
ဒီလိုမျိုး ဖြစ်ဖူးပါသလား။
အလေ့အကျင့်သစ် တစ်ခုခုကို စလုပ်တဲ့အခါ သုံးလေးရက်လောက်တော့ လုပ်ဖြစ်ပြီး နောက်ရက်တွေမှာ ဆက်မလုပ်ဖြစ်တော့တာမျိုး။
ဥပမာ- သင်ဟာ ၀ိတ်ချဖို့အတွက် မနက်တိုင်း အားကစားလုပ်မယ်လို့ စိတ်ကူးတယ်ဆိုပါစို့။ စိတ်ကူးထားတဲ့အတိုင်းပဲ မနက်တိုင်းမှာ အားကစားလုပ်တယ်။ ဒါပေမဲ့ သုံးလေးရက်လောက်ကြာတဲ့အခါ မလုပ်ဖြစ်တော့ပြန်ဘူး။ အရင်လိုပဲ ပြန်ဖြစ်သွားပြီး တခြားအရာတွေကိုပဲ လုပ်မိနေတယ်။
ပြီးတော့ တစ်ခုခုကို စ လုပ်မယ်လို့ စိတ်ကူးထားပြီး ဘယ်တော့မလုပ်ဖြစ်တာမျိုးကိုရော ကြုံဖူးပါသလား။
အထက်ပါ မေးခွန်းနှစ်ခုထဲက တစ်ခုခုကိုသာ “ဟုတ်တယ်” လို့ ဖြေမယ်ဆိုရင်တော့ ဒီစာဟာ သင့်အတွက် အသုံးဝင်တာကို တွေ့ရမှာပါ။
အောင်မြင်မှုအတွက် နည်းလမ်းတစ်ခုကတော့ သင်အရင်က မလုပ်ဖူးတဲ့အရာတစ်ခုကို ပြုလုပ်ခြင်းပါပဲ။ ဆိုလိုတာက သင့်ဘ၀ကို အပြောင်းအလဲတွေ လုပ်ပါ။
စလုပ်ရမယ့် အရာများ စာရင်း (Start Doing List) တစ်ခု ဘာကြောင့် ရှိသင့်သလဲ
စလုပ်ရမယ့် အရာများ စာရင်း (Start Doing List) တစ်ခု ဘာကြောင့် ရှိသင့်သလဲ
ဦးနှောက်မုန်တိုင်းဆင်တယ်ဆိုတဲ့ကိစ္စကို ကျနော် ပြောခဲ့ဖူးပါတယ်။ ဦးနှောက်မုန်တိုင်းဆင်တယ်ဆိုတာက သင့်ရဲ့ ရည်မှန်းချက်တွေအောင်မြင်ဖို့ လုပ်ဆောင်ရမယ့် လုပ်ငန်းအဆင့်အဆင့်တွေ၊ နည်းဗျူဟာတွေကို စဉ်းစားကြည့်ခြင်း ဖြစ်ပါတယ်။
သင် စ လုပ်သင့်တဲ့ အရာတွေကို စာရင်းတစ်ခု ပြုလုပ်ခြင်းဟာ အလွန်အသုံးဝင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒီ စာရင်းသာ မရှိဘူးဆိုရင်၊ သင်ဟာ ဘယ်နေရာကနေ စ လုပ်ရမယ်မှန်းမသိတဲ့အတွက် လမ်းပျောက်သွားပါလိမ့်မယ်။
လူတိုင်းလူတိုင်းမှာ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ ” စလုပ်စရာများ စာရင်း” (Start-Doing List) တစ်ခု ရှိသင့်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါဟာ ဘ၀မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ လုပ်ဖို့အတွက် ပထမဆုံး အဆင့်တစ်ဆင့်ပါပဲ။
ဒါပေမဲ့ လူအများစုကတော့ အဲဒီစာရင်းအတိုင်း မလုပ်နိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ဟန်ချက်ညီတဲ့ မျှခြေတစ်ခု (Equilibrium) မရှိလို့ပါပဲ။
