ဆက်စ်ဖာဘရီဂက်စ် အနေဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ရော်ဘင်ဗန်ပါစီနှင့် တစ်ကျော့ပြန် ပူးပေါင်းရန် ဆုံးဖြတ်နိုင်ခြေ ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဘာစီလိုနာ ကွင်းလယ် ကစားသမားသည် အာဆင်နယ်တွင် တွဲဖက်ခဲ့ဖူးသည့် တိုက်စစ်မှူး ဗန်ပါစီနှင့် ပြန်လည် တွဲကစားရန်အတွက် အင်္ဂလန် ချန်ပီယံ အသင်း၏ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေသည်ဟု ရင်းနှီးသော သူငယ်ချင်းများထံ ဝန်ခံခဲ့ကြောင်း သိရှိရသည်။ ယူနိုက်တက်သည် စပိန်လက်ရွေးစင်အတွက် နှစ်ကြိမ်ကမ်းလှမ်းထားပြီး ဘာစီလိုနာက ပေါင်စတာလင် သန်း(၃၀)ထိ ဈေးပေးမှုကို ပယ်ချထားသည်။ သို့သော်လည်း ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ဖာဘရီဂက်စ်ကို ချိတ်ဆက်မှုသည် လုပ်ဆောင်ဆဲ အသင့်တွင်သာ ရှိနေကြောင်း ပြောဆိုခဲ့ရာ နောက်တစ်ကြိမ် ကမ်းလှမ်းမှု ပြုလုပ်မည့် အခြေအနေမျိုး ဖြစ်သည်။
Daily Mail သတင်းစာက ဖာဘရီဂက်စ်သည် မိတ်ဆွေများအား မိုယက်စ်လက်အောက်သို့ မိမိသွားရောက် ပူးပေါင်းရန် စဉ်းစားနေသည်ဟု ထုတ်ဖော် ပြောဆိုခဲ့ကြောင်း ဖော်ပြသွားသည်။ အသက်(၂၆)နှစ်ရှိ ဖာဘရီဂက်စ်သည် လာလီဂါ ချန်ပီယံဆုကို ဘာစီလိုနာနှင့်အတူ ရယူခဲ့ဖူးသည့်နောက် ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်မည်ဟု ယုံကြည်နေကြောင်း သိရှိရသည်။ ဖာဘရီဂက်စ်သည် အာဆင်နယ်တွင် ကစားစဉ်က FAဖလားနှင့် ကွန်မြူနတီဒိုင်းတို့ကိုသာ ရရှိဖူးသည်။ အသင်းဖော်ဟောင်း ဗန်ပါစီမှာမူ ယူနိုက်တက်တွင် တစ်ရာသီ ကစားပြီးနောက် ပရီးမီးယားလိဂ် ဆုဖလားကို ကိုင်မြှောက်ခွင့် ရရှိခဲ့ပြီးဖြစ်သည်။
ဖာဘရီဂက်စ်ကို ရောင်းမည်မဟုတ်ဟု ပြောဆိုထားသော်လည်း ကစားသမား၏ ဆန္ဒကို ပိုမို အလေးထားဖွယ် ရှိနေသည်။ ယူနိုက်တက်သည် ယနေ့ညနေပိုင်းတွင် ဂျပန်နိုင်ငံ၌ ဆီရီဇို အိုဆာကာနှင့် ခြေစမ်းပွဲ ကစားမည်ဖြစ်ပြီး ဗန်ပါစီ အနေဖြင့် မိနစ်အနည်းငယ် ဝင်ရောက်ကစားဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။
soccermyanmar
အေးချမ်းမွန်................


0 comments:
Post a Comment