<div style='background-color: none transparent;'></div>

Home » » သေချာပေါက် မုန်တိုင်းဖြစ်မယ်၊ မြန်မာပြည် ၀င်မယ် မ၀င်မယ် မသိဟု ဦးထွန်းလွင် ပြော

သေချာပေါက် မုန်တိုင်းဖြစ်မယ်၊ မြန်မာပြည် ၀င်မယ် မ၀င်မယ် မသိဟု ဦးထွန်းလွင် ပြော



ပါမောက္ခပညာရေးမဂ္ဂဇင်း . ၈ရက်နေ့ မေလ ၂၀၁၂  — ရာသီဥတု ပြောင်းလဲခြင်းသည် တစ်နှစ်နှင့်တစ်နှစ် ထူးခြားစွာ ပြောင်းလဲလာသည်ကို တွေ့ရှိ နေရသည်။ ရာသီဥတု ပြောင်းလဲမှု အခြေအနေအရ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းများဖြစ်ပေါ်နေပြီး အောက်ပိုင်း ဒေသများတွင် အပူချိန်လွန်ကဲမှုများ ဖြစ်ပေါ်နေသည်ကို မြင်တွေ့ကြားသိရသည်။
၂၀၁၂ ၏ ရာသီဥတုနှင့် ပတ်သက်၍ ကြိုတင် ခန့်မှန်းချက်များအရလည်း ပြည်သူများ စိုးထိတ်နေကြရာ ရာသီဥတု အခြေအနေ အကြောင်း မှန်ကန်စွာ သိရှိနိုင်ရေးအတွက် မြန်မာ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်အား တွေ့ဆုံမေးမြန်းကာ တင်ပြလိုက်ပါသည်။


၂၀၁၂ ခုနှစ် မိုးကြိုကာလတွင် မုန်တိုင်း ဝင်ရောက်နိုင်မှု ရှိ၊ မရှိ သုံးသပ်ပေးပါ ဆရာ။
မိုးကြိုကာလမှာသေချာပေါက် မုန်တိုင်းဖြစ်မယ်၊ ဖြစ်တဲ့ မုန်တိုင်းက မြန်မာပြည်ကို ဝင်မယ်၊ မဝင်မယ် တိကျတဲ့ ခန့်မှန်းချက်မရှိဘူး။

ဒါပေမဲ့ ဒီအချိန်က သတိထားရမယ့် အချိန်ဖြစ်တယ်။ ဘာကိုကိုးကားပြော ရမလဲဆိုတော့ စာရင်းအင်းနည်း ပညာထဲက အတိတ်က ဖြစ်ခဲ့တဲ့ မုန်တိုင်းတွေကို ပြန်လည်လေ့လာတဲ့အခါ အရေးကြီးတဲ့အချက် ၂ ချက်ရှိတယ်။

၁ အချက်က မေလမှာဖြစ် တဲ့မုန်တိုင်းတွေ အားလုံးက မြန်မာပြည်ကို မဝင်ကြဘူး။ တစ်နှစ်လုံးအပေါ် ရာခိုင်နှုန်းနဲ့ကြည့်ရင် ၆ ရာ ခိုင်နှုန်းရှိတယ်။ မေလမှာ ဝင်တဲ့ ခန့်မှန်းခြေက ၂၅ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိရှိတယ်။ ၂ အချက်က မြန်မာပြည်အနေနဲ့ ပြန်ကြည့်ရင် ၁၈၇၇ ခုနှစ်ကစပြီး ၁၃၅ နှစ်အတွင်းမှာ မြန်မာပြည်ကို ဝင်ရောက်တဲ့ မုန်တိုင်း ၈၅ ကြိမ်ဝင်ဖူးတယ်။
၅၁ ရာခိုင်နှုန်းက မေလမှာ ဝင်တာများတဲ့အတွက် သတိထားရမယ်။ မိုးကြိုကာလဖြစ်တဲ့ မေလမှာ ဖြစ်နိုင်ခြေများတယ်ဆိုတော့ ထုတ်ပြန်ချက်ဘာတွေရှိပါသလဲ။ လက်ရှိ ယခုအချိန်ထိ ထုတ်ပြန်ခန့်မှန်းချက်က အခုထိဘာမှ မဖြစ်သေးဘူး။
အမေရိကန်ပြည် ထောင်စုထုတ်ပြန်ချက်က ဒီမေ ၂ ရက်အထိ ဘင်္ဂလားပင်လယ်အော် မှာ လောလောဆယ်မရှိ၊ ဖြစ်တော့ ဖြစ်မယ် ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့ဖြစ်ခဲ့တဲ့ မုန်တိုင်းတွေ ဆို ၂၀ဝ၆ ကနေ ၂၀၁၁ ထိ ၆ ကြိမ် ဆက်တိုက်ဖြစ်ခဲ့တယ်။
၂၀ဝ၆ က မာလာ၊ ၂၀ဝ၇က Akash ၊ ၂၀ဝ၈ က နာဂစ်၊ ၂၀ဝ၉ က Bijli ၊ ၂၀၁၀က Giri ၊ ၂၀၁၁ က 02B မုန်တိုင်း တွေဖြစ်ခဲ့တယ်။ Akash နဲ့ Bijli က တော့ အားပျော့တယ်။ အပျက်အစီး နည်းတယ်။ နှစ်တိုင်းဝင်တော့ ထူးခြားတယ်။ သမိုင်းမှာ မရှိတဲ့အတွက် မိုးလေဝသ ပညာရှင်တွေအနေနဲ့ ထူးခြားနေတယ်။လက်ရှိ မိုးလေဝ သအခြေအနေအရ မုန်တိုင်းဖြစ်ဖို့ မရှိသေးဘူး ပြောခဲ့ပေမယ့် အလားတူ မုတ်သုံဝင်ဖို့ အခြေအနေကလည်း မရှိသေးဘူး မုတ်သုံ နောက်ကျနေတယ်။