ဟန်ချက်ညီဖို့ဆိုရင်
ဟန်ချက်ညီဖို့ဆိုတာ သိပ်အရေးကြီးတယ်လို့ အရင်က မထင်ခဲ့မိပါဘူး။ ဒါပေမဲ့ – ဒါဟာ အရေးကြီးတယ်ဆိုတာကို ကျနော် သဘောပေါက်လာပါတယ်။ ပြီးတော့ ဟန်ချက်ညီမှုဆိုတာ သင့်ရဲ့ ခရီးကို ပိုပြီး ချောမွေ့အောင် လုပ်ပေးမယ်ဆိုတာကို အောင်မြင်မှုအတွက် ကြိုးပမ်းနေကြသူတိုင်း သိသင့်တယ်လို့ သဘောပေါက်လာပါတယ်။
ရေခွက်တစ်ခွက်ကို စဉ်းစားကြည့်ပါ။ ခွက်ထဲမှာ ညစ်ပတ်တဲ့ရေတွေ အပြည့်ရှိနေတယ်ဆိုပါစို့။ ဒါဆိုရင် အဲဒီခွက်ထဲကို ရေသန့်တွေ ထပ်မဖြည့်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခွက်ထဲမှာ ရေညစ်တွေနဲ့ ပြည့်နေပြီး ရေသန့်အတွက် နေရာလွတ် မရှိတော့လို့ပါပဲ။
ရေသန့်တွေအတွက် နေရာရဖို့ဆိုရင် ခွက်ထဲက ရေညစ်တွေကို ဖယ်ထုတ်ပစ်ရပါလိမ့်မယ်။ ဒါဟာ ဟန်ချက်ညီမှု နိယာမပါပဲ။
ဒီနိယာမက ကျနော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာလည်း သက်ရောက်မှု ရှိပါတယ်။
သင့်မှာ “စလုပ်ရမယ့်အရာများစာရင်း” (Start-Doing List) တစ်ခုရှိတဲ့အခါ သင့်ဘ၀ကို အပြောင်းအလဲလုပ်ဖို့အတွက် အခွင့်အရေးကို ရပါလိမ့်မယ်။ ဒါပေမဲ့ ရေညစ်တွေကို သင့်ရဲ့ ဘ၀ထဲက မဖယ်ထုတ်နိုင်သေးဘူးဆိုရင်တော့ ဘာအပြောင်းအလဲမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။
သင်ဟာ ၀ိတ်ချချင်တယ် ဆိုပါစို့။ ဒီတော့ သင်ဟာ “စလုပ်ရမယ့်အရာများစာရင်း” တစ်ခုကို ပြုလုပ်လိုက်တယ်။ အဲဒီစာရင်းထဲမှာ အိပ်ရာစောစောထခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ သန့်ရှင်းသော၊ မျှတသော အစားအစာများကို စားခြင်း စတဲ့ အရာတွေ ပါဝင်တယ်။
ဒါပေမဲ့ သင်ဟာ အဲဒီလုပ်စရာတွေအတွက် နေရာ ဖယ်မထားဘူးဆိုရင် လုပ်လို့ မရနိုင်ပါဘူး။ သင့်ရဲ့ အချိန်ကလည်း အကန့်အသတ်ရှိပါတယ်။ ပြီးတော့ တစ်နေ့မှာ ၂၄ နာရီပဲ သင့်မှာ ရှိပါတယ်။ ဒီတော့ သင်ဟာ နေရာလွတ်တွေ မရှိဘူးဆိုရင် အရာရာတိုင်းကို သင့်ဘ၀ထဲမှာ နေရာမချနိုင်ပါဘူး။
ဒီပြဿနာရဲ့ အဖြေ = ရပ်ပစ်ရမယ့် အရာများ စာရင်း (Stop-Doing List)
