<div style='background-color: none transparent;'></div>

Home » » အသားပုပ်နံ့ထွက်သည့် အင်ဒိုနီးရှားမှ ထူးဆန်းသော ပန်းတစ်မျိုး ၀ါရှင်တန်၌ ပွင့်နေ

အသားပုပ်နံ့ထွက်သည့် အင်ဒိုနီးရှားမှ ထူးဆန်းသော ပန်းတစ်မျိုး ၀ါရှင်တန်၌ ပွင့်နေ



အင်ဒိုနီးရှား အမြဲစိမ်းတောများအတွင်း ပေါက်ရောက်လေ့ရှိသော အသားပုပ်နံ့ထွက်သည့် “မသာပန်း” ဟု ခေါ်ကြသော ပန်းတစ်မျိုးသည် ဇူလိုင် ၂၂ ရက်တွင် ၀ါရှင်တန်မြို့ရှိ ရုက္ခဗေဒ ဥယျာဉ်အတွင်း ပွင့်လာရာ ယင်းကကမ္ဘာလှည့်ခရီးသည်ပေါင်း များစွာကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ဥယျာဉ်မှ ပြောရေးဆိုခွင့်ရ အမျိုးသမီး လော်ရာကွန်ဒီလုချီက ပန်းပင်၏ ဆွဲဆောင်မှုကြောင့် ဥယျာဉ်သို့ ဇူလိုင် ၁၁ ရက်မှ ၂၁ ရက်အတွင်း လူပေါင်း ၉၈,၀၀၀ လာရောက်ခဲ့ရာ မယုံကြည်နိုင်စရာ အရေအတွက် ဖြစ်သည်ဟု ဆိုသည်။
ပန်းပင်ကို အနီးကပ် ကြည့်ရှုနိုင်ရန် စီတန်းနေကြသော လူအုပ်ကြီးထဲမှ အချို့သည် အနံ့ကို ကြိုရသွားကာ စိတ်ပျက်ခဲ့ရသည်ဟု ဆိုသည်။
Plant ဟုခေါ်သော အမျိုးအစားတွင် ကမ္ဘာ့အကြီးဆုံးဖြစ်သည့် Titan arum ဟုခေါ်သော ပန်းပွင့်သည် နောက်ထပ် ၂၄ နာရီမှ ၄၈ နာရီ ကြာသည်အထိ ပွင့်ချပ်များ ဆက်လက်ပွင့်နေဦးမည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။
အပင်များနှင့် ပတ်သက်သည့် ကျမ်းပြုပညာရှင် တစ်ဦးဖြစ်သော ဘီလ်မက်လပ်ဖလင်းက ဇူလိုင် ၂၂ ရက် ညနေ ၆ နာရီခန့်တွင် အဆိုပါပန်းပွင့်မှ ထွက်ပေါ်လာသည့် အပုပ်နံ့ကို စတင်သတိပြုမိခြင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။
သူက ယင်းအနံ့ကို ရရှိပြီးနောက် အော်ဂလီဆန်နေခဲ့ရာ ည ၁၁ နာရီအထိ အစားမစားနိုင် ဖြစ်ခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
ပထမဆုံး ပန်းအဖူးကို လက်ဖြင့်ထိကြည့်ရာ အပူများ ထွက်နေသည်ကို သိရှိရပြီးနောက် အပုပ်နံ့များ ထွက်ပေါ်လာခြင်းနှင့်အတူ ပွင့်အာလာခဲ့ကြောင်း သူက ပြောပြခဲ့သည်။
ယင်းအနံ့ကိုရပါက အနီးပတ်ဝန်းကျင်တွင် လူသေပုပ်များ ရှိနေသည်ဟု ထင်မှတ်လာလိမ့်မည်ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။
ပန်းပွင့်၏ အမြင့်သည် ရှစ်ပေ (၂ ဒသမ ၄ မီတာ)ရှိပြီး ၀တ်မှုန်ကူးခြင်းအတွက် အပုပ်နံ့ကြိုက်သည့် ပိတုန်းအမျိုးအစားများကို မြူဆွယ်နိုင်ရန် အပုပ်နံ့များ ထုတ်လွှတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါပန်းများ ပွင့်တတ်သည့်အချိန်မှာ ခန့်မှန်း၍မရဘဲ နှစ်ပေါင်းအတန်ကြာလျှင် တစ်ကြိမ် သို့မဟုတ် ဆယ်စုနှစ် အနည်းငယ်ကြာပြီးလျှင် တစ်ကြိမ် ပွင့်တတ်သည်ဟု ဆိုသည်။ ပန်းပွင့်သည် အပြည့်အ၀ ပွင့်လာပြီးနောက် ၂၄ နာရီမှ ၄၈ နာရီအတွင်းသာခံပြီး ကြွေကျသွားတတ်သည်ဟု ဆိုသည်။
ဝါရှင်တန် ရုက္ခဗေဒဥယျာဉ်က ယင်းပန်းပင် စိုက်ရန်အတွက် ပူနွေးသောနေ့ဘက်နှင့် ညဘက်အပူချိန်နှင့် စိုစွတ်မှုကဲ့သို့သော အထူးအခြေအနေရပ်များ လိုအပ်သည်ဟု ဆိုသည်။
ဝါရှင်တန် ရုက္ခဗေဒဥယျာဉ်တွင် ထူးဆန်းသော အဆိုပါအပင်ကို စိုက်ရန်အတွက် သဘာဝအတိုင်းထားသော နေရာတစ်ခုကို အသုံးပြုခဲ့သည်ဟု ဆိုသည်။
ယင်းပန်းပင် အမျိုးအစားကို ၁၈၇၈ ခုနှစ်က ပထမဆုံး စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အမေရိကန် ပြည်ထောင်စုရှိ ရုက္ခဗေဒ ဥယျာဉ်တွင် ၂၀၀၇ ခုနှစ်က နောက်ဆုံးပွင့်ခဲ့ကြောင်း သိရသည်။

EMG
Photo -App
 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map