<div style='background-color: none transparent;'></div>

Home » » တွံတေးတွင် အမျိုးသမီး တစ်ဦး ခေါင်းဖြတ် အသတ်ခံရ

တွံတေးတွင် အမျိုးသမီး တစ်ဦး ခေါင်းဖြတ် အသတ်ခံရ



ရန်ကုန်၊ ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကလိတော ကျေးရွာအုပ်စု ကြည်တန်း ကျေးရွာရှိ ကွမ်းခြံ တစ်ခုတွင် ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီက အသက် ၅၇ နှစ်အရွယ် ဒေါ်စိန်သန်းဆိုသူ အမျိုးသမီး တစ်ဦး ခေါင်းဖြတ် အသတ်ခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

ဒေါ်စိန်သန်း (ခ) ဒေါ်သန်းမြင့်ကို နေအိမ်တွင် မတွေ့သဖြင့် အိမ်နီးချင်းဖြစ်သူ ဒေါ်တင်တင်မျိုးက ဒေါ်စိန်သန်း၏ သားဖြစ်သူ ဦးပဉ္စင်း ဦးဇာနေယျကို မေးမြန်းကြည့်ရာ ကွမ်းခြံတွင်ရှိကြောင်း မိန့်သဖြင့် နေအိမ်နှင့် ကိုက် ၁၀၀ ခန့်သာ ဝေးသော ကွမ်းခြံသို့ လိုက်သွားရာမှ ခေါင်းပြတ် သေဆုံးနေသည့် ဒေါ်စိန်သန်း (ခ) ဒေါ်သန်းမြင့် ၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ၊ ၎င်းတို့ မိသားစုတွင် ရန်ငြိုးရန်စ ရှိသည်ဟု မကြားမိကြောင်း ကလိတော ကျေးရွာအုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“သူတို့အိမ်က ကွင်းထဲမှာ နေတာဆိုတော့ အလှမ်းဝေးပါတယ်။ ဘယ်လို စဖြစ်တယ်ဆိုတာကို မသိရဘူး” ဟု အဆိုပါ ကျေးရွာတွင် နေထိုင်သူ အသက် ၃၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။

ခေါင်းပြတ် သေဆုံးသည့် အမျိုးသမီး ရုပ်အလောင်းကို တွံတေး မြို့နယ် ဆေးရုံသို့ ပေးပို့ထားပြီး ခေါင်းဖြတ် သတ်သူကို စုံစမ်းနေဆဲ သာဖြစ်ကြောင်း အဆိုပါ သေဆုံးမှုကို ကိုင်တွယ် စစ်ဆေးသည့် ရဲအရာရှိ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဦးခေါင်းပြတ် သေဆုံးမှုကို (ပ)၆၃/၂၀၁၃၊ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ခလောက်ချိုက် ရဲစခန်းမှ စုံစမ်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ဖြူးမြို့နယ် သပြေလှ ကျေးရွာအနီးရှိ ရန်ကုန်-မန္တလေး အမြန် လမ်းဘေးရှိ မိုင်တိုင် အမှတ် ၁/၁၄ အနီး ချောင်းကူး တံတားအောက်တွင် ပီနံအိတ်ဖြင့် ထည့်ထားသည့် အသက် ၃၀ ခန့် အရွယ်ရှိ အမျိုးသမီး တစ်ဦး၏ ဦးခေါင်းပြတ်နေသော ကိုယ်ခန္ဓာကို တွေ့ရှိခဲ့ပြီး နှစ်မိုင် အကွာတွင် ဦးခေါင်းကို တွေ့ရှိခဲ့ကာ ယင်းခေါင်းဖြတ် အသတ်ခံရသော အမျိုးသမီးမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို ငါးလ ကြာမြင့်သည့်တိုင် ရဲတပ်ဖွဲ့က ဖော် ထုတ်နိုင်ခြင်း မရှိသေးပေ။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map