မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး
ရဲဘော်သုံးကျိပ်ဝင်နှင့် ဗမာပြည်ကွန်မြူနစ် ပါတီ၏ ခေါင်းဆောင် တစ်ဦး
ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၃
နာရီ မိနစ် ၃၀ အချိန်ခန့်က တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ဆေးရုံကြီး၌
ကွယ်လွန်သွားကြောင်း သတင်း ရရှိပါသည်။
ကွယ်လွန်ချိန်တွင် အသက် ၉၃
နှစ်အရွယ် ရှိပြီဖြစ်သော ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော်သည်
စက်တင်ဘာလအတွင်းကပင် ကူမင်းမြို့ရှိ ဆေးရုံကြီး၌ အရေးပေါ် ဆေးကုသမှု
ခံယူနေရသူ ဖြစ်ကာ မကွယ်လွန်မီ နောက်ဆုံးအချိန်က မြန်မာနိုင်ငံသို့
လာရောက်ပြီး ရွှေတိဂုံဘုရား ဖူးမျှော်ရန် ဆန္ဒရှိနေခဲ့သူ ဖြစ်ပါသည်။
၁၉၁၈ခုနှစ်ဖွား
တစ်ဦးဖြစ်သော ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ပဲခူးတိုင်း၊
သာယာဝတီခရိုင် ဆိုင်းစုကျေးရွာ ဇာတိဖြစ်ပါသည်။ သုံးဆယ်မြို့
အစိုးရအထက်တန်းကျောင်းတွင် အထက်တန်း အဆင့်အထိ ပညာသင်ယူခဲ့သည်။
အသက်မွေးဝမ်းကျောင်းမှု အနေဖြင့် သာယာဝတီမြို့ တိုင်ရင်း
မြန်မာစာသင်ကျောင်းတွင် ကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ကိုလိုနီခေတ်
နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး တို့ဗမာ အစည်းအရုံးသို့
ဝင်ရောက်ခဲ့ပါသည်။ ထိုအချိန်က ဗိုလ်ချုပ်ကျော်ဇော၏ သခင်အမည်မှာ
သခင်ရွှေဖြစ်သည်။ ထို့နောက် ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ်ကျွန်းသို့
သွားရောက် စစ်ပညာသင်ယူခဲ့သည့် ရဲဘော်သုံးကျိပ်အဖွဲ့တွင် ပါဝင်ခဲ့ကာ
ဂျပန်ခေတ် စစ်ပညာ သင်ယူစဉ်အချိန်က ဂျပန်အမည်မှာ တာနီငုချိ ရှင်အိချိ
ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ရဲဘော်သုံးကျိပ်ဝင်များ
ဗိုလ်အမည်ခံယူရာမှ ဗိုလ်ကျော်ဇော ဖြစ်လာခဲ့သည်။
ဗမာ့လွတ်လပ်ရေး
တပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်းဖြင့်
မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့ပြီး ဗြိတိသျှတို့ကို
တိုက်ခိုက်ခဲ့ပါသည်။ ၁၉၄၂ခုနှစ်တွင် ဘီအိုင်အေကို ဖျက်သိမ်းပြီး ဗမာ့
ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းချိန်တွင် ဗိုလ်ကြီးအဆင့်
တာဝန်ယူခဲ့ပါသည်။
ဂျပန်ခေတ်တော်လှန်ရေး ကာလတွင် စစ်တောင်းမြစ်
အရှေ့ဘက်ခြမ်း ပဲခူး၊ ရွှေကျင်နှင့် သထုံဒေသ တိုင်း အမှတ်(၄)
စစ်ရေးခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ဖက်ဆစ်ဂျပန်များကို
တော်လှန်ခဲ့ပါသည်။ ၁၉၄၅ ခုနှစ်အချိန်တွင် ဗမာ့တပ်မတော်၏ ဒုတိယ ဗိုလ်အဖြစ်
တာဝန်ထမ်း ဆောင်ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် မြောက်ပိုင်းတိုင်း
တိုင်းမှူးအဖြစ် လည်းကောင်း၊ ၁၉၄၉ခုနှစ်တွင် တောင်ပိုင်းတိုင်း တိုင်းမှူး
အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည် ။ ထိုသို့ တာဝန်ထမ်းဆောင်ရင်းက
ပြည်တွင်းစစ်ကာလအတွင်း ကရင် ကာကွယ်ရေးတပ် (KNDO) တို့ ၀န်းရံထားသည့်
ရန်ကုန်မြို့ကို ကာကွယ်နိုင်ခဲ့ပြီး အင်းစိန် တိုက်ပွဲမှ တဆင့် ပဲခူး၊
ဖြူးနှင့် တောင်ငူမြို့များကိုလည်း ဆက်လက် သိမ်းယူနိုင်ခဲ့ပါသည်။
၁၉၅၂
ခုနှစ်တွင် မြန်မာ စစ်မစ်ရှင် ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် အင်္ဂလန်၊
ပြင်သစ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နှင့်
ယူဂိုစလားဗီးယားနိုင်ငံများသို့ သွားရောက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင်
မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး
ဗမာ့တပ်မတော်တွင် ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၄
ခုနှစ်တွင် တရုတ်ဖြူ ကူမင်တန်များကို ဘုရင့်နောင် စစ်ဆင်ရေးဖြင့်
