<div style='background-color: none transparent;'></div>

Home » » သက္ကယ်ချောင်းတံတား တစ်ပတ်မပြည့်မီ ချဉ်းကပ်လမ်းများ ကွဲအက်ကာ မြေသားနိမ့်ကျ

သက္ကယ်ချောင်းတံတား တစ်ပတ်မပြည့်မီ ချဉ်းကပ်လမ်းများ ကွဲအက်ကာ မြေသားနိမ့်ကျ



ပုသိမ်မြို့နှင့် ငပုတောမြို့သို့ ဆက်သွယ်ထားသည့် သက္ကယ်ချောင်း မြစ်ကူးတံတားအား လွန်ခဲ့သည့် ဇူလိုင် ၇ ရက်က အများပြည်သူများ သွားလာနိုင်ရန် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ရက်သတ္တပတ် မပြည့်မီတွင် တံတား၏ ချဉ်းကပ်လမ်း လမ်းလယ်မှနေ၍ ကွဲအက်မှုများ စတင်ဖြစ်ပေါ်လာပြီး လမ်းတစ်ခြမ်း နိမ့်ကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားကြီးအား လွန်ခဲ့သည့် နှစ်နှစ်ကျော်ကြာ ကာလက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တံတား အရှည်ပေ ၁၈၈၀ ရှိ၍၊ ချဉ်းကပ်လမ်း အရှည်မှာ တစ်ဖက်လျှင် ပေ ပေါင်း ၄၆၃၀ ပေစီ ရှိကြောင်း သိရသည်။ ယခုမြေသား အိကျခဲ့သည့် နေရာမှာ ငပုတောမြို့ ဘက်ခြမ်းရှိ ချဉ်းကပ်လမ်းဖြစ်ပြီး ယင်းနိမ့်ကျသည့် နေရာများတွင် ယာဉ်များ ဖြတ်သန်း မသွားရန်အတွက် ဆိုင်းဘုတ်များချ၍ တားမြစ်မှုများ ဆောင်ရွက်ထားသည်။

ပုသိမ်မြို့မှ သက္ကယ်ချောင်း တံတားအထိ အရှည်မိုင် ၁၂ မိုင် ရှိပြီး၊ ငပုတောမြို့ အထိဆိုလျှင် ၂၁ မိုင် ၆ ဖာလုံခန့် ရှိသည်။ ယခင်က ရေလမ်းခရီးဖြင့် ပုသိမ်မြို့မှ ငပုတောမြို့သို့ ၃ နာရီကျော်မျှ သွားလာရသော်လည်း သက္ကယ်ချောင်း မြစ်ကူးတံတား ပြီးစီးသွားချိန်၌ နာရီပိုင်းအတွင်း ပုသိမ်မြို့မှ ငပုတောမြို့သို့ သွားလာနိုင်သည်။

အဆိုပါ တံတားဖွင့်ပွဲသို့ ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်တို့ တက်ရောက်ကာ ဖွင့်လှစ်ပေးခဲ့ပြီး၊ ဖွင့်ပွဲအခမ်းအနားတွင် ယင်းတံတား၏ ထူးခြားချက် အနေဖြင့် တံတားတွင် အသုံးပြုရန်အတွက် သံမဏိ သံဘောင်များကို ပြည်ပမှပင် မှာယူတင်သွင်းကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ၀န်ကြီးမှ ပြောကြားခဲ့သည်။

သို့သော်လည်း တံတားဖွင့်လှစ်ပြီး ရက်သတ္တပတ် မပြည့်မီ ကာလတွင် ယခုကဲ့သို့ ချဉ်းကပ်လမ်းများ ကွဲအက် နိမ့်ကျရခြင်းမှာ အောက်ခံမြေသားများ ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ဖြစ်ဖွယ်ရှိကြောင်း ဒေသခံများမှ သုံးသပ်ကာ ပြောဆိုလျက် ရှိကြောင်း သိရှိရသည်။
\
သက္ကယ်ချောင်း မြစ်ကူးတံတားအား တွေ့ရစဉ်

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map