<div style='background-color: none transparent;'></div>

Home » » “ကျားနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ဖြစ်သွားသည့် လက်ထပ်ပြီးစ စုံတွဲ”

“ကျားနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ဖြစ်သွားသည့် လက်ထပ်ပြီးစ စုံတွဲ”




လက်ထပ်ပြီးကာစ မင်္ဂလာ မောင်နှံအနေဖြင့် ဓာတ်ပုံအတူတွဲ အရိုက်ခံနေစဉ် ကျားဝင်လာမှုကြောင့် တစ်သက်တာ အမှတ်တရ ပြန်ပြောင်းပြောပြနေစရာ ဓာတ်ပုံ မှတ်တမ်းလေး တစ်ခုကို ပိုင်ဆိုင်သွားခဲ့သည်။ ကာမာ မက်ဝစ်ခ်နှင့် အန်ဒရူး မက်ဝစ်ခ်တို့ နှစ်ဦးသည် ပြီးခဲ့သည့် သီတင်းပတ်က လက်ထပ်ခဲ့သည့်နောက် အလှဓာတ်ပုံများ ရိုက်ကူးရန် စီစဉ်ခဲ့ကြသည်။

၎င်းတို့ နှစ်ဦးသည် အင်္ဂလန်နိုင်ငံ၊ ဒီဗွန်ရှိ ပီယန်တန် တိရစ္ဆာန်ရုံတွင် မင်္ဂလာ ဝတ်စုံနှင့် စုံတွဲဓာတ်ပုံလေးများ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ကာမာနှင့် အန်ဒရူးတို့သည် မှန်ဖြင့် ကာထားသည့် ကျားလှောင်အိမ်ရှေ့တွင် ဓာတ်ပုံ အရိုက်ခံရန် ပြင်ဆင်နေခဲ့ကြသည်။ ထိုနေရာသည် သစ်တောလေး တစ်ခုသဖွယ် သဘာဝကျကျ အလှဆင်ထားသဖြင့် နောက်ခံရိုက်ကွင်းအတွက် ကင်မရာသမားများက ရွေးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် နှစ်ဦးသား ဓာတ်ပုံရိုက်နေစဉ် နောက်ဘက် မှန်ခန်းထဲမှ ကျားခေါင်းကြီးတစ်ခု ပေါ်လာခဲ့သည်။ ယင်းမှာ ဆူမာတြား ကျားမကြီး တစ်ကောင်က စုံတွဲနှစ်ယောက်ကြား မှန်နံရံအနားထိ ကပ်လာသဖြင့် ဓာတ်ပုံထဲတွင် မှတ်တမ်းဝင်သွားခြင်း ဖြစ်သည်။

မင်္ဂလာဆောင် ဓာတ်ပုံဆရာ ဗစ်ကီဘူလ်တာက "အံ့ဩစရာပဲဗျ။ ကာမာကို ကျွန်တော်တို့က သူ့ရဲ့ သတို့သမီး ဝတ်စုံကို နည်းနည်းလေး ခါပြီးဖြန့်ဖို့ ပြောနေတာ။ ကျားမကြီးက စက္ကန့်(၂၀)လောက်ပဲ အဲဒီနား ဝင်ရပ်နေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အမိအရ ဓာတ်ပုံရိုက်နိုင်ခဲ့တယ်။ သူ့ကြည့်ရတာ ကျွန်တော်တို့ကို ညစာလို့တောင် ထင်နေပုံပဲ"ဟု ပြောကြားခဲ့သည်။

အသက်(၃၀)အရွယ် သတို့သမီး ကာမာကမူ အဆိုပါ ဓာတ်ပုံကို Facebookပေါ် လွှင့်တင်ပြီး "အင်မတန် လန့်ဖို့ကောင်းတဲ့ အချိန်ပဲ။ ဘာပဲဖြစ်ဖြစ် တကယ့်ကို အံ့မခန်း အနှိုင်းမဲ့ မင်္ဂလာဆောင် ဓာတ်ပုံတော့ ဖြစ်သွားပြီ"ဟု ရေးသားခဲ့သည်။ အဆိုပါ ကျားမကြီး၏ အမည်မှာ ဘန်ဒါဖြစ်သည်။ ကာမာက "ကျွန်မတို့ရဲ့ အိမ်ထောင်သည် ဘဝကို ပျော်ရွှင်နေပါတယ်။ ပြီးတော့ ဘန်ဒါကိုလည်း မွေးစားချင်နေတယ်"ဟုလည်း အရွှမ်းဖောက်ခဲ့သေးကြောင်း သိရှိရသည်။

‎#tiger, ‎#couple
‎#PlanetMyanmar

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map