မန္တလေးလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ကဉ္စနမဟီ ရပ်ကွက် ၃၃x၃၄
လမ်းကြား၊ ၇၇x၇၈ လမ်းကြားတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီခန့်က အသက်
၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဒိုင်းမွန်းပလာဇာ ငါးလွှာအထပ်မှ ခုန်ချ
သေဆုံးသွားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ
သိရသည်။
အဆိုပါ သေဆုံးသူသည် ဒိုင်းမွန်း ပလာဇာ ငါးလွှာအထပ်မှ ခုန်ချခဲ့ပြီး၊ မြေညီထပ် အမိုးတွင် ၎င်းဝတ်ဆင်ထားသော ဖိနပ်၊ နာရီနှင့် ခြေထောက်တွင် ရရှိထားသော ဒဏ်ရာမှ သွေးကွက်တို့ကို တွေ့ရှိရပြီး ယင်းမြေညီထပ်မှတစ်ဆင့် ထပ်မံခုန်ချ ခဲ့သည့် အနေအထား တွေ့ရကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောဆိုသည်။
အဆိုပါ သေဆုံးသူကို မန္တလေး ဆေးရုံကြီးတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီက ရင်ခွဲစစ်ဆေးခဲ့ရာ ဝဲမျက်ခြေ ဆစ်ရိုး ငေါထွက် (ကျိုးကြေ)၊ ယာခြေဖဝါး ပေါက်ပြဲ အရိုးကျိုး၊ ဝဲလက် ကောက်ဝတ် ကျိုးကြေ၊ တင်ပါးပွန်းပဲဒဏ်ရာ၊ ရင်ညွန့်ကျိုး၊ ဝမ်းဗိုက် အတွင်း သွေးယိုစီး၊ ဦးနှောက်အောက် သွေးယိုစီး ဒဏ်ရာများဖြင့် သေဆုံး ခဲ့ကြောင်း၊ ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ ယာဉ်။ အရာဝတ္ထု တစ်ခုခုဖြင့် ဖိကြိတ်ပွတ်ဆွဲသော အနေအထား ရှိကြောင်း မှတ်ချက်ပြုထား ခဲ့ကြောင်း ယင်းမှတ်တမ်းတွင် ပါရှိသည်။
သေဆုံးသူသည် အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခန့်က နေအိမ်မှထွက်ခွာသွားကာ တက္ကသိုလ်ဝင်တန်း ကျဆုံးသဖြင့် စိတ်ဝေဒနာခံစားနေရသူ ဖြစ်ကြောင်း၊ အဆိုပါသေမှု သေခင်းနှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၂/၂၀၁၃ ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူလျက် ရှိကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ မိဘများနှင့် သွားရောက်မေးမြန်းရာ မိဘများနှင့် ဆွေမျိုးသားချင်းက ယခုအချိန်တွင် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ပြောဆိုသည်။
yoyarlay

0 comments:
Post a Comment