောင့် ကျွန်တော်တို့
ခေတ္တကြောင်သွားသည်။ စက္ကန့်ပိုင်းအ တွင်း အခြေအနေမှန်ကိုသိ၍ ကျွန်တော်နှင့်
အခန်းဖော် ဇော်နိုင်ဦးတို့ အိပ်ရာမှ အလူးအလဲထ၍ အခန်းအုတ်နံရံကို ပြေးကပ်ရ
သည်။ ငလျင်လှုပ်သွားခြင်းဖြစ်၏။ စိုးရိမ်စိတ်တို့ကြောင့် ရင်ဘတ်
နှင့်ခေါင်းတစ်ခုလုံး ဗြောင်းဆန် သွားသည်။ မိုးနှင့် လေအေးအေးတို့ကြောင့်
အေးစက်နေသော နံနက်ခင်းတွင် စောင်ခြုံ၍ ကွေးနေသော ကျွန်တော်တို့
ထိုငလျင်ကြောင့် အခန်းအပြင်သို့ အမြန်ထွက်ခဲ့ရသည်။ ရွှေတြိဂံ ဒေသတွင်
ပြင်းအား ရစ်ခ်ျတာစကေး ၇ရှိ မြေငလျင်လှုပ်ပြီး၊ သုံးရက်အကြာ မတ်လ ၂၇ရက်
တာချီလိတ်မြို့၏ နံနက်ခင်းမှာ ဖြစ်သည်။ မတ်လ ၂၄ရက် ည ၈နာရီခွဲ ၀န်းကျင်တွင်
လှုပ်သွားသော မြေငလျင်ကြီး၏ နောက်ဆက်တွဲ မြေငလျင်များထဲမှ တစ်ခုနှင့်
ကျွန်တော်တို့ ကြုံတွေ့ရစဉ်ဖြစ်၏။ မြေငလျင်ဒဏ် အဆိုးဆုံးခံ ခဲ့ရသော တာလေ၊
မိုင်းလင်းဒေသခံများကိုမေးမြန်းရင်း မကြောက်ရန် နှစ်သိမ့်ခဲ့သော်လည်း၊
ကိုယ် တိုင် နောက်ဆက်တွဲ ငလျင်ငယ် ကို ကြုံရရုံဖြင့် ငလျင်မှာ မည်မျှ
ကြောက်စရာကောင်းကြောင်း ကိုယ်တွေ့သိရသည်။
လူပေါင်း များစွာ သေကျေဒဏ်ရာရခဲ့သော ငလျင်ကြီးနှင့် နောက်ဆက်တွဲ
ငလျင်များကြောင့် ဒေသခံအများ စု ပူပန်၊ စိုးရွံ့စိတ်ပိုကာ သွေးတိုး
နေကြခြင်း ကို ကောင်းစွာသဘော ပေါက်တော့သည်။ ယခုတော့ မြေငလျင်အား ကိုယ်တိုင်ကြုံဖူးသူများသာမက မကြုံဖူးသေးသော လူအများလည်းကြောက်နေပြီ။ ဂျပန်တွင် လူပေါင်းသောင်းချီ သေဆုံးစေခဲ့သော မတ်လ ၁၁ရက်တွင် လှုပ်ခတ်ခဲ့သော ပြင်းအားရစ်ခ်ျတာစကေး ၉ အင်အားရှိ ငလျင်နှင့် ဆူနာမီ လှိုင်းလုံးကြီးများ၊ မတ်လ ၂၄ရက်က ရွှေတြိဂံမြေငလျင်တို့လွန်ပြီးနောက် မြန်မာပြည်သူအများစုမှာလည်း ငလျင်ကို ကြောက်နေပြီဖြစ်သည်။ ယခုလပိုင်းအတွင်း လူထုကြားထဲ ကောလာဟလများထွက်နေသည်။ ဂျပန်ငလျင်ပြီးနောက် အက်ဆစ်မိုး ကောလာဟလထွက် ခဲ့သည်။ တာလေငလျင်ပြီးနောက် ထွက်နေသော ကောလာဟလတို့ မှာ “မေလတွင် စစ်ကိုင်းငလျင် ကြော၌ ငလျင်လှုပ်မည်”၊ “၂၀၁၁ ခု မတ်လလယ်လောက်မှစ၍ ငလျင်များ စတင်လှုပ်ရှားမှာဖြစ်ကြောင်း၊ အဓိကအနေနှင့် စစ်ကိုင်း၊ တောင်ငူ၊ ပဲခူး စသည့်မြို့ များဖြစ်ကြောင်း”စသည်စသည်ဖြင့်။ အချို့ကောလာဟလမှာ ပြောစကားမျှမကဘဲ၊ စာရွက်များ မိတ္တူကူး၍ ဖြန့်ခြင်းကြောင့် လူထု