<div style='background-color: none transparent;'></div>

Home » » ကိုယ်ဝန်သည်အမျိုးသမီး အသတ်ခံရမှု ကျူးလွန်သူဟု သံသယရှိသူကို ရွှေဘိုတွင် ဖမ်းမိ

ကိုယ်ဝန်သည်အမျိုးသမီး အသတ်ခံရမှု ကျူးလွန်သူဟု သံသယရှိသူကို ရွှေဘိုတွင် ဖမ်းမိ


Monday, July 29, 2013

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကိုယ်ဝန်သည်အမျိုးသမီး အသတ်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု သံသယရှိနေသူ အမျိုးသားကို ဇူလိုင်လ ၂၆ရက်နေ့ နေ့လယ် ၁ နာရီက ၎င်းမိဘများ၏ ဇာတိဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ်ရှိ လှတောကျေးရွာတွင် ဖမ်းမိခဲ့ကြောင်း လှတောရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါသံသယရှိသူ ကိုပြည့်ဝအောင်ကို လှတောကျေးရွာရှိ လက်ေဖက်ရည်ဆိုင်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စည်းရုံးကာ လှတောရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းသည် ရွှေဘိုမြို့ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် နေထိုင်ခဲ့ကြောင်း ၎င်း၏ ထွက်ဆိုချက်ကို ကိုးကား၍ လှတော ရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

ကိုပြည့်ဝအောင်သည် အဆိုပါ အမျိုးသမီးနှင့် ကန်ဘောင်တွင် စကားများ ရန်ဖြစ်ရာမှ လုံးထွေးကာ တစ်ဦးနှင့်တစ်ဦး လည်ပင်းညှစ်ရင်း ကိုပြည့်ဝအောင်က အမျိုးသမီး ဗိုက်ပေါ်တက်၍ လည်ပင်းညှစ်ခဲ့ပြီး ရေကန်ထဲသို့ ပစ်ချခဲ့ကြောင်း၊ ထို့နောက် ရေကန်ထဲကျနေသူ အမျိုးသမီးကို ထပ်မံဆယ်ယူ၍ လယ်ကွင်းထဲသို့ ရွှေ့ပြောင်းခဲ့ပြီး အမျိုးသမီး အလောင်းပေါ်တွင် ဝါးကတ်ဖြင့် ဖုံးအုပ်ခဲ့ကြောင်း ကိုပြည့်ဝအောင်၏ ပြောကြားချက်ကို ကိုးကား၍ လှတောရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

ဇူလိုင်လ ၂၃ ရက် နံနက် ၉နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ဒီဇင်ဘာအိမ်ရာ၏ လယ်ကွင်းထဲတွင် အသက် ၂၁ နှစ်အရွယ်ရှိ မအေးအေးအောင်နှင့် ၎င်းဘေးတွင် မွေးကင်းစ ကလေးတို့၏ ပုပ်ပွနေသည့် အလောင်းကို တွေ့ရှိရပြီး ဆရာဝန်၏ စစ်ဆေးချက်အရ အမျိုးသမီးသည် ဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု အတည်ပြုခဲ့သဖြင့် လူသတ်မှုဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိရာ သုံးရက်အကြာတွင် ၎င်းကိုသတ်သည်ဟု သံသယရှိသူကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ အမျိုးသမီးကို ဇူလိုင်လ ၁၉ ရက်နေ့ည ၈ နာရီက ကိုပြည့်ဝအောင်က ရွာသာကြီးရှိ သားငါးအအေးခန်းစက်ရုံမှ ခေါ်ဆောင်သွားခဲ့ရာမှ စတင်ပျောက်ဆုံးခဲ့ပြီး လေးရက်အကြာ ဇူလိုင်လ ၂၃ ရက်နေ့တွင်က ငါးဖမ်းသူ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူသတ်မှုကို (ပ) ၆၀၂/၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map