<div style='background-color: none transparent;'></div>

Home » » ဘုရားငါးများ မပေါ်ခဲ့သော်လည်း ကျောင်းတော်ရာ ငါးစာကျွေးဆိပ် ဖွင့်ပွဲသို့ နိုင်ငံအနှံ့မှ ဘုရားဖူးများ လာရောက်

ဘုရားငါးများ မပေါ်ခဲ့သော်လည်း ကျောင်းတော်ရာ ငါးစာကျွေးဆိပ် ဖွင့်ပွဲသို့ နိုင်ငံအနှံ့မှ ဘုရားဖူးများ လာရောက်



မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ နှစ်စဉ်ဝါဆို လပြည့်နေ့တိုင်း ဖွင့်လှစ်လေ့ရှိသည့် ကျောင်းတော်ရာ ဘုရားငါးစာကျွေးဆိပ် ဖွင့်ပွဲတွင် ဘုရားငါးများ မပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံ အနှံ့အပြားမှ ဘုရားဖူးများ လာရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်အထိ ၀ါတွင်းကာလတွင် ကျောင်းတော်ရာ ဘုရားအနီး မုန်းချောင်း၏ ဘူးသည်ကျေးရွာ ရေဆိပ်သို့ လာရောက်လေ့ ရှိခဲ့သော ဒေသခံများမှ ဘုရားငါးဟုခေါ်သည့် ငါးကြီးများ အုပ်စုလိုက် မလာရောက်ခဲ့သည်မှာ ဆယ်နှစ်ကျော် ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။

''ငါးကြီးတွေကို ဒီနေ့မနက် ၇ နာရီ အချိန်က ဧရာဝတီမြစ်ဝအထိ နှစ်စဉ်ကအတိုင်း သွားကြိုခဲ့ပေမယ့် အခုဖွင့်ပွဲပြီးတဲ့အထိ မတွေ့ရသေးပါဘူး။ အခုလိုငါးတွေ အလာနည်းသွားတာက ရာသီဥတု အခြေအနေ သဘာဝရဲ့ ပြောင်းလဲလာမှုတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် စက်တပ်ယာဉ်တွေနဲ့ ပိုက်ချ ဖမ်းဆီးမှုတွေကလည်း အဓိကကျပါတယ်'' ဟု ကျောင်းတော်ရာဘုရား ဂေါပကအဖွဲ့ဝင် ဦးကြည်စိုးက ပြောကြားသည်။

ထိုသို့ ဘုရားငါးကြီးများ အလာနည်း သွားခဲ့သောကြောင့် ငါးများ ပြန်ချိန်ကို သင်္ကေတထား စိုက်ပျိုးလေ့ ရှိခဲ့သည့် မုန်းချောင်းဘေးဝဲယာ တစ်လျှောက်မှ ဒေသခံ တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းများသို့လည်း သက်ရောက်မှု ရှိလာကြောင်း သိရသည်။

''အရင်ငါးတွေ ပုံမှန်လာစဉ်က ဒေသခံ ကိုင်းစိုက်သူတွေဟာ သီတင်းကျွတ်လို့ ငါးကြီးတွေ ပြန်သွားပြီဆိုရင် မြစ်ရေလုံးဝ ကျသွားပြီလို့ ယုံယုံကြည်ကြည်နဲ့ စိုက်ပျိုးကြတာ။ အခုနှစ်ပိုင်းမှာတော့ သီးနှံစိုက်ပြီးမှ ရေထပ်တက်လို့ ပျက်စီးတာတွေ ကြုံလာရတယ်။ ငါးတွေ အဓိကကြိုက်တဲ့ ထန်းသီးမုန့်ကျွေးတဲ့ ဓလေ့ သိပ်မရှိတော့တာ၊ နေဖို့နေရာကို တစ်နေရာတည်း အတည်တကျ သတ်မှတ်ထားတာတွေက ငါးတွေရဲ့ သဘာဝနဲ့ အံမကိုက်တော့ဘဲ အလာနည်းသွားတယ်လို့ ယူဆရတယ်'' ဟု ဘုရားငါးများ ပုံမှန်လာလေ့ ရှိစဉ်က ငါးစာကျွေးဆိပ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ဘူးသည်ကျေးရွာ ပိဋိကတ်တိုက်ကျောင်း ဆရာတော်က မိန့်ကြားခဲ့သည်။

ယခင်နှစ် ၀ါခေါင်လပြည့်ရက် ၀န်းကျင်က ဘုရားငါး အကောင်၂၀ ၀န်းကျင် လာရောက်ခဲ့ကြောင်း၊ နှစ်စဉ် ၀ါဆိုလပြည့်ရက် ၀န်းကျင်တွင် ငါးအများဆုံး လာလေ့ရှိကြောင်း ငါးစာကျွေးဆိပ် တာဝန်ခံ တစ်ဦးက ပြောကြားသည်။

ဘုရားဖူးငါးများ လာသည်ကို စောင့်မျှော်နေသည့် ဘုရားဖူးသူများအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်သူငြိမ်း၊ မကွေး)

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map