လည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် ရန်ကြီးအောင် စစ်ဆင်ရေးဖြင့် လည်းကောင်း
တိုက်ခိုက်ခဲ့ပါသည်။
ဗမာပြည်ကွန်မြူနစ်ပါတီတွင်း လှုပ်ရှားမှု
အနေဖြင့်မူ ၁၉၄၅ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီ ဒုတိယ အကြိမ်မြောက်
ကွန်ဂရက်၌ ပါတီ ဗဟိုကော်မတီဝင် ဖြစ်ခဲ့ပြီး ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့
ဗမာပြည် ကွန်မြူနစ်ပါတီ တောခိုရာတွင် လိုက်ပါရန် ငြင်းဆန်ခဲ့သဖြင့် ပါတီမှ
ထုတ်ပယ်ခြင်း ခံခဲ့ရပါသည်။ ၁၉၅၆ ခုနှစ် အောင်မာဃ ထိုးစစ်တွင် ဗကပ
ဌာနချုပ်သို့ ရဲဘော်ကြီးမြင့်နှင့် ဗိုလ်ကျော်ဇောတို့ ပေးပို့သော စစ်ရေး
ထိပ်တန်းလျို့ဝှက် သတင်းများ ပါရှိသည် စာရွက်စာတမ်းများ
သိမ်းဆည်းရမိခဲ့ပြီးနောက် ၁၉၅၇ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ဒုတိယ
ဗိုလ်မှူးကြီး အဆင့်ဖြင့် ဗမာ့ တပ်မတော်မှ အငြိမ်းစား ပေးခြင်း
ခံခဲ့ရပါသည်။
၁၉၆၀ ပြည့်နှစ် တတိယအကြိမ် ပါလီမန် ရွေးကောက်ပွဲတွင်
တသီးပုဂ္ဂလ အမတ်လောင်း အနေဖြင့် ကြည့်မြင်တိုင် တောင်ပိုင်း မဲဆန္ဒနယ်မှ
ဝင်ရောက် အရွေးခံခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပါသည်။
၁၉၇၆ခုနှစ်
ဇူလိုင်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လျို့ဝှက်
ထွက်ခွာသွားပြီး ၁၉၇၆ ခုနှစ် သြဂုတ်လ ၁၀ ရက်တွင် ဗမာပြည် ကွန်မြူနစ်
ပါတီနှင့် ပူးပေါင်းခဲ့ပါသည်။ ၁၉၇၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ
ဗဟိုဌာနချုပ်၌ စစ်အကြံပေးနှင့် စစ်ကော်မရှင် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ပြီး
ဗမာပြည် ကွန်မြူနစစ်ပါတီ ဗဟို စစ်ဦးစီးဌာန ဗဟိုစစ်ကော်မရှင်တွင် ဥက္ကဋ္ဌ
တာဝန်ကို ထမ်းဆောင်ခဲ့သည်။
၁၉၆၃ခုနှစ် တော်လှန်ရေး ကောင်စီလက်ထက်က
တော်လှန်ရေး ကောင်စီနှင့် တောတွင်း လက်နက်ကိုင် အဖွဲ့များ
ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပစဉ် ကာလ၌
ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်တွင်း၌ ရှိစဉ်ကပင် စာပေးရေးသားခြင်းများ
ပြုလုပ်ခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေး သဘောထားနှင့် လက်ရွေးစင်
မိန့်ခွန်းများ (၁၉၅၇ခုနှစ်)၊ ဖက်ဆစ်တော်လှန်ရေး (၁၉၅၉ခုနှစ်)၊
ရွေးကောက်ပွဲ ရှင်းတမ်း (၁၉၅၉ ခုနှစ်)၊ ဖက်ဆစ်တော်လှန်ရေး၊ ကမ္ဘာစစ်နှင့်
ငြိမ်းချမ်းရေး (၁၉၆၀ ပြည့်နှစ်)၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများ
(၁၉၆၁) ခုနှစ် အစရှိသည့် စာအုပ်များကို ရေးသားခဲ့သည်။
ပြည်ပသို့
ရောက်ရှိချိန် ရေးသားခဲ့သော စာအုပ်များအနက် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ
"ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့" စာအုပ်မှာ ထင်ရှားပါသည်။ ထိုစာအုပ်ကို
ပြည်တွင်း စာအုပ်ဈေးကွက်အတွင်း၌ တရားဝင် ထုတ်ဝေခြင်းနှင့် ပတ်သက်သော
စာအုပ်မိတ်ဆက်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ
ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
ကွယ်လွန်ချိန်တွင် ဦးအောင်ကျော်ဇော၊ ဒေါက်တာ လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော
အစရှိသော သားသမီး သုံးဦးနှင့် မြေး (၇) ယောက် ကျန်ရစ်ခဲ့ပါသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ရဲဘော်သုံးကျိပ်ဝင်များအနက် သက်ရှိထင်ရှား ကျန်ရစ်နေသူ နှစ်ဦးတွင် တစ်ဦးအပါအ၀င် ဖြစ်ပါသည်။
လက်ရှိအချိန်တွင်
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်သွားခြင်းကြောင့်
ရဲဘော်သုံးကျိပ်ဝင်များအနက် သက်ရှိထင်ရှား ကျန်ရစ်နေသူအဖြစ်
ဦးအောင်သိန်း(ခေါ်) ဗိုလ်ရဲထွဋ် တစ်ဦးတည်းသာ ရှိပါတော့သည်။
eleven media
Updates +++
4 years ago


0 comments:
Post a Comment