<div style='background-color: none transparent;'></div>

Home » » အဓမ္မပြုကျင့်ခံရသည်ဆိုသော သူငယ်တန်းကျောင်းသူနှင့် အတန်းဖော်နှစ်ဦးကို အုပ်ထိန်းသူ ကျောင်းထုတ်

အဓမ္မပြုကျင့်ခံရသည်ဆိုသော သူငယ်တန်းကျောင်းသူနှင့် အတန်းဖော်နှစ်ဦးကို အုပ်ထိန်းသူ ကျောင်းထုတ်




ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် မူလတန်းကျောင်းတစ်ကျောင်းတွင် အဓမ္မပြုကျင့် ခံခဲ့ရသည်ဟုဆိုသည့် သူငယ်တန်းကျောင်းသူ နှင့်အတူ နေထိုင်သည့် အတန်းဖော်ကျောင်းသူနှစ်ဦး တို့ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် အုပ်ထိန်းသူက ကျောင်းထုတ်သွားကြောင်း ကျောက်တန်း မြို့နယ်ပညာရေးမှူးက The Voice သို့ ပြောကြားသည်။

တည်းခိုခန်းပိုင်ရှင်က ခေါ်ယူမွေးစားထားသည့် အဆိုပါ အဓမ္မပြုကျင့်ခံရသည့် ကျောင်းသူသည် ဇွန်လ ၂၇ ရက်နေ့က နေမကောင်း ဟုဆိုကာ အုပ်ထိန်းသူက ခွင့်တိုင်ခဲ့ပြီး ကျောင်းထုတ်သွားသည့် အချိန်အထိ ကျောင်းပြန် မတက်ခဲ့ကြောင်း၊ အခြားနှစ်ဦးမှာ ခွင့်မဲ့ ပျက်ကွက်နေသဖြင့် စာသင်ကျောင်းသို့ လာရောက်တွေ့ဆုံရန် အုပ်ထိန်းသူကို အကြောင်းကြားခဲ့ကြောင်း မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ဆိုသည်။

ကလေးများကို မူလအုပ်ထိန်းသူဖြစ်သည့် ဗဟန်းမြို့နယ် တောင်ကြီးကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော်တစ်ပါးက ပြန်လည်ခေါ်ယူသွား၍ ကျောင်းထုတ်ခွင့်ပြုရန် တည်းခိုရိပ်သာ မန်နေဂျာက စာသင်ကျောင်းသို့ လာရောက် ပြောဆိုသဖြင့် နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ၎င်းကထပ်မံ ပြောဆိုသည်။

“အုပ်ထိန်းသူကိုယ်တိုင် ခွင့်တောင်းမှတော့ ခွင့်မပြုလို့မရဘူး” ဟု ကျောင်းအုပ်ဆရာကြီးက ပြောကြားသည်။

အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်သည် ၎င်းနေထိုင်ရာ တည်းခိုရိပ်သာအတွင်းရှိ ကောက်ရိုးပုံတွင် လူကြီးတစ်ဦးက အဓမ္မ ကျူးလွန်သည်ဟု မြို့နယ်ဆရာဝန်၊ ပညာရေးမှူး၊ အုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များရှေ့တွင် ထွက်ဆိုခဲ့ကြောင်း၊ တစ်ပတ်ခန့် အကြာတွင် အတန်းဖော် ကျောင်းသားတစ်ဦးက ကျူးလွန်ပါသည်ဟု ပြောင်းလဲထွက်ဆိုခဲ့၍ အတန်းဖော် သူငယ်တန်း ကျောင်းသား ၁၇ ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးရန် တောင်းဆိုခဲ့ကြောင်း ယင်းကျောင်းသားများ၏ မိဘများက The Voice သို့ ပြောကြားသည်။

အဆိုပါ ကျောင်းသူ၏ ဒဏ်ရာများသည် သာမန်ဒဏ်ရာ မဟုတ်ဘဲ အဓမ္မပြုကျင့်ခံရသည့် ဒဏ်ရာဖြစ်ပြီး ကလေးချင်း ကျူးလွန်ခြင်း လုံးဝမဖြစ်နိုင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မှုခင်းကျွမ်းကျင် ဆရာဝန်ကြီးများနှင့် ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ် ဆရာဝန်များ၏ စစ်ဆေးချက်ကို ကိုးကားကာ ကျောက်တန်းမြို့နယ် ဆရာဝန်ကြီးက ဆိုသည်။

အဆိုပါကျောင်းသူ အဓမ္မပြုကျင့်ခံရသည်ဟု ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ အုပ်ထိန်းသူ တည်းခိုခန်းပိုင်ရှင်ကို The Voice က ဆက်သွယ်မေးမြန်းခဲ့ရာ မီဒီယာမှတစ်ဆင့် ပြန်လည် ဖြေကြားလိုခြင်း မရှိကြောင်း ပြန်လည်ဖြေကြားသည်။

အဓမ္မပြုကျင့်ခံရသည့် သူငယ်တန်းကျောင်းသူမှာ ပအို့ဝ် တိုင်းရင်းသူတစ်ဦးဖြစ်ပြီး မြန်မာစကားကို ‘ဟုတ်ကဲ့’ စကားတစ်ခွန်းသာ ပြောဆိုတတ်ပြီး ကိစ္စတစ်စုံတစ်ရာရှိပါက ၎င်းနှင့်အတူနေ အတန်းဖော် ကျောင်းသူနှစ်ဦးတို့က တစ်ဆင့်ပြောဆို ဆက်ဆံရကြောင်း ကျောင်းအုပ်ဆရာကြီးက ဆိုသည်။

(အောင်မျိုးထက်)

The Voice Weekly
 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map