<div style='background-color: none transparent;'></div>

Home » » စာအများကြီးဖတ်ခြင်းက ဘာကြောင့် ဒုက္ခရောက်စေသလဲ

စာအများကြီးဖတ်ခြင်းက ဘာကြောင့် ဒုက္ခရောက်စေသလဲ


လူအများစုက ဘွဲ့ရသွားပြီဆိုရင် စာဖတ်ခြင်းကို ရပ်ပစ်လိုက်ကြတယ်။ ဘွဲ့ရတယ်ဆိုတာ စာဆက်မဖတ်တော့ဖို့ သူတို့ကို သတိပေးလိုက်သလိုမျိုး။ ကျနော် တခြားသူတွေကို စာတွေ ပိုပြီး ဆက်ဖတ်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ အသုံးမချဘူးဆိုရင်တော့ စာတွေ ပိုဖတ်ခြင်းဟာ လူတစ်ယောက်ရဲ့ ခရီးမှာ ဒုက္ခရောက်စေပါလိမ့်မယ်။


သေသေချာချာဖတ်ပါ၊ သို့သော် မှန်ကန်တဲ့အချိန်မှာသာ ဖတ်ပါ

သင်ဟာ တစ်ခုခုကို တတ်မြောက်ဖို့ စာဖတ်ခြင်းဟာ သင့်လျော်ပါတယ်။ သင်လိုချင်သမျှ အတတ်ပညာတိုင်းကို လေ့လာဖို့ စာဖတ်ခြင်းဟာ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါပဲ။

လူအများစုကတော့ စာမဖတ်ကြဘူး။ ဒီတော့ သူတို့ကိုယ်သူတို့ ဆက်လက်ကြီးထွားဖို့ နည်းလမ်းတွေကိုလည်း မတွေ့ကြတော့ဘူး။ ဒါပေမဲ့ လူတစ်ချို့ကတော့ စာဖတ်ခြင်းမှာ အချိန်တွေအများကြီးသုံးကြပြီး အချက်အလက်တွေ စုဆောင်းခြင်းမှာပဲ သောင်တင်နေကြတယ်။ လက်တွေ့တော့ အသုံးမချကြဘူး။

စာမဖတ်တော့တာနဲ့ သင်ယူခြင်းကို ရပ်ပစ်လိုက်တာဟာ အမှားကြီးတစ်ခုပါ။ အဲဒီလိုပဲ၊ နောက်ထပ်အမှားတစ်ခုကတော့ စာဖတ်ပြီး ရလာတဲ့ အချက်အလက်အသစ်တွေကို ဘာမှမလုပ်တာပါပဲ။

ရလာဒ်တွေ မြန်မြန်ရရှိလာဖို့အတွက် သော့ချက်

သင်ဟာ အွန်လိုင်းမှာ စီးပွားရေးလုပ်ဖို့အတွက် လိုအပ်တာမှန်သမျှကို ဖတ်နိုင်တယ်။ ဒါပေမဲ့ အဲဒီ ဗဟုသုတတွေကို ကောင်းကောင်းအသုံးမချဘူးဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သင်ဟာ ကိုယ်ခန္ဓာ ကြံ့ခိုင်တောင့်တင်းဖို့၊ ဘ၀ကို ရိုးရှင်းအောင် နေထိုင်ဖို့၊ ၀ိတ်ချဖို့ နဲ့ အောင်မြင်ဖို့ နည်းလမ်းတွေကိုလည်း ဖတ်နိုင်တယ်။ ဒါပေမဲ့ စာဖတ်တာကို ခဏရပ်ပြီး သင် သိလိုက်တဲ့ အချက်တွေကို လက်တွေ့အသုံးမချဘူးဆိုရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဘယ်အရာကိုမဆို အမြန်ဆုံး တတ်မြောက်ဖို့အတွက် သော့ချက်ကတော့ တစ်ချိန်တည်းမှာ အဲဒီအရာကို ပြုလုပ်ခြင်းပါပဲ။ ကျနော်ဟာ လာမယ့် စာအုပ်အသစ်အတွက် ဈေးကွက်ကြော်ငြာတဲ့ စာရေးနည်းကို လေ့လာနေပါတယ်။ ဒါဟာ ကျနော် အရင်က မလုပ်ခဲ့ဖူးတဲ့ အသစ်တစ်ခုပါပဲ။ ဒီတော့ ကျနော် ဈေးကွက်ကြော်ငြာ ရေးနည်းနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်ကို ၀ယ်လိုက်တယ်။

နောက်ထပ် တစ်ခုကတော့ – အပိုင်းတစ်ခု ဖတ်ပြီးတိုင်း ကျနော် သိလိုက်တဲ့အရာတွေကို ချက်ချင်းအသုံးချတယ်။ သင်ယူခြင်းနဲ့ ကိုယ်သိလိုက်တဲ့အရာကို ချက်ချင်းအသုံးချခြင်းဟာ ပိုပြီးလျင်မြန်တဲ့ရလာဒ်တွေကို ရရှိစေပါလိမ့်မယ်။

ဒီကနေ သင်ဘာကို သိနိုင်သလဲ

၁။ သင်လိုအပ်တဲ့အရာကို လိုအပ်တဲ့အချိန်မှာသာ ဖတ်ပါ

တကယ်အသုံးချဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင် တစ်ခုခုကို စ မလေ့လာပါနဲ့။ သင့်မှာ Blog တစ်ခုမရှိသေးဘဲနဲ့တော့ အွန်လိုင်းစီးပွားရေးအကြောင်းကို မလေ့လာပါနဲ့။

ဘာကိုမဆို လက်တွေ့အသုံးချဖို့ အဆင်သင့်မဖြစ်သေးဘဲနဲ့ အချက်အလက်တွေရှာပြီး အချိန်တွေအများကြီး ဖြုန်းတီးမပစ်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ အဲဒါတွေကို မေ့သွားမှာမို့လို့ပါပဲ။ ပြီးရင် အဲဒါတွေကို ပြန်ဖတ်ရမှာမို့ အချိန်ထပ်ကုန်ပါတယ်။

၂။ တစ်ခုခုကို သိလိုက်တဲ့အခါ အဲဒါကို ချက်ချင်း အသုံးချပါ

တကယ်လုပ်တာနဲ့ နှိုင်းယှဉ်လိုက်ရင် စာဖတ်ခြင်းနဲ့ နားထောင်ခြင်းဟာ ပြန်ပြီးမှတ်မိဖို့ ခက်ခဲပါတယ်။ ချက်ချင်း လက်တွေ့အသုံးချမှသာ အဲဒါကို မမေ့မှာဖြစ်ပါတယ်။

သင် ဘာကိုပဲ ဖတ်ဖတ်၊ အဲဒါကို ချက်ချင်းအသုံးချဖို့ နည်းလမ်းရှာပါ။ အဲဒါရဲ့ ဆုလာဒ်ကတော့ သင်ဟာ ရလာဒ်တွေကို ပိုပြီးမြန်မြန် ရရှိလာမယ်ဆိုတာပါပဲ။

Ref: Why Reading Too Much Can Be Disastrous by Vincent Tan
 yourlifesuccess.blog.com
Share this article :

2 comments:

Anonymous said...

မှန်ပါတယ် အစ်ကိုတော်တော်ရေးတတ်တာပဲမှန်တာတွေကို

ချစ်စံအိမ် said...

ဟုတ်ကဲ့ပါရှင့် မှတ်ထားလိုက်ပါမယ်းး

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map