"ပတ္တမြားခဲ" ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ အောင်ရဲလင်း၊ မိုးဟေကို၊ ဖွေးဖွေး တို့နဲ့ သရုပ်ဆောင်နေတဲ့ ဟိန်းဝေယံက ဒီဇာတ်ကားထဲမှာ အောင်ရဲလင်း ရဲ့ သူငယ်ချင်း အဖြစ် သရုပ်ဆောင်ထားပါတယ်။
အောင်ရဲလင်း ရဲ့ ညီမနဲ့ ချစ်သူဖြစ်တာကို အောင်ရဲလင်းက သူ့ညီမကို တကယ်ချစ်တာကို မယုံမကြည်ဖြစ် ကာ စကားများပြီး နပန်းလုံးကြတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးရင်း ဟိန်းဝေယံက ဘယ်ဘက်လက်မှာ ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီလို ဒဏ်ရာရရှိခဲ့တဲ့ အကြောင်းကို ဟိန်းဝေယံက " အောင်ရဲလင်းနဲ့ ကျွန်တော် ရန်ဖြစ်ကြ တဲ့ ဇာတ်ဝင်ခန်းမှာ သူ့ညီမကို ကျွန်တော်က အပျော်ကြံတယ် ထင်ပြီး ပြဿနာရှာတယ်။ ကျွန်တော်ကလည်း ကိုယ်မဟုတ်တဲ့ အတွက် စိတ်တိုပြီး ပြန်ထိုးကြတယ်။ နပန်းလုံးရင်း လုံးရင်းနဲ့ အောက်ကို လိမ့်ကျသွားတာ လက် ထောက်မိလိုက်တော့ ခဲရှသွားတယ်။ ဘယ် ဘက်လက်မှာပေါ့" လို့ ပြောပြပါတယ်။
အောင်ရဲလင်းနဲ့ ရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ အမှတ်တရ အနေနဲ့ ဘယ်လိုရှိတယ် ဆိုတာကိုလည်း ဟိန်းဝေယံက "ကျွန်တော်တို့က သူငယ်ချင်းလည်း ဖြစ်တော့ ရိုက်ရတာ ဘာပဲပြောပြော တစ်ယောက်နဲ့ တစ်ယောက် ညှိညှိနှိုင်းနှိုင်းနဲ့ ရိုက်ရတဲ့အတွက် ပျော်လည်းပျော်တယ်။ အဆင်လည်းပြေပါတယ်။ ဒါရိုက်တာ ကလည်း ကျွန်တော်တို့ကို ညှိနှိုင်း ခွင့်ပေးတယ်။ ဒီဇာတ်လမ်း ပုံစံလေးက ကျွန်တော်နဲ့ အောင်ရဲလင်းနဲ့ တအား ခင်ကြတဲ့ သူငယ်ချင်း။ ရိုက်ကွင်းပေါ်ရောက်ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင်တယ်။ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြတဲ့ ဇာတ်ကားကြီး ဖြစ်သလို ဒီဇာတ်ကားက ရသစုံပါတဲ့ ဇာတ်ကားလည်း ဖြစ်တာကြောင့် ပရိသတ်တွေ ကြည့်ရင် သဘောကျ ကြလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ အခုလက်ရှိ ရိုက်နေတဲ့ အချိန်ထိ အားသွန်ခွန်စိုက် ကြိုးစားကြတယ်။ ရေရှည်ကိုလည်း အားသွန်ခွန်စိုက် ဆက်ကြိုးစားသွားဦးမှာ ဖြစ်တယ်။ ဒီ ဇာတ်လမ်းလေးရဲ့ သဘောတရားလေးကလည်း ကောင်းတဲ့ အတွက် ရုံတင်ရင် ပရိသတ် ကြိုက်မယ် လို့ပြောတာပါ" ဆိုပြီး အဓိကဇာတ်ဆောင် လေးယောက် ရိုက်ကူး နေတဲ့ "ပတ္တမြားခဲ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
ဝဿန်၊
ဓာတ်ပုံ-အောင်ဇော်မင်း

popular journal
0 comments:
Post a Comment