<div style='background-color: none transparent;'></div>

Home » » တရုတ်တွင် ကလေးမွေးဖွားပေးခဲ့ရသော လူကုန်ကူးခံရသူ အမျိုးသမီး ပြန်ရောက်ရှိချိန်တွင် အမှုဖွင့်

တရုတ်တွင် ကလေးမွေးဖွားပေးခဲ့ရသော လူကုန်ကူးခံရသူ အမျိုးသမီး ပြန်ရောက်ရှိချိန်တွင် အမှုဖွင့်



တရုတ်နိုင်ငံတွင် ကလေးမွေးဖွား ပေးခဲ့ရသော လူကုန်ကူးခံရသူ အသက် ၂၂နှစ် အရွယ်အမျိုးသမီးသည် ရန်ကုန်သို့ ပြန်လည် ရောက်ရှိချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရဲစခန်းတွင် ကိုယ်တိုင်လာရောက် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက်နေ မအိပြည့်ဖြိုး ၂၂ နှစ်သည် ၂၀၁၁ ခုနှစ် ဧပြီလက တရုတ်နိုင်ငံသို့ လူကုန်ကူး ရောင်းချ ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့ကာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရဲစခန်းတွင် လူကုန်ကူးသူ မဇာနည်ထွန်း၊ ကိုညီနှင့် ကိုသူတို့ကို အရေးယူပေးရန် ကိုယ်တိုင်သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း မအိပြည့်ဖြိုးက The Vocie သို့ ပြောကြားသည်။

မအိပြည့်ဖြိုးသည် ၂၀၁၁ ခုနှစ် ဧပြီလ၌ တစ်ရပ်ကွက်တည်းနေ သူငယ်ချင်း မဇာနည်ထွန်းက မန္တလေးတွင် ကျောက်သွေး အလုပ်ဖြင့်တစ်လ ကျပ်၆သိန်းရမည် ပြောသဖြင့် လိုက်ပါသွားခဲ့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီမြို့သို့ ရောက်ရှိပြီး မဇာနည်ထွန်းနှင့် သူငယ်ချင်းများဖြစ်သည့် ကိုညီနှင့် ထိုသူတို့သုံးဦးသည် မိမိကိုတရုတ်လင်မယား ထံရောင်းချခဲ့ကာ ပြန်သွားခဲ့ကြောင်း၊ အဆိုပါ လင်မယားက တရုတ်အမျိုးသား မာခဒက်ထံသို့ တရုတ်ယွမ်ငွေ ၅၅,၀၀၀ နှင့် ထပ်မံ ရောင်းချခံခဲ့ရကြောင်း ၎င်းကပြောသည်။

မိမိသည် တရုတ်နိုင်ငံသားနှင့် အဓမ္မ လက်ထပ်ထိမ်းမြားခဲ့ရပြီး ၂နှစ်နှင့် သုံးလကြာ နေထိုင်စဉ်အတွင်း သားယောက်ျားလေး တစ်ဦး မွေးဖွားပြီးနောက် ခွင့်တောင်း ပြန်လာခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အမျိုးသမီးက The Voice သို့ ပြောကြားသည်။

“သမီးကိုတွေ့တော့ ရင်ထဲ ဆို့နင့်သွားတယ်။ မတွေ့ရတော့ဘူးလို့ကို ထင်ထားတာ။ သမီးနှစ်ယောက်ရှိတာ သူကအငယ်” ဟု မိခင်ဖြစ်သူ ဒေါ်ချိုချိုမြင့်က ပြောဆိုသည်။

လူကုန်ကူးသူ မဇာနည်ထွန်းကို ဇူလိုင် ၄ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် နေအိမ်တွင် အိပ်နေစဉ် ဖမ်းဆီးရမိကြောင်း သိရှိရသည်ဟု ၎င်းကပြောဆိုသည်။ အဆိုပါ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်ပြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အမှုစစ် ရဲအရာရှိက မိမိတွင် ဖြေဆိုခွင့် မရှိကြောင်း ဖြေကြားပြီး စခန်းမှူးထံ ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ခြင်း မရှိပေ။

မဇာနည်ထွန်း၊ ကိုညီနှင့် ကိုသူတို့ကို လိင်လူကုန်ကူးမှုဖြင့် အရေးယူပေးရန် မအိပြည့်ဖြိုး၏ တရားလိုပြုလုပ် တိုင်တန်းမှုကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲစခန်းတွင် (ပ) ၃၂၇/၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်း သိရှိရသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map