<div style='background-color: none transparent;'></div>

Home » » သန်လျင်တံတား အနီးရှိ လူပေါင်း ၂၅၀၀၀ ခန့် နေထိုင်နိုင်မည့် ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းတွင် စင်ကာပူနိုင်ငံမှ YOMA ကုမ္ပဏီ က စင်ကာပူဒေါ်လာ ၉၁ သန်း မြုပ်နှံမည်

သန်လျင်တံတား အနီးရှိ လူပေါင်း ၂၅၀၀၀ ခန့် နေထိုင်နိုင်မည့် ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းတွင် စင်ကာပူနိုင်ငံမှ YOMA ကုမ္ပဏီ က စင်ကာပူဒေါ်လာ ၉၁ သန်း မြုပ်နှံမည်

7223a
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင်တံတားအနီး ရန်ကုန်မြစ်ကမ်းပေါ်တွင် SPA /FMI Group of Companies ကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် လူပေါင်း ၂၅၀၀၀ ခန့်နေထိုင် နိုင်မည့် ကြယ်စင်မြို့တော် အိမ်ရာ စီမံကိန်းတွင် စင်ကာပူနိုင်ငံရှိ YOMA Strategic Holding Ltd. က စင်ကာပူဒေါ်လာ ၉၁ သန်းမြှုပ်နှံခဲ့ကြောင်း ကြယ်စင်မြို့တော် အိမ်ရာ စီမံကိန်းမှ ဒါရိုက်တာဖြစ်သူ ကိုစိုးသီဟလှိုင်၏ ပြောကြားချက်အရ သိရှိရသည်။
ကြယ်စင်မြို့တော်အိမ်ရာ စီမံကိန်းမှာ သံလျင်တံတားအနီး ရန်ကုန်မြစ်ကမ်းပေါ်ရှိ မြေအကျယ်အ၀န်း ဧက ၄၂၀ ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေခြင်း ဖြစ်ပြီး ယင်းစီမံကိန်းတွင် စင်ကာပူ နိုင်ငံရှိ့  YOMA Strategic Holding Ltd. က ရင်းနှီးမြှပ်နှံမှု ၇၀ ရာခိုင်နှုန်းပြုလုပ်မည်ဖြစ်ပြီး FMI ကုမ္ပဏီ က ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ စီမံကိန်းအား ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အခန်းပေါင်း ၈၀၀၀ မှ ၉၀၀၀ အကြား ပါဝင်မည်ဖြစ်ကာ လူပေါင်း ၂၅၀၀၀ ခန့် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းအား လာ မည့် ၂၀၂၀ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

7223
ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်း တည်ဆောက်နေမှုအား တွေ့ရစဉ်
ယင်းစီမံကိန်းတွင် လူနေအိမ် ဧရိယာ (Residential  Area) နှင့် စီး ပွားရေးလုပ်ငန်းဧရိယာ (Commercial Area) များပါဝင်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်း ဧရိယာတွင် ဘဏ်၊ ကျောင်း၊ ရုပ်ရှင်ရုံ၊ Gym နှင့် Spa များ ပါဝင်မည်ဖြစ်ပြီး ဂေါက်ကွင်းနှင့် ရေကူးကန်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
“ FMI ကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းမှာ စင်ကာပူနိုင်ငံက (SGX) Stock Exchange မှာ ဈေးကွက်ကစားနေတဲ့ YOMA Strategic Holding Ltd.က ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီခဲ့ပြီး စင်ကာပူဒေါ်လာ ၉၁ သန်း မြှုပ်နှံလိုက်ပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုဟာ အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု အတွက် ထူးခြားအရေးပါတဲ့ သတင်းကောင်း တစ်ခု ဖြစ်ပါတယ်။ ဈေးကွက်တစ်ခု စဖွင့်လိုက်သလိုပါပဲ။ နောက်ပိုင်း တိုးတက်ဖို့ အလားအလာတွေ အများကြီး ရှိလာပါပြီ။ ပြီးတော့ သန်လျင်လိုနေရာမျိုးက ရန်ကုန်မြိုနဲ့ တံတားကူးရင် ရောက်တဲ့ အနေအထားမို့လို့ ကျွန်တော်တို့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖြစ်ကြတာပါ”ဟု ကိုစိုးသီဟလှိုင် က ပြောပြခဲ့သည်။
ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းရှိ အဆောက်အဦ အမှတ် ၁ နှင့် အမှတ် ၂တို့အား ဆောက်လုပ်လျက် ရှိပြီး အဆောက်အဦ ၁ တွင် အခန်းပေါင်း ၁၅၀ ပါဝင်ကာ ၁၅၀ စလုံး ရောင်းချပြီးပြီ ဖြစ်ကြောင်း၊ အဆောက် အဦ ၂ တွင် အခန်းပေါင်း ၁၅၀ မှ ၁၂၀ ကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းက လူလတ်တန်းစားနဲ့ အပေါ်အဆင့်တွေကို ဦးတည်ထားတာ ဖြစ်ပါတယ်။ အခန်းဈေးနှုန်းတွေက ကျပ်သိန်း ၄၈၀  ကနေ ၁၄၀၀ ပတ်ဝန်းကျင်အထိ ရှိပြီး အဆင့်မြှင့်အိမ်ရာနဲ့ နေချင်သူတွေ အတွက် ရည်ရွယ်ပါတယ်။ ဒီမှာ နေထိုင်မယ့်လူတွေ အတွက် ရေ၊ မီး၊ လုံခြုံရေး ၀န်ဆောင်မှုအပြင် မြို့ထဲဧရိယာနဲ့ ဒီနေရာကို Boat  Ferry သဘောမျိုး လုပ်ပေးဖို့အတွက် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးနဲ့ ဆွေးနွေးနေပါတယ်”ဟု ကိုစိုးသီဟလှိုင်က ဆိုပါသည်။
Share this article :

1 comments:

စံပယ်ချို said...

2011 -2020 ဆိုတော့ကြာလိုက်တာနော်
အာရှ မှာတခြားတိုင်းပြည်တွေနဲ့အမှီလိုက်နိုင်ရင်တော့အကောင်းဆုံးပါပဲ
ခင်မင်တဲ့ sis jasmine

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map