<div style='background-color: none transparent;'></div>

Home » » မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ

မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ

အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေရန် လံှု့ဆော်မှု ဖြစ်စေခဲ့သည့် “၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ၊ မုံဘိုင်းအခြေစိုက် ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

“ကျောင်းဆရာ ရှရစ် အာမဒ် ဘရှီး ဆီဒီကီ Sharif Ahmed Bashir Siddiqui ဟာ သူ့အိမ်က ကွန်ပျူတာကနေ ဒါတွေ ကို အင်တာနက်ပေါ် တင်နေတာ ဖြစ်တယ်” ဟု ဒု-ရဲမင်းကြီး ဆန်ဂျေး ရှင်ဒေး Sanjay Shinde အား ကိုးကား၍ ပီတီအိုင် သတင်းတရပ်တွင် ဖော်ပြထားသည်။


မြန်မာနိုင်ငံ(ရခိုင်ပြည်နယ်)အတွင်း အကြမ်းဖက်မှုများကို လီဆည် ပြုပြင်ထားသည့် အဆိုပါ ဗီဒီယိုများကို ကျောင်းဆရာ က သြဂုတ်လ အတွင်းက အင်တာနက်ပေါ်သို့ လွှင့်တင်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိက ဆိုသည်။ အဆိုပါ ဗီဒီယိုများမှာ
နောက်ပိုင်းတွင် မိုဘိုင်းဖုန်းများသို့ ပျံ့နှံ့သွားကာ ပူနေးမြို့နှင့် အခြား ဒေသများရှိ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သား
ကျောင်းသားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေသည့် အကြောင်းရင်း ဖြစ်သည်ဟုလည်း ဆိုသည်။

သိပံ္ပဘွဲ့ရ ကျောင်းဆရာမှာ မုံဘိုင်းမြို့အတွင်း ပုန်းအောင်းနေထိုင်ရာမှ ဗုဒ္ဓဟူးနေ့ ညနေပိုင်းကမှ သတင်းဆက်သွယ်ရေး ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ကြံဗီဒီယိုများ ဆက်လက်မပြန့်ပွားစေရန် အိန္ဒိယ အစိုးရက အင်တာနက်စာမျက်နှာ ၂၄၅ ခုကို သြဂုတ်လ ၂၂ ရက်နေ့မတိုင်မီကတည်းက ပိတ်ပင်ခဲ့ရသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဒေသခံ တိုင်းရင်းသား များနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများနှင့် တင်းမာနေမှု သတင်းများလည်း ထိုအတောအတွင်း ပျံ့နှံ့ခဲ့သည်။

အာသံပြည်နယ်တွင် ဒေသခံ ဘိုဒို တိုင်းရင်းသားများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည်ဆိုသော မွတ်ဆလင် များအကြား အကြမ်းဖက်မှုများ ဇူလိုင်လကတည်းက စတင်ဖြစ်ပွားခဲ့သည်။ သြဂုတ်လဆန်းပိုင်းတွင် သတ်ဖြတ်မှုများနှင့် မီးရှိုမှုများ ပြင်းထန် သည်းသန်လာခဲ့ကာ အနည်းဆုံး လူ ၁ဝဝ ခန့် သေဆုံးခဲ့ရပြီး လူဦးရေ လေးသိန်းခန့်မှာ အိုးအိမ်မဲ့
ဖြစ်ခဲ့ရသည်။

သြဂုတ်လ ၁၁ ရက်နေ့က မုံဘိုင်းမြို့ကြီးရှိ မူဆလင်များ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ် မသမာသူတစုက ဝင်ရောက်အကြမ်းဖက်၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ရပြီး သတင်းမီဒီယာသမားများလည်း ရိုက်နှက်ခံခဲ့ရသည်။

၎င်းနောက်တွင် အရှေ့မြောက်ပိုင်းရှိ ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မည် ဟူသည့် ခြောက်ခြားဖွယ် ခြိမ်းခြောက်မှုများ ကောလာဟလအဖြစ် ဖေ့စ်ဘွတ်နှင့် မိုဘိုင်း မက်ဆေ့ခ်ျများမှတဆင့် ပျံ့နှံ့လာခဲ့သည်။

အစိုးရ တာဝန်ရှိသူများနှင့် ရဲဌာနမှ ထို ကောလာဟလများနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်လန့်ခြင်း မရှိရန် ကတိကဝတ် များ ပြုထားသော်လည်း မုံဘိုင်း၊ ဘန်ဂလို၊ ပူနေး၊ ချန်နိုင်း စသည့် ပြည်မကြီးရှိ မြို့များတွင် အရှေ့မြောက်ပြည်နယ်များမှ လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် ကျောင်းသူ ကျောင်းသားများမှာ ၎င်းတို့နေရပ်သို့ သောင်းနှင့်ချီ၍ ပြန်လည် ထွက်ခွါသွားခဲ့မှုများ ဖြစ်ပွားခဲ့ရသည်။

အိန္ဒိယ ပြည်ထဲရေးဌာနက ပိတ်ပင်လိုက်မှုကြောင့် အဆိုပါ Burma Riots Thrilling Pictures 2012 အား အင်တာနက်ပေါ်တွင် ကြည့်ရှု၍ မရတော့ပေ။ 
 နယူးဒေလီ (မဇ္ဈိမ)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map