အကြောက်ပိုခဲ့သည်။ ယခုနောက်ပိုင်းနှစ်များတွင် နာဂစ်၊ ဂီရိမုန်တိုင်း၊ တာလေငလျင်စသော သဘာဝဘေးအန္တရာယ် များ နှစ်ဆက်ကြုံခဲ့ရသော ပြည်သူများက ငလျင်ကို ယခင်ထက် ပိုကြောက်လာခြင်းကပင် ကြိုတင်ကာကွယ်ရေးအတွက် ကောင်းသောအချက်တစ်ခုဖြစ်ကြောင်း သက်ဆိုင်ရာ ပညာရှင်ကဆိုသည်။ “ကြောက်လာတာကလည်း ကြိုတင်ကာကွယ်ရေးအတွက်တော့ မရှိမဖြစ် Awareness ပဲ။ ပထမ ဆုံးအဆင့်ပဲ။ ပထမဆုံးကတော့ စိတ်ခံစားမှုက အရေးကြီးတယ်။ ကိုယ့်အိမ်ပြိုမှာကြောက်ရင် မပြို အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ကြိုတင်ကာကွယ်တဲ့အပိုင်းကို သွား နိုင်မှာမို့ပဲ”ဟု မြန်မာနိုင်ငံ မြေ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစောထွေးဇော်ကပြောသည်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကြုံခဲ့ရပြီးနောက် မြန်မာလူထုမှာ သဘာဝဘေးအန္တရာယ်များကိုပိုမို ဂရုပြု သတိထားလာပြီး ငလျင် လှုပ်မည်ကို လူအများ ကြောက် နေကြခြင်းမှာ ကြိုတင်ကာကွယ် ရေးအတွက် အရေးပါကြောင်း ဦး စောထွေးဇော်ကဲ့သို့ပင် အဆိုပါ ကော်မတီမှ အတွင်းရေးမှူးတစ်ဦး ဖြစ်သော ဦးစိုးသူရထွန်းကလည်း ပြောသည်။
“သတိကတော့ထား နိုင်ရင်အကောင်းဆုံးပဲ။ ပညာရပ် အမြင်အရတော့ ငလျင်က ကြို
မသိနိုင်ဘူး”ဟုလည်း ဦးစိုးသူရထွန်းကဆက်ပြောသည်။ မြန်မာနိုင်ငံ အလယ်မှ
အပေါ်အောက် တည့်တည့်ဖြတ် သွားသော စစ်ကိုင်းပြတ်ရွေ့ကြော
(စစ်ကိုင်းငလျင်ကြော)ရှိသည်ကို ပထမဆုံး တွေ့ရှိဖော်ထုတ်နိုင်ခဲ့ သော
မြေငလျင်ပညာရှင်ဦးဝင်း ဆွေက အရပ်ထဲတွင် ထွက်ပေါ် နေသော ကောလာဟလနှင့်ပတ်
သက်၍ အောက်ပါအတိုင်း သုံး သပ်သည်။ “ငလျင်ကောလာဟ လမျိုးတွေကတော့ ဗေဒင်ဟော
ကိန်းအချို့က ထွက်တတ်တယ်။ သိပံ္ပပညာရှင်တွေကတော့ အဲလို မပြောဘူး။
ပညာရှင်တွေက လှုပ်မယ်ဆိုတာသိတယ်။ ဘယ်တော့လှုပ်မယ်ဆိုတာမသိဘူး”။
ဦးဝင်းဆွေမှာ မြန်မာနိုင်ငံအပေါ်ပိုင်း မှ ကပ္ပလီပင်လယ်ထဲသို့တိုင် အောင်
စစ်ကိုင်းပြတ်ရွေ့ကြော ရှိနေသည်ကို ၁၉၆၉ တွင် ကွင်းဆင်းလေ့လာ တွေ့ရှိပြီး၊
၁၉၇၀ တွင် မြန်မာနိုင်ငံသုတေသနစာတမ်းဖတ်ပွဲတွင် စတင်ဖတ် ကြားခဲ့သူဖြစ်သည်။
ထို့နောက်ပိုင်း စစ်ကိုင်းငလျင်ကြော ရှိသည်ကို ပညာရှင်များ
လက်ခံလာကြခြင်းဖြစ်သည်။ စစ်ကိုင်းငလျင်ကြောတစ်လျှောက်တွင် လှုပ်ခဲ့သော