မုတ်သုံ နောက်ကျရင် ဘာတွေဆက်ဖြစ်နိုင်လဲ။
မုတ်သုံက ၁၉၈၀ နောက်ပိုင်းထဲက နောက်ကျနေတာ။ မုတ်သုံ နောက်ကျတာက မုန်တိုင်းနဲ့ ဆက်စပ်နေတယ်။ မုတ်သုံအား မကောင်းတော့ အင်ဒိုနီးရှားကနေ ပါကစ္စတန်ထိသွားရမှာဆိုရင် အင်ဒိုနီးရှားအစထဲက အား ကုန်နေတယ်။ ဥပမာ ဗွက်နစ်နေတဲ့ ကားနဲ့တူတယ် မရုန်းနိုင်ရင် ရှေ့က ကားက ကူဆွဲပေးရမယ်။ ကူဆွဲတဲ့ အရာက မုန်တိုင်းပဲ မုတ်သုံအား နည်းတာကရှေ့ကို မတက်နိုင်ဘဲ မုန်တိုင်းကို လက်ယက်ခေါ်နေတာနဲ့ အတူတူပါပဲ။
မုန်တိုင်းတွေထဲမှာ လူကို အန္တရာယ်ပေးတဲ့ မုန်တိုင်းတွေက ဘယ်မုန်တိုင်းတွေလဲ၊ မုန်တိုင်းနဲ့ပတ်သက်ပြီး ပြည်သူတွေရော ဘာ တွေ သိသင့်သလဲ။
အန္တရာယ်ပေးတဲ့ မုန်တိုင်း ၃ မျိုးရှိတယ်။ လေတိုက်တာ၊ မိုးရွာ တာ၊ လေလှိုင်းတက်တာ လေတိုက တာက တစ်နာရီမိုင် ၄၀ကနေ မိုင် ၁၅၀ထိရှိတယ်။ နာဂစ်လိုပေါ့ မိုင် ၁၅၀ထိ တိုက်တာ ပြည်သူတွေက ဒီလေမုန်တိုင်းကို အဆင့် ၅ဆင့် ခွဲခြားသိရမယ်။
အနိမ့်ဆုံး အဆင့်က မုန်တိုင်းငယ်၊ အပူလိုင်းမုန်တိုင်း၊ ဆိုက်ကလုန်း၊ လေပိုပြင်းအား ကောင်းသော ဆိုက်ကလုန်း၊ နောက်ဆုံးအဆင့်က ဟာရီကိန်း သမျှ ပြင်းထန်သော ဆိုက်ကလုန်း မုန်တိုင်းတွေပဲ။ နောက်တစ်ခု မုန်တိုင်းမိုးရွာတာ၊ မုန်တိုင်းမိုးကလဲ ပြင်းထန်တာပဲ။
သာဓက ပြရရင် ၂၀၁၁ အောက်တိုဘာ ၁၉ မှာ မုန်တိုင်းအား မကောင်းဘဲနဲ့ ပခုက္ကူ ရွှေချောင်း မိုးများလို့ လူ ၂၀ဝ ကျော်သေရတာပဲ။ နောက်ဆုံး တစ် ခုကပင်လယ်ရေလှိုင်းပဲ၊ အဲဒါက နာဂစ်အတိုင်းပဲ မြစ်ဝကျွန်းပေါ် တွေ မှာ အခုအထိ ကူညီ ထောက်ပံ့မှုတွေ လုပ်နေတုန်းပဲ။
ဒီပင်လယ်ရေလှိုင်း တက်အောင် လုပ်တာကလည်း မုန်တိုင်းလေတိုက်နှုန်း မိုင် ၁၀ဝကျော် မှ ရေလှိုင်းတက်တာ ၃မျိုးလုံးအ ကာအကွယ်ယူရမှာပဲ၊ မုန်တိုင်းနဲ့ ပတ်သက်ပြီးရေတက်ရင် ပင်လယ်က ဒီရေဟာ ဗဟိုထားပြီးကြည့်ရင် ညာဘက်ခြမ်းပဲတက်တယ်။ ဘယ် ဘက်မတက်ဘူးဆိုတာလဲ သိသင့်တယ်။


