<div style='background-color: none transparent;'></div>

Home » » အာဆင်နယ်အသင်းမှရော်ဘင်ဗန်ပါစီ မန်ယူသို့ တရားဝင် ပြောင်းရွှေ့ရောက်ရှိ

အာဆင်နယ်အသင်းမှရော်ဘင်ဗန်ပါစီ မန်ယူသို့ တရားဝင် ပြောင်းရွှေ့ရောက်ရှိ


မန်ချက်စတာ ယူနိုက်တက် အသင်းသည် အာဆင်နယ် အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီအား စာချုပ်ခေါ်ယူမှု ကိစ္စအားလုံး အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးသည် အသင်းမန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်နှင့်အတူ ယှဉ်တွဲဓာတ်ပုံအရိုက်ခံကာ မန်ယူနှင့် (၄)နှစ် သက်တမ်းရှိ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။
ဗန်ပါစီ၏ စာချုပ်ပါ အသေးစိတ် အချက်အလက်များကို မသိရသေးသော်လည်း အစောပိုင်းက ဗြိတိန် သတင်းဌာနများက ဗန်ပါစီသည် မန်ယူတွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၀၀၀၀၀)ဝန်းကျင် ရရှိလိမ့်မည်ဟု ခန့်မှန်း ရေးသားခဲ့သည်။ အသက်(၂၉)နှစ်ရှိ ဗန်ပါစီသည် မန်ချက်စတာမြို့ရှိ ဘရစ်ဂ်ျဝါးတား ဆေးရုံတွင် ဆေးစစ်မှု ခံယူပြီးနောက် အသင်းနှင့် တရားဝင် စာချုပ်ခဲ့ခြင်း ဖြစ်သည်။





ဗန်ပါစီက " မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ဖြစ်တာဟာ ကျွန်တော့်အတွက် ဂုဏ်ပြုမှု တစ်ခုပါပဲ။ ဒီအသင်းမှာ အရင်က ကစားခဲ့တဲ့ အထင်ကရ တိုက်စစ်မှူးကောင်းတွေရဲ့ ခြေရာကို နင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့် အတွေ့အကြုံတွေနဲ့အတူ ဒီအသင်းကို အကြီးကျယ်ဆုံး ပြိုင်ပွဲတွေရဲ့ ဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်ဖို့ ကူညီသွားပါမယ်။ ခုချိန်မှာ ကျွန်တော် ရာသီသစ်စဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ"ဟု မန်ယူနှင့် စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ဖွင့်ဟ ပြောကြားခဲ့သည်။



ဗန်ပါစီသည် ပြီးခဲ့သည့် ရာသီက အာဆင်နယ်အတွက် အထူးခြေစွမ်းပြပြီး ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုနှင့် အကောင်းဆုံး ကစားသမားဆုများကို ရရှိခဲ့သည်။ မန်ယူသည် ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၂၄)သန်းမျှ ပေးချေခဲ့ရကြောင်းလည်း သိရှိရသည်။ ဗန်ပါစီသည် မန်ယူအသင်းတွင် ကျောနံပါတ် ၂၀ အင်္ကျီကို ဝတ်ဆင်ကစားမည် ဖြစ်သည်။
 http://www.planet.com.mm/news/read.cfm/id/19656
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map