မြေငလျင်ကြီး များမှာ အကြမ်းဖျင်း နှစ် ၇၀၊ ၈၀ သာရှိသေးပြီး၊
အချို့ပြတ်ရွေ့ ကြောများမှာ မကြာခဏ ငလျင် အသေးများ လှုပ်ခတ်နေခြင်း ကြောင့်
ငလျင်အကြီးများဖြစ်နိုင် ခြေနည်းကြောင်း ဦးစိုးသူရထွန်းက ပြောသည်။
သို့သော် မန္တလေးမြို့ နှင့် အင်းဝတောင်ဘက်ရှိ စစ်ကိုင်း ပြတ်ရွေ့ကြောအပေါ်မှ
ဒေသ အချို့မှာ ငလျင်အကြီးလှုပ်ခဲ့သည်မှာ နှစ်တစ်ရာကျော်ရှိပြီး(ထိုဒေသ တွင်
၁၈၃၉ ခုနှစ်က အင်အား ကြီးငလျင်တစ်ခုလှုပ်ခဲ့သည်)၊ ထို့ နောက်ပိုင်းတွင်
လှုပ်ရှားမှုမရှိ၍ ထိုဒေသ၌ မြေငလျင်ကို ပိုမိုသတိထားရန်လိုကြောင်းလည်း
ဦးစိုးသူရထွန်းက အကြံပြုသည်။ အကြမ်းဖျင်းအားဖြင့် မြေ
ငလျင်ပြတ်ရွေ့ကြောများတွင် မြေ ငလျင်ကြီးများ လှုပ်ပြီးပါက နှစ်
တစ်ရာဝန်းကျင်ကာလတွင် တစ်ကြိမ်ပြန်၍ လှုပ်တတ်သည်ဟု ပညာရှင်များကဆိုသည်။
သို့သော် ကြားကာလများတွင် ငလျင် အသေးများ မကြာခဏလှုပ်ပါက မြေငလျင်ကြီး
လှုပ်နိုင်ခြေကို လျော့ပါးစေသည်ဟုလည်း အဆိုရှိသည်။ ထိုသို့မဟုတ်ဘဲ မြေ
ငလျင်ကြီးတစ်ခုလှုပ်ပြီး နှစ်ရာချီ၍ ငြိမ်သက်ခြင်းမှာ
ငလျင်ကြီးများဖြစ်ရန်အလားအလာ ပိုရှိသည်ဟု မြေငလျင်ပညာရှင်အချို့က ဆိုသည်။
သို့သော် မြေငလျင်နှင့်ပတ်သက်၍ သေချာသည်မှာ တိကျသည့် ခန့်မှန်းချက်များကို
မည်သူမှ မည်သည့်နိုင်ငံတွင်မှ မပြုလုပ်နိုင်သေးခြင်းဖြစ်သည်။
လူပြောများသည့် စစ်ကိုင်းပြတ်ရွေ့ကြော၏ တစ်နှစ်ရွေ့လျားမှုမှာ ၁၈
မီလီမီတာ(တစ် လက်မနီးပါး)ရှိသည်။ ပြတ်ရွေ့တစ်ခုလျှင် ထိုနှုန်းဖြင့်
ရွေ့လျားပါက နိုင်ငံတကာ မြေငလျင်ပညာရှင်များ၏ လေ့လာတွေ့ရှိချက် အရ
အကြမ်းဖျင်း နှစ်၁၆၀ လျှင်တစ်ကြိမ် ငလျင်ကြီး လှုပ်လေ့ရှိ သည်ဟု
ပညာရှင်များကပြောသည်။ မြန်မာနိုင်ငံတွင် ငလျင် ကြောကြီးများအဖြစ်
စစ်ကိုင်းပြတ်ရွေ့ကြော၊ ရခိုင် ကမ်းရိုးတန်းပြတ်ရွေ့ကြောတို့ရှိပြီး
ပြတ်ရွေ့ ကြောအလတ်နှင့် အငယ်မှာ များ စွာရှိသည်။ သို့သော် သမိုင်း၌ အင်
အားအကြီးဆုံး မြေငလျင်မှာ စစ် ကိုင်းနှင့် ရခိုင်ပြတ်ရွေ့ကြောတို့ ၌မဟုတ်ဘဲ
၁၉၁၂ ခုနှစ်တွင် ကျောက်ကြမ်း ပြတ်ရွေ့ကြော ပေါ်၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုအခြေအနေများကြောင့် လူထုက
မြေငလျင်အန္တရာယ်ကိုအမြဲသတိရှိနေပြီးကြိုတင်ကာကွယ်ရန်မှာအကောင်းဆုံးဟုဦးစိုးသူရထွန်း