မုန်တိုင်းသတိပေးချက် အမှတ်အသားတွေနဲ့ ပတ်သက်ပြီးလည်း ပြည်သူတွေ သိအောင် ပြောပြပေးပါ။
သိရမယ့်အချက်တွေက မုန်တိုင်းဖြစ်ပြီဆိုတာနဲ့ ထုတ်ပြန်တဲ့ဌာနရဲ့ တာဝန်ကနိုင်ငံတကာ အဖွဲ့အစည်းဖြစ်တော့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းအကြိမ် ၁၀ဝ ဖြစ်မှ မြန်မာပြည်ကို ၆ ကြိမ် ပဲဝင်တယ်။ သတင်းထုတ်တိုင်း ကိုယ့်ကို အန္တရာယ်ပေး၊ မပေးသိရမယ်၊ မုန်တိုင်းဖြစ်တိုင်း ကြောက်စရာမလိုဘူး။
ဥပမာ မြန်မာပြည်ကို မဝင်ဘူး ဆိုရင် သတင်းအနေနဲ့ ထုတ်ပြန်တဲ့အခါမှာမိုးလေဝသ ဌာနက နာဂစ်ပြီး နောက်မှာအ ရောင်တွေနဲ့ ထုတ်ပြန်တယ်။ မုန်တိုင်း မြန်မာ ပြည်ကို မလာရင် အဝါရောင်၊ မြန်မာပြည်ကိုလာ နေပြီဆိုရင် လိမ္မော်ရောင်၊ မြန်မာ ပြည်ကို ၁၂ နာရီအတွင်း ဖြတ်မယ်ဆိုရင် အနီရောင်၊ မြန်မာပြည်ကို ဖြတ်နေပြီ ဆိုရင် အညိုရောင်၊ အေး ဆေးဖြစ်သွားပြီဆိုရင် အစိမ်းရောင်ဆိုတာ သိဖို့လိုပါတယ်။
အရောင် ကိုသိလိုက်ရလို့ ဒီမုန်တိုင်းဟာ ကိုယ့် အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ အရောင်ကြည့်ရုံဖြင့် မသိနိုင်ပါဘူး။ မုန်တိုင်းသတိပေး ချက်ကို နားထောင်ရမယ်။ ဥပမာ ဘင်္ဂလားဒေ့ရှ်ဝင်မယ်၊ ဘင်္ဂလား ဒေ့ရှ်နဲ့ ရခိုင်အစပ်ဝင်မယ်၊ ရခိုင် မြောက်ပိုင်း ဝင်မယ်ဆိုရင် မြစ်ဝကျွန်းပေါ်ဒေသက လူတွေထိ ခိုက်မယ်ဆိုတာသိရမယ်။ မုန်တိုင်း ဖြစ်တိုင်း ကိုယ့်ဆီလာနေပြီဆိုပြီး ကြောက်စရာမလိုပါဘူး။
မုန်တိုင်း ဖြစ်မယ့် အရပ်ကိုသိပြီဆိုရင်တော့ ကြိုတင်ပြင်ဆင်မှု လုပ်ထားဖို့လို ပါတယ်။ မုန်တိုင်းဝင်ရောက်တဲ့ လတွေ ကိုရော သိချင်ပါတယ်။ မြန်မာပြည်မှာ ၁၂ လ ရှိပေမယ့် ၁၂ လလုံးမဝင်ပါဘူး၊ အဓိက ၂ ကြိမ် ဝင်တယ်။ မုတ်သုံမဝင်မီ မိုးကြို ကာလ ဧပြီ ၁၅ ရက်ကနေ မေလ ကုန်ထိ နောက်တစ်ခုက မိုးရာသီ ကုန်ပြီးမှ (မိုးကြို၊ မိုးလယ်၊ မိုးနှောင်း) မိုးလွန်ကာလမှာ ဝင်တယ်။
အောက်တိုဘာကနေ ဒီဇင်ဘာအထိ ယူလို့ ရတယ်။ မိုးကြိုကာလမှာ မြန်မာပြည်ဝင်တဲ့ မုန်တိုင်းက ၅၁ ရာခိုင် နှုန်းရှိပြီး မိုးလွန်ကာလမှာ ၄၉ ရာခိုင်နှုန်းထိ ရှိတယ်။
အခုလို မိုးကြိုကာလ မုန်တိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး ပြည်သူတွေကိုယ်စား သိလိုသမျှ မေးမြန်းချက်ကို ဖြေကြားပေးတဲ့အ တွက်ကျေးဇူးအထူးတင်ရှိပါတယ်။
Share this article :

1 comments:

အလွမ်းမြို့ said...

ဖတ်သွားပါတယ် ။
ကျေးဇူးလည်း တင်တယ်။


ခင်မင်တဲ့
အလွမ်း

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map