သင့်မှာ စလုပ်ချင်တဲ့ အရာများစာရင်း ရှိတယ်ဆိုရင်၊ သင် ရပ်ပစ်ရမယ့် အရာများ စာရင်း (Stop-Doing List) တစ်ခုလည်း ရှိဖို့လိုပါတယ်။ ဒါမှသာ ဟန်ချက်ညီပါလိမ့်မယ်။
သင့်အကြိုက် ဒိုးနပ်စ် တွေ၊ အာလူးကြော်တွေကို မစွန့် လွှတ်နိုင်သေးသမျှ သင်ဟာ ၀ိတ်ချနိုင်မှာမဟုတ်ပါဘူး။ တီဗီက လွှင့်သမျှ အစီအစဉ်တိုင်းကို ကြည့်နေတာကို မရပ်ဘူးဆိုရင်လည်း သင်ဟာ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရလာမှာ မဟုတ်ပါဘူး။
ရပ်ပစ်ရမယ့် အရာများစာရင်းကို အသုံးပြုခြင်းအားဖြင့် အရေးမကြီးတဲ့အရာတွေကို ဖယ်ထုတ်ပစ်မယ်ဆိုရင် သင်ဟာ သင့်ရဲ့ဘ၀ထဲကို ရေသန့်တွေ ဖြည့်နိုင်ပါလိမ့်မယ်။ အဲဒီရေသန့်တွေကတော့ သင့်ဘ၀ကို ပြောင်းလဲစေမယ့် အရာတွေ၊ အလေ့အကျင့်တွေပါပဲ။ )
သင် အချိန်အတော်ကြာ လုပ်လာတဲ့ အရာတစ်ခုကို ရပ်ပစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အစပိုင်းမှာ ဘယ်သူမှလည်း မလွယ်ကူကြပါဘူး။ ဒါပေမဲ့ အလေ့အကျင့်ကောင်းတစ်ခုကို လုပ်ဖြစ်ပြီသွားဆိုရင်လည်း အဲဒီအလေ့အကျင့်ကို မဖျောက်ပစ်နိုင်တော့ပါဘူး။
သင့်ဘ၀ကို ပြောင်းလဲစေမယ့်အရာတွေကို စလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ၊ ပထမဆုံးအနေနဲ့ အရေးမကြီးတဲ့အရာတွေကို ဖယ်ထုတ်ပစ်ဖို့ ဆုံးဖြတ်ရပါမယ်။ ဒါဟာ အရှိန်အဟုန်မြင့်တဲ့ တိုးတက်မှုကို သင်တွေ့မြင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ။
ဒီတော့- သင်လုပ်ချင်တဲ့အရာတွေအတွက် နေရာရဖို့ သင် ရပ်ပစ်ရမယ့် အရာတွေက ဘာတွေလဲ။
နောက်ဆက်တွဲ -
၁။ သင့်ရဲ့ စလုပ်ရမယ့်အရာများစာရင်းနဲ့ ရပ်ပစ်ရမယ့်အရာများ စာရင်း အဲဒီစာရင်းထဲမှာ – ရည်မှန်းချက်တစ်ခုကို သတ်မှတ်ပါ။ ပြီးတော့ သင် လုပ်ချင်တဲ့ အရာတွေကို ဖြည့်ပါ။ ဒါပေမဲ့ အဲဒီအရာတွေကို နေရာပေးနိုင်ဖို့အတွက် သင် ရပ်ပစ်ရမယ့်အရာများကိုလည်း ဖြည့်ဖို့ မမေ့ပါနဲ့။
၂။ အခြေအနေကို ဖန်တီးယူခြင်းဟာ အရေးပါပါတယ်။ ဒါက သင့်ဘ၀ကို ရေရှည်ခံတဲ့ အပေါင်းအလက္ခာ အပြောင်းအလဲတွေဖြစ်လာအောင် သင့်ကို ကူညီနိုင်ပါတယ်။
Ref: Your Life Is Like A Cup Of Water And Why You Need To Know This by Vincent Tan
1 comments:
ဗဟုသုတ ၇စေတဲ့ ပို့စ်အတွက် ကျေးဇူးပါ
Post a Comment