ကပြောသည်။ တာလေငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများကိုလေ့လာရာတွင်
အဆောက်အအုံမခိုင်၍ ပြိုကျပျက်စီးခဲ့ခြင်းသာဖြစ်ပြီး၊ ခိုင်ခံ့ အောင်
ဆောက်လုပ်ထားသော နေအိမ်နှင့် အဆောက်အအုံများမှာ ထိုမျှ အင်အားပြင်းသော
ငလျင်ကိုပင် အန်တုနိုင်သည်ဟု ငလျင်သင့်ထားသောဒေသသို့ သွားရောက်လေ့လာထားသည့်
၎င်းက ဆက်ပြောသည်။ မြန်မာနိုင်ငံတွင် လူနေအထူ ထပ်ဆုံးဖြစ်သော ရန်ကုန်မြို့၌
ယခုနောက်ပိုင်း ဆောက်လုပ်လာ သော အဆောက်အအုံများမှာ အကြမ်းဖျင်းအားဖြင့်
မြေငလျင် ဒဏ်ကို အတော်အတန်ခံနိုင်ဖွယ် ရှိသည်ဟု ဦးစိုးသူရထွန်းက သူ၏
အမြင်ကိုပြောသည်။ သို့သော် ရန်ကုန်မြို့ခံအချို့ က မြို့ရှိ
အဆောက်အအုံအများ စု၏ ခိုင်ခံ့မှုပေါ်တွင် သံသယရှိနေ သည်။ “ခုခေတ် ဆောက်တာတွေ
က ဘိလပ်မြေသိပ်မပါဘူး။ သဲနဲ့ ကျောက်တွေချည်းပဲ။ ကျွန်တော် တို့သိတာ
ကွန်ကရစ်ဖျော်ရင် အချိုးက ၀မ်းတူးဖိုး(1:2:4 ဘိလပ် မြေတစ်ဆ၊ သဲနှစ်ဆ၊
ကျောက် လေးဆကိုဆိုခြင်းဖြစ်သည်)လို့ဆိုပေမယ့် အခုနောက်ပိုင်း
ဆောက်တဲ့တိုက်တွေကြည့်တာဘိလပ်မြေ သိပ်မသုံးဘူး။ ၀မ်းတူးဖိုးမဟုတ်ဘဲ
ရမ်းတူးဖိုးဖြစ်နေတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။ သူ၏အဆိုကို
ဆောက်လုပ် ရေးလုပ်ငန်းခွင်တစ်ခုကို ကျွန်တော်သတိထားကြည့်ရှုခဲ့စဉ်က
ဖြစ်ရပ်ကသက်သေထူနေသည်။ ကန်ထရိုက်တိုက်ကို အမြန်ဆောက်နေသော အင်ဂျင်နီယာကြီး၏
လုပ်သားများမှာ ကွန်ကရစ်ဖျော်ရာ တွင် ဘိလပ်မြေကို ခို၍၊
သဲနှင့်ကျောက်များကိုသာ အချိုးထက်
များစွာပို၍အသုံးပြုနေခြင်းကြောင့်ဖြစ်သည်။
“ငလျင်ကတော့ တကယ် ဖြစ်လာရင် ကြောက်စရာကောင်း တာအမှန်ပဲ။ ဒါပေမဲ့
ငလျင်ဆို တာ လှုပ်လို့သေတာမဟုတ်ဘူး။ အပေါ်က ပြုတ်ကျ စရာ ပစ္စည်း တွေရှိလို့
ပြုတ်ကျပြီးသေတာ။ ဒါ့ ကြောင့် အဓိကကတော့ ဆောက် လုပ်ရေးတွေကို ကောင်းကောင်း
ဆောက်ကြဖို့ပဲ”ဟု ဦးဝင်းဆွေက လည်း မြေငလျင်ကြိုတင်ကာကွယ် ရေးနှင့်ပတ်သက်၍
အကြံပြု သည်။ “မြေငလျင်ကို အထပ်မြင့် တွေကတော့ထည့်တွက်ကြတယ်။
ကျွန်တော်သိသလောက် အထပ် နိမ့်တွေနဲ့ ကန်ထရိုက်တိုက်တွေက တော့
မြေငလျင်ကိုထည့်မတွက် ကြဘူး”ဟု ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးက
ရန်ကုန်ဆောက် လုပ်ရေးလုပ်ငန်းများ၏ အခြေအ နေကို ပွင့်ပွင့်လင်းလင်းပြောပြ
သည်။ အထပ်နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ မြေငလျင်အန္တ ရာယ်ကို
