<div style='background-color: none transparent;'></div>

Home » » မလေးရှားသို့ မြန်မာလုပ်သား ပြန်ပို့ခွင့်ပြု

မလေးရှားသို့ မြန်မာလုပ်သား ပြန်ပို့ခွင့်ပြု



အလုပ်သမား ဈေးကွက်ပျက်မည့် အခြေအနေကို စိုးရိမ်သဖြင့် မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမား ပို့ဆောင်ခွင့်ကို ဇူလိုင်လ ၂၉ ရက်နေ့ မှ စတင်ကာ ပြန်လည် ခွင့်ပြုပြီ ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

အလုပ်သမား ပို့ဆောင်ခွင့် ရပ်ဆိုင်းထားသဖြင့် အေဂျင်စီများ အခက်အခဲ ကြုံတွေ့နေရပြီး မလေးရှား နိုင်ငံ၏ အခြေအနေမှာလည်း တည်ငြိမ်နေပြီ ဖြစ်သဖြင့် ပြန်လည် ပို့ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ အလုပ်သမား များ လုံခြုံရေးနှင့် အခက်အခဲ မကြုံတွေ့ရန် စနစ်တကျ စိစစ် ခွင့်ပြုသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဓိကတော့ အလုပ်သမား ဈေးကွက် မပျက်စေချင်လို့ပါ” ဟု ဦးမျိုးအောင် က ရှင်းပြသည်။

အလုပ်သမား ပို့ဆောင်ခွင့် ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်သဖြင့် ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကာ အလုပ်သမားကတ် (Smart Card) များ စတင် လုပ်ဆောင်နိုင်ပြီး အလုပ်သမား ပို့ဆောင်နိုင်ပြီ ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားသည်။

မလေးရှားနိုင်ငံရောက် မြန်မာများ မေလကုန်နှင့် ဇွန်လဆန်းပိုင်းတွင် အကြမ်းဖက်ခံရ၍ ငါးဦးထက် မနည်း သေဆုံးခဲ့သဖြင့် အလုပ်သမား ပို့ခွင့်ကို ဇွန်လ ၁၃ ရက်နေ့တွင် ယာယီ ဆိုင်းငံ့ခဲ့ပြီး တစ်လခွဲကျော် အကြာတွင် ပြန် လည် ခွင့်ပြုခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံသို့ လုပ်သားပို့ခွင့် ပြန်လည် ခွင့်ပြုရန် အေဂျင်စီများ တာဝန် ယူရမည့် အချက် ကိုးချက်ကို ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အသင်းချုပ်က အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် ဇူလိုင်လ ၁၃ရက်နေ့က တွေ့ဆုံစဉ် တင်ပြ တောင်းဆိုခဲ့ကြသည်။

ယင်းအချက်များမှာ Demand Letter မှန်ကန်ရန်၊ စက်ရုံ အမည်နှင့် လိပ်စာ မှန်ကန်ရန်၊ စက်ရုံမှာ အေးချမ်းသော ဒေသဖြစ်ပြီး မြန်မာများ အန္တရာယ် ကင်းသည့်နေရာ ဖြစ်ရန်၊ လစာနှင့် ခံစားခွင့် တင်ပြသည့်အတိုင်း ရရန်၊ မလေးရှားနိုင်ငံ ဥပဒေအတိုင်း အကျိုးခံစားခွင့် ရရန်၊ ထိခိုက်၊ သေဆုံးပါက နစ်နာကြေး၊ လျော်ကြေးရရန်၊ အလုပ်သက်တမ်း ကုန်ပါက လေယာဉ် လက်မှတ် ရရန်၊ လုပ်သားများ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက် လျှင် စေလွှတ်သည့် အေဂျင်စီက တာဝန်ယူ အကုန်အကျခံကာ ဖြေရှင်းရန်၊ တာဝန်ယူ ဆောင်ရွက်ခြင်း မရှိလျှင် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနနှင့် MOEAF အရေးယူခံရမည် ဆိုသည့် အချက်များ ဖြစ်သည်။

လုပ်သားပို့ခွင့် ရပ်ဆိုင်းထားသဖြင့် အလုပ်ခေါ်စာ သက်တမ်းများ ကုန်ဆုံးမည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ သိရှိရသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံမှ ပြန်လာသူ သုံးထောင်ကျော်ရှိပြီ ဖြစ်ပြီး နောက်ထပ် ပြန်လာရန် လုပ်ဆောင်နေသူ ၂၆၀၀ ခန့် ကျန်ရှိနေသေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map