သင်္ကြန်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ
အပြတ်နွှဲမယ်လို့ အားခဲထားတဲ့ မြန်မာပြည်သားတွေအတွက် မြို့တွင်းပတ်လည်
ကျူံးထောင့်တွေမှာ မြန်မာဘာသာနဲ့ ဒီလို ကြေညာချက် ရေးထားတယ်နော်။
အရင်နှစ်တွေက ထိုင်းလိုပဲ ရေးထားတော့ ကိုယ့်နဲ့ မဆိုင်သလိုလိုပဲ ... ဖတ်မှ
မဖတ်တတ်တာ ... မဟုတ်ဘူးလား။ ဒီနှစ်တော့ ထိုင်း၊ အင်္ဂလိပ်၊ မြန်မာ၊ တရုတ်
လေးဘာသာနဲ့ ရေးထားတယ်။
မြန်မာစာရေးဖို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ချင်းမိုင်ရှိ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းကို အကူအညီ တောင်းလာတယ်။ မြန်မာနိုင်ငံသား အများစုကတော့ မိခင်မြန်မာစာကို မြင်ရ၊ ဖတ်ခွင့်ရတဲ့အပေါ် ဂုဏ်ယူနေကြသလို တချို့ကတော့ မြန်မာနိုင်ငံသားတွေ အပျော်လွန်ပြီး ပြဿနာ မတက်ဖို့ကို သတိပေးတာ အချင်းချင်း လက်တို့ကြပါတယ်။
ဒါပေမယ့် သတိပေး ပိုစတာတွေကို သေချာဖတ်ကြည့်လိုက်တော့ စာလုံးပေါင်းက မှား၊ အကျအပေါက်ကလည်း ရှိနေတာ တွေ့ရတာမို့ စစ်စစ်ပေါက်ပေါက် ကြည့်သူတွေကတော့ ဝေဖန်ကြမှာ အသေအချာပါပဲ။
“ဘာကြောင့် မြန်မာလိုရေးလဲ” ဆိုတော့ နှစ်စဉ်နှစ်တိုင်း သင်္ကြန်ပွဲတော်ကို ဆင်နွှဲတဲ့ သူတွေထဲမှာ မြန်မာနိုင်ငံသားတွေ များသည်ထက် များလာတယ်လို့ ဆိုတယ်။
လက်ရှိ ချင်းမိုင်မြို့တော်ဝန် တက်လာပြီးကတည်းက သင်္ကြန်ရောက်လာရင် မြန်မာ့ယဉ်ကျေးမှု သင်္ကြန်အကကိုပါ ထည့်သွင်းခဲ့တာ ဒီနှစ်ပါဆိုရင် ၃ နှစ်ဆက်တိုက် ရှိသွားပြီ။ ဒီနှစ်အတွက်လည်း ဖိတ်ကြားခံရတော့ ချင်းမိုင်ရောက် မြန်မာသင်္ကြန်မယ်တွေ အလုပ်သိမ်းတာနဲ့ ဝပ်ဆိုင်းဘုန်းကြီးကျောင်းမှာ သင်္ကြန်အက တိုက်နေကြပြီ ဖြစ်ပါကြောင်း။
ငြိမ်းဇော်
(ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ)

0 comments:
Post a Comment