ကြိုတင်တွက်ချက်ပြီး စရိတ်စကများစွာ မကုန်ဘဲ ဆောက်လုပ်နိုင်သောနည်းလမ်း
များစွာရှိသည်ဟု ဦးစောထွေးဇော် ကပြောသည်။ သူက မြေငလျင် အပါအ၀င် သဘာဝဘေးအန္တ
ရာယ်များကို ကြိုတင်ကာကွယ်ရန် အဆောက်အအုံများ ဆောက်လုပ် သည့်အခါ
အချက်သုံးချက်ကို ဂရုပြုဆောက်လုပ်ပါက ကုန်ကျ စရိတ်မတက်ဘဲ သဘာဝဘေး
အန္တရာယ်များကို သိသိသာသာ ကာကွယ်နိုင်လိမ့်မည်ဟုပြော သည်။
ထိုအချက်သုံးချက်မှာ အေ၊ ဘီ၊ စီဖြစ်သည်။ အေမှာ Anchorace ဖြစ်ပြီး
အုတ်မြစ်များ ကို မြဲမြံစွာဆောက်လုပ်ခြင်းဖြစ် သည်။ ဘီမှာ Bracing ဖြစ်ပြီး
ထုတ်များ၊ တန်းများကို ကောင်းမွန်စွာ ကျားကန်ထားရန်နှင့် စီမှာ Connection
ဖြစ်ပြီး တိုင်များ၊ တန်းများကို ဆက်သည့် ဂျွိုင့် (အဆုံ)များကို
ခိုင်ခံ့အောင် ဆောက်ထားရန်ဖြစ်သည်။ ထို အချက်သုံးချက်မှာ ငွေကြေးများစွာ
မကုန်ကျဘဲ ပြုလုပ်နိုင်သည်။ သို့သော် ယခုနောက်ပိုင်း ဆောက်
လုပ်ရေးလုပ်ငန်းများတွင် အား နည်းချက်တစ်ခုမှာ ဆောက်လုပ်
ရေးလုပ်သားများကိုယ်တိုင် လုပ် ငန်းအတတ်ပညာနှင့်ပတ်သက်၍ တတ်မြောက်သိရှိမှု
အားနည်းခြင်း ဖြစ်သည်။ ထို့ကြောင့် သက်ဆိုင် ရာမှ ဆောက်လုပ်ရေးလုပ်သား
များကို ပညာပေးခြင်းများ ပြုလုပ် နိုင်ပါက များစွာကောင်းမည်ဟု ပညာရှင်များက
အကြံပြုသည်။ ယခုနောက်ပိုင်း မြေငလျင် နှင့်ပတ်သက်၍ စိုးရိမ်နေကြသည် မှာ
မြန်မာတစ်နိုင်ငံတည်း မဟုတ်၊ ကမ္ဘာ့နိုင်ငံအများစုပင်ဖြစ်သည်။
အမေရိကန်နိုင်ငံမှာပင် ဆန်အန် ဒရီယက်စ်ပြတ်ရွေ့ကြော၌ ငလျင် လှုပ်မည်ကို
တစ်နိုင်ငံလုံး ကြောက်နေသည်။ ပညာရှင်များလည်း သ တိပေးခြင်းဖြင့်
အလုပ်ရှုပ်နေသည်။ ပညာရှင်များက မြေငလျင် နှင့်ပတ်သက်၍ တညီတညွတ်တည်း
အကြံပြုသည်မှာ ငလျင်လှုပ်ပါက မည်သို့တုံ့ပြန်လုပ်ဆောင်ရမည်ကို
သိရှိကြရန်နှင့် အဆောက်အအုံများ ခိုင်ခံ့စွာ ဆောက်လုပ် ကြရန်ပင်ဖြစ်သည်။
“အရင်ကတော့ ကန်ထရိုက်တာတွေအချို့က အမြတ်အစွန်း ကိုပဲဦးစားပေး ဆောက်ခဲ့တယ်။
အခုနောက်ပိုင်းတော့ အရည်အသွေးကို ဦးစားပေးလာကြပါပြီ။ စိတ်ပူတာတစ်ခုက ၁၉၉၀
ဝန်းကျင်မှာ အမြန်ဆောက်ခဲ့တဲ့ ကန်ထရိုက်တိုက်တွေကိုပဲ”ဟု
မြေငလျင်ပညာရှင်တစ်ဦးက ရန်ကုန်မြို့မှ တိုက်များအပေါ် သူ၏ အမြင်ကိုပြောသည်။
7days news journal


0 comments:
